ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာနဲ့ မေးမြန်းချက်


2015.01.19

ဒီလ ၁၄ ရက်နေ့က ကေအိုင်အေက ထိန်းသိမ်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဒီနေ့ ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင်တွေ သွားရောက်ခေါ်ယူပြီး ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံ ပြန်လည်အပ်နှံမယ်လို့ သိရ ပါတယ်။

ရဲတပ်ဖွဲ့ဝင် ၃ ဦးကို သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မဝေမာထွန်း။             ။ကေအိုင်အိုဘက်က ထိန်းသိမ်းထားတဲ့ရဲ ၃ ယောက်ကိုသွားခေါ်တာကရော ဆရာတို့ဘယ်လို အခြေအနေမျိူးရှိပါလဲလို့ရှင့်။

ဦးလမိုင်ဂွန်ဂျာ။           ။အခုကျနော်တို့နဲ့ပါလာတယ် ကားပေါ်မှာ သူပါလာတယ်ဗျ၊ သူတို့ဆီမှာ ရောက်ပြီးမှ ၄ နာရီ အချိန် လက်ခံယူခဲ့ပြီဗျ၊ ကျနော်တို့က ဖားကန့်ကနေပြီးမှ ညနေ ၂ နာရီလောက်မှာ ထွက်ပြီးတော့ ကေအိုင်ကေစခန်းရှိ တဲ့နေရာမှာ သွားခေါ်တယ်ဗျ၊ အဲ့ဒါကို ဒီညနေ ၄ နာရီမှာ လက်ခံယူခဲ့ပြီးတော့မှ ကျနော်တို့ ပြန်လာပြီဗျ၊ ဖားကန့် ကိုပြန်လာပြီဗျ၊ ဖားကန့်မှာ ကျနော်တို့ မြို့နယ်မှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး လက်ထဲမှာ ကျနော်တို့ သွားအပ်မှာဖြစ်ပါ တယ်ဗျ။

မဝေမာထွန်း။             ။ပိတ်မိနေတဲ့ရွာတွေကော ဆရာတို့ ဘယ်လိုမျိုးများ တွေ့ခဲ့ရပါလဲရှင့်။

ဦးလမိုင်ဂွန်ဂျာ။           ။အဲ့ဒါကတော့ ကျနော်တို့မတွေ့ရသေးဘူးဗျ၊ အဲ့ဒါကတော့ ကျနော်တို့ ဒီမှာ တပ်မမှူးနဲ့တွေ့ပြီးမှ ကျနော်တို့ ခွင့်တောင်းထားပါတယ်ဗျ၊ သွားဖို့တော့စီစဉ်နေပါတယ်ဗျ၊ ဒီညတော့ မိုးချုပ်ပြီလေ မသွားနိုင်တော့ဘူး၊ မနက်ဖြန်မှ သွားမှာဗျ။

မဝေမာထွန်း။             ။ဒီနေ့မနက်ပိုင်းမှာကျတော့ရော အစိုးရဘက်ပိုင်းကသူတွေနဲပပေါ့နော် ဆရာတို့တွေ့တယ်လို့ ကြားရပါတယ်ဆရာ၊ အဲ့ဒီမှာရော ဘာတွေပြောဆိုဖြစ်ပါလဲရှင့်။

ဦးလမိုင်ဂွန်ဂျာ။           ။တခြားတော့မဟုတ်ပါဘူး၊ ဒီမှာအကြီးအကဲဖြစ်တဲ့ တပ်မ (၆၆) တပ်မမှူးနဲ့ တွေ့တာဗျာ၊ ဒီမှာတွေ့ပြီးတော့မှ ကတ်ဆီမှာ တနေကုန်မေးမြန်းတာပါ၊ အဲ့မှာမေးမြန်းပြီးတော့ ကျနော်တို့ ပြည်သူလူထုနဲ့တွေ့ဖို့ဆိုပြီး ကျနော်တို့ခွင့်တောင်းတယ်၊ သူတို့လည်း ခွင့်ပြုပေးတာပဲ၊ ဒီနေ့သွားဖို့အတွက်လည်း ဒါပေမယ့် ဒီမှာက အဓိကအရေး ကြီးတဲ့ ရဲအရာရှိ ၃ ယောက်ကို သွားခေါ်ဖို့အတွက် အရင်ဦးစားပေးသွားနေရတယ်ဖြစ်တယ်၊ အဲ့ဒီအတွက်ကြောင့်မို့လို့ မနက်ဖြန်မှပဲ ကျနော်တို့ ကန်ဆီးကိုသွားရမှာဖြစ်တယ်ဗျ။

မဝေမာထွန်း။             ။မနက်ဖြန်ကျတော့ ကန်ဆီးကိုသွားမယ်ပေါ့နော် ဆရာ၊ သွားပြီးတော့တော့ရော ဆရာ ဘယ်လိုတွေဆောင်ရွက်သွားဖို့ရှိလဲဆရာ။

ဦးလမိုင်ဂွန်ဂျာ။           ။ဘယ်လိုဆောင်ရွက်မလဲဆိုတော့ ဟိုမှာရှိတဲ့ရွာသူရွာသားတွေကို သွားတွေ့ပြီးမှ သူတို့ ရဲ့အခြေအနေကို သွားတွေ့ပြီး သူတို့အဲ့မှာပဲ အဆင်ပြေတယ်ဆိုလည်း တမျိုးပေါ့၊ သူတို့ တကယ်လို့အဆင်မပြေလို့ ဖားကန့်ကိုရွေ့လာချင်တယ်ဆိုရင်လည်း ကျနော်တို့ သက်ဆိုင်ရာ ဌါနဆိုင်ရာအားလုံနဲ့ ဒီတပ်မတွေနဲ့ ကျနော်တို့ ညှိနှိုင်းပြီးတော့မှ နောက်ထပ်ပြီးတော့မှ ဘယ်လိုခေါ်ဆောင်လာမလဲဆိုတဲ့ဟာ ကျနော်တို့နဲ့ ညှိနှိုင်းမှာဖြစ်တယ်ဗျ။

မဝေမာထွန်း။             ။မနေ့ညပိုင်းကလည်း ဖားကန့်ဘက်က တံတားတချို့ပေါ့၊ ကေအိုင်အိုဘက်က မီးရှို့တယ် ဆိုတဲ့သတင်းတွေလည်း ကြားနေလို့ပါဆရာ၊ အဲ့ဒီအပိုင်းရော ဆရာတို့ ဘယ်လိုမျိုးများကြားပါသလဲရှင့်။

ဦးလမိုင်ဂွန်ဂျာ။           ။ဟုတ်ပါတယ် ကျနော်တို့ မြစ်ကြီးနားကနေ ဆင်းလာတယ်ဗျ၊ လမ်းမှာတစ်စီးကတော့ ဖျက်ဆီးထားတာ တွေ့ခဲ့တယ်ဗျ၊ ဖျက်ဆီးပြီးလမ်းမှာတော့ သူတို့ပိတ်ထားတာတွေ့တယ်ဗျ၊ ကျနော်တို့လည်း အဲ့ဒါကိုပြောတဲ့အခါကျတော့ ပြည်သူလူထုကို သွားတဲ့လမ်း ပုံမှန်ပဲဖြစ်တယ်၊ လမ်းပျက်နေတာ အဲ့ဒါသူတို့လည်း သက်ဆိုင်ရာကို နည်းနည်းမေးကြည့်တဲ့အခါကျတော့ ကေအိုင်အိုအဖွဲ့ကလည်း သူတို့ကအင်အားငယ်တယ်လေ၊ တပ်တွေက တိုးချဲ့လာတယ်၊ တပ်တွေက တက်လာတယ်ဆိုတဲ့အခါကျတော့ သူတို့က စိုးရိမ်မှုနဲ့ပေါ့လေ လမ်းဖြတ်တောက်တဲ့ သဘောအနေနဲ့ ဒါပြည်သူလူထုကို ဖြတ်တောက်တဲ့သဘောတော့ မဟုတ်ဘူး၊ တပ်တွေစစ်ကြောင်းတွေ ပြန်တက်လာတယ်ဆိုတဲ့ အသံတွေကြားတဲ့အခါ တက်လည်းတက်လာတယ်လေ၊ အဲ့လို တက်လည်းတက်လာတဲ့အခါကျတော့ ဖျက်ပြီးတော့ အဟန့်အတားလုပ်တဲ့သဘောပါပဲတဲ့။

မဝေမာထွန်း။             ။အဲ့ဒါကျတော့ရော ဘယ်လောက်လောက်များလဲ ဆရာ။

ဦးလမိုင်ဂွန်ဂျာ။           ။ကျနော်တို့တွေ့ခဲ့တာတော့ တစ်နေရာပဲခင်ဗျ၊ တံတားအတိုလေးခင်ဗျ၊ ပေ ၂ဝ ကျော်လောက် ရှိတဲ့ တံတားတိုလေးဗျ၊ လမ်းတွေပေါ်တော့ မြောင်းတွေတူးထားတာပဲခင်ဗျ၊ မြောင်းတူးထားတဲ့ ၂ နေရာပေါ့၊ အဲ့ဒါ ပဲ တွေခဲ့တယ်ဗျ ကျနော်တို့။

မဝေမာထွန်း။             ။တပ်ကတပ်မမှူးနဲ့တွေတယ်ဆိုတော့ ဆရာတို့ ကေအိုင်အိုဘက်ကလည်း ရဲဘော်သုံးယောက် ကို သွားခေါ်တယ်ဆိုတော့ တိုင်ပွဲအခြေအနေတွေရော ဘယ်လိုများသိခဲ့ရပါလဲရှင့်။

 

ဦးလမိုင်ဂွန်ဂျာ။           ။တိုက်ပွဲအခြေအနေက ကျနော်တို့ ဒီဘက်ကိုသွားခေါ်ဖို့ သွားနေတဲ့အတွက်ကြောင့် ဟိုဘက်မှာလည်း ဘယ်လိုရှိလဲဆိုတာ ကျနော်တို့ အတိအကျမသိရသေးဘူးဗျ။

မဝေမာထွန်း။             ။ကျေးဇူးအများကြီးတင်ပါတယ် ဆရာရေ။

ဦးလမိုင်ဂွန်ဂျာ။           ။ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။