လွှတ်တော်ကိုယ်စားလှယ်တွေ တိုးမြှင့်လစာခံစားခွင့်ရှိမှာဖြစ်တဲ့ အကြောင်းမေးမြန်းချက်
2015.01.20
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးရဲ့လစာကို ကျပ် ဆယ်သိန်း၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးရဲ့လစာကို ကျပ် ငါးသိန်း တိုးပေးဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့အပေါ် နိုင် ငံတော်သမ္မတ ဦးသိန်းစိန်က တဖြည်းဖြည်းချင်းသာ တိုးမြှင့်ဖို့ဆိုပြီး ပြည်ထောင်စုလွှတ်တော်ထံ မနေ့က သဝဏ် လွှာပေးပို့ခဲ့ပါတယ်။
အဲ့ဒီသဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက ကန့်ကွက်ပြီး ပယ်ချလိုက်တာကြောင့် ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာနှစ်ကစပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့အတိုင်း လွှတ်တော်ကိုယ်စားလှယ်တွေ လစာခံစားခွင့်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုကျော်သူ။ ။အန်ကယ်လ်ခင်ဗျ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာနဲ့ချီးမြင့်ငွေတွေကို ဖြေးဖြေးချင်း တိုးမြှင့်ပေးဖို့ သမ္မတကသဘောထားကို ပြည်ထောင်စုလွှတ်တော်က ပယ်ချလိုက်တယ်လို့သိရလို့ပါ၊ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ပေါ့လေ အန်ကယ်လ် ဘယ်လိုများနားလည်ထားပါလဲဗျ။
ဦးရဲထွန်း။ ။သမ္မတအနေနဲ့ကတော့ ဒီလိုလုပ်လိုက်လို့ရှိရင် တိုးလာမယ့်ငွေပမာဏ ဘယ်လောက် ဘယ်လောက်ရှိတယ်လို့ တွက်ချက်ပြပြီးတဲ့အခါကျတော့ ဒီအုပ်ချုပ်ရေးပိုင်းက ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီးတော့မှ ဘယ်လောက်တိုးသင့်တယ်ဆိုတဲ့ဥစ္စာကို ဖြစ်သင့်တယ်ပေါ့နော်၊ ဒီလို ၁ဝ သိန်းတို့ နေ့တွက်ကို ၂ဝဝဝဝ တို့၊ ပြည်နယ်နဲ့တိုင်းဒေသကြီးတို့မှာ ၅ သိန်းတို့ အဲ့ဒါမျိုးတစ်ခါတည်း မသက်မှတ်ပဲနဲ့ သူတို့နဲ့တိုင်ပင်သင့်တယ် လို့ သူကတော့ အဓိကအားဖြင့် အဲ့သလိုတွေ ထောက်ပြတာပေါ့၊ အဲ့ဒီခါကျတော့ ကျနော်တို့ လွှတ်တော်အစည်းအဝေး အရန်ပူးပေါင်းကော်မတီကတော့ ဒါနဲ့ပတ်သက်လို့ အရင်နဂိုင်မတင်ခင်ကတည်းကိုက သေချာဆွေးနွေးထားပြီးသားဖြစ် တဲ့အတွက်ကြောင့် သမ္မတရဲ့ သဘောထားမှတ်ချက်ကို ပယ်လိုက်တာပေါ့။
ကိုကျော်သူ။ ။ဥပဒေပြုရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ကြားမှာပေါ့လေ အပြန်အလှန်ထိန်းညှိဖို့ရာမှာ ဒီအစိုးရဘက်က ဝန်ကြီးတွေရတဲ့လစာစားရိတ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လစာစားရိတ်တွေက ကွာခြားမှုတွေ ရှိနေတယ်ဆိုတာကရော အဆင့်ခြင်းဆိုလို့ရှိရင် ဒါချိန်ကြည့်လို့မရဘူးပေါ့လေ၊ အဲ့ဒီအပေါ်မှာရော အန်ကယ်လ် ဘယ်လိုဖြစ်သင့်လဲဗျ။
ဦးရဲထွန်း။ ။မူလဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြဌါန်းပြီးတော့ လွှတ်တော်တွေပေါ်ပေါက်တဲ့ အချိန်မှာကိုပဲ နိုင်ငံကိုစီမံခန့်ခွဲတဲ့လူတွေရဲ့စိတ်ထဲမှာ လွှတ်တော်ကို ညီညာမျှတတဲ့လွှတ်တော်အနေနဲ့ ရည်ရွယ်ခဲ့ပုံလည်းရပါတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့ လွှတ်တော်ကျင်းပတဲ့သက်တမ်းလည်း တစ်နှစ်ကို တစ်ကြိမ်ကျင်းပရသည်ဆိုပြီးတော့ အဲ့လိုသက်မှတ်ထားပြီးတော့ တစ်နှစ်ကိုတစ်ကြိမ်ပဲ အစည်းအဝေးခေါ်ရင်တောင်မှ သူကဒါဥပဒေနဲ့ညီတယ်၊ အဲ့ဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း သူကဒီလောက်ပဲပေးထားပြီးလို့ရှိရင် ကိုယ်အလုပ်ကိုယ်လုပ်၊ ကိုယ့်စီးပွားကိုယ်ရှာပေါ့၊ တစ်နှစ်မှာ တစ်ခါနှစ်ခါလောက်ပဲခေါ်ပြီးတော့ အစိုးရရဲ့ ဘက်ဂျက်တွေကနေ သူသိတာပဲလုပ်၊ အဲ့လိုရည်ရွယ်ထားတာလည်း ဖြစ်ကောင်းဖြစ်နေမှာပေါ့၊ ဒါောကာင့်မို့လို့ ကျနော်တို့ကို ပေးထားတဲ့ခံစားခွင့်တွေက ဝန်ကြီးတွေဘာတွေပေးထားတဲ့ ခံစားခွင့်တွေနဲ့ တအားကွာဟနေတာပေါ့၊ ကျနော်တို့ နိုင်ငံတကာကိုလေ့လာကြည့်တဲ့အခါကျတော့ ဝန်ကြီးရဲ့ခံစားခွင့်ထက် လွှတ်တော်ကိုယ်စားလှယ်တွေ ရရှိတဲ့ခံစားခွင့်က သိပ်မကွာဘူးပေါ့၊ အခု ကျနော်တို့ ၁ဝ သိန်းဆိုလို့ရှိရင် သူတို့က ၂ဝ ဆိုရင်ဖြစ်သင့်တဲ့ အတိုင်းအတာလို့ ကျနော်တို့ ယူဆတယ်ပေါ့လေ၊ သို့သော်တဘက်ကကျတော်လည်း လွှတ်တော်ကိုယ်စားလှယ် တကယ်အလုပ်လုပ်ရမယ်ပေါ့လေ၊ အဲ့လိုတကယ်အလုပ်လုပ်လို့ရှိရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေ ရရှိခံစားခွင့်တွေက စီးပွာဒးရေးကို ရရှိခံစားခွင့်တွေရှိတဲ့အခါကျတော့ ပိုပြီးတော့လုပ်နိုင်တဲ့ အမောက်ပမာဏရှိတယ်လို့ ကျနော်ယူဆပါတယ်။
ကိုကျော်သူ။ ။အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ ဒီလွှတ်တော်ကိုယ်စားလှယ် အမတ်တွေရဲ့ကြားထဲမှာ အဆင့်အတန်းချင်းတူညီဖို့ရာမှာပေါ့လေ လစာတူညီသက်မှတ်ရေးက လစာတူညီမှုက အဓိကကျမလား ဒါမှမဟုတ် လုပ်နိုင်မယ့် အရည်အချင်းတွေကပဲ အဓိကကျမလား နှစ်ဘက်အပြန်အလှန် ထိန်းကျောင်းဖို့ရာပေါ့လေ ဘယ်လိုယူဆပါသလဲဗျ။
ဦးရဲထွန်း။ ။ဒီလစာအနေနဲ့ ခံစားခွင့်တွေ ချီးမြှင့်ငွေတွေနဲ့ပတ်သက်လို့ကတော့ အုပ်ချုပ်ရေးပိုင်း မှာ ပြည်ထောင်စုအဆင့်ဝန်ကြီးတို့ ဘာတို့ဆိုတဲ့ဥစ္စာကတော့ တကယ်ကိုတာဝန်ယူပြီးတော့ တာဝန်ခံ ပြီးတော့ ဆောင်ရွက်နေကြရတာဖြစ်တာပေါ့၊ လွှတ်တော်ကိုယ်စားလှယ်မှာကျတော့ သူနဲ့မတူညီတဲ့ တာဝန်ကိုထမ်းဆောင်ရတယ်၊ မထမ်းဆောင်ပဲနဲ့လည်း နေလို့ရှိရင်ရတာပေါ့၊ သူကမထမ်းဆောင်ပဲနဲ့ ခိုနေတယ်ဆိုလို့ရှိရင်လည်း တခြားတာဝန်သိသိ ထမ်းဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ နှိုင်းယှဉ်လိုက်လို့ရှိရင်တော့ ဒီလွှတ်တော်ကိုယ်စားလှယ်က အလုပ်လုပ်သလား၊ မလုပ်ဘူးလားဆိုတာတော့ ပေါ်တာပေါ့ဗျာ၊ တကယ့်တကယ် အလုပ်လုပ်တဲ့ ကိုယ်စားလှယ်ဆိုရင်တော့ သူ့ရဲ့မဲဆန္ဒနယ်မြေက သိသိသာသာကို တိုးတက်ကောင်းမွန်တာကို ကျနော်တို့တွေ့ရတယ်၊ ဆိုလိုတာက အလုပ်ချင်းတော့ မတူဘူးပေါ့ လွှတ်တော်ကိုစားလှယ်က ပိုပြီးတော့ ကျယ်ပြန့်ပြီးတော့ အလုပ်အစုံပေါ့၊ ပေါင်းစပ်ညှိနှိုင်းတာ၊ ကြီးကြပ်တာ၊ ထိန်းကျောင်းတာအကုန်ပြောတော့ ဗဟုသုတတော့ ပိုပြည့်စုံဖို့လိုတာပေါ့နော်၊ မြို့နယ်မှာဆိုရင်တော့ သူကပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သြဇာအရှိန်အဝါအမြင့်ဆုံး ပုဂ္ဂိုလ်လည်းဖြစ်တာပေါ့။
ကိုကျော်သူ။ ။သမ္မတရဲ့သဘောထားမှတ်ချက်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာတွေကို တဖြေးဖြေးချင်းမှ တိုးသင့်တယ်ကိစ္စက ဒီလွှတ်တော်မှာလည်း ပြန်ပြီးဆွေးနွေးမယ်ဆိုတော့ အဲ့ဒီတော့ ရှေ့ဆက် အလားအလာပေါ့လေ ဘယ်လိုများမြင်မိလဲ၊ အန်ကယ်လ် သုံးသပ်ချက်လေး သိပါရစေချင်ဗျ။
ဦးရဲထွန်း။ ။လွှတ်တော်ကတော့ ပြန်မဆွေးနွေးတော့ဘူးပေါ့၊ အခုဥပဒေကြမ်းကော်မတီက သမ္မတ ရဲ့မှတ်ချက်ကို ပယ်လိုက်တယ်၊ ကျနော်တို့ကတော့ သမ္မတရဲ့သဘောထားမှတ်ချက်ကို ဒီလိုပယ်လိုက်ပြီဗျာလို့ ပြောပြီး တဲ့အခါကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ဒီမိုကရေစီအခွင့်အရေးပေးတဲ့အနေနဲ့ ကိုင်း ခင်ဗျားတို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒါနဲ့ပတ်သက်လို့ မဆွေးနွေးခင် သမ္မတရဲ့သဘောထားမှတ်ချက်ကို ထောက်ခံသလား ကျနော်တို့ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ သဘောထားကို ထောက်ခံသလားဆိုပြီးတော့ ဆွေးနွေးနိုင်ပါတယ်ဆိုပြီး နာမည်စာရင်းတင်ခိုင်းတာပေါ့၊ ဖြစ်လေ့ဖြစ်ထရှိတာကတော့ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ သဘောထားက အမှန်ရလေ့ရှိတယ်ဆိုတော့ ဒါကဥပဒေအဖြစ်နဲ့ထွက်လာမယ့်သဘော သေချာသလောက်ဖြစ်နေတာပေါ့၊ ၄ လ ပိုင်းလောက်ဆိုရင် ကျနော်တို့ လာမယ့်ဘက်ဂျက်ကစပြီးတော့ ရမယ်လို့သိရပါတယ်။
ကိုကျော်သူ။ ။အန်ကယ်လ် အခုလိုဖြေကြားပေးတာ ကျေးဇူးပါဗျ။
ဦးရဲထွန်း။ ။ဟုတ်ကဲ့ပါဗျ။