လာမယ့်နှစ်မှာ ထူးခြားတဲ့တိုးတက်မှုတွေ မြင်တွေ့နိုင်မယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင် ပြောကြား

ခင်မောင်စိုး
2022.12.30

ပြည်တွင်းပြည်ပမှာ ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီအပေါ် အနိုင်ရရှိနေပြီဖြစ်ပြီး လာမယ့် ၂ဝ၂၃ ခုနှစ်မှာ အင်မတန်ထူးခြားတဲ့ ပြောင်းလဲတိုးတက်မှုတွေကို မြန်မာပြည်သူတွေ ခံစားရရှိနိုင်ရေးအတွက် မိမိတို့ လုပ်ငန်းစဉ်တွေကို စနစ်တကျရေးဆွဲ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေမဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို ခုခံကာကွယ်ဖို့ ဥပဒေဘောင်အတွင်းက တရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အငြင်းပွားမှာ မဟုတ်ကြောင်းနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဝင်ဖို့ စီစဉ်နေတဲ့ နိုင်ငံရေးသမားတွေဟာ စိတ်ကူးယဉ်နေကြသူတွေသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။  

ဝန်ကြီး ဒေါ်ဇင်မာအောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

---

မေး။ ။ ဝန်ကြီး ဒေါ်ဇင်မာအောင်ခင်ဗျ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇ နှစ် အပြီးသတ် ထပ်မံချမှတ်လိုက်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ်အမိန့်တွေချမယ်၊ ပြီးရင် လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ် နေအိမ်အကျယ်ချုပ် ပြန်ထားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ပါတယ်။ ဝန်ကြီးတို့လည်း ကြားမှာပါ။ အဲဒီ ကိစ္စဘာများပြောနိုင်မလဲ ခင်ဗျာ။

ဖြေ။ ။ ဒီကောလဟာလတွေက အခုမှထွက်တာတော့ မဟုတ်ဘူး။ မကြာခဏပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားပြီးတဲ့နောက်မှာ ဒီလိုပဲ ကောလဟလ မျိုးစုံတော့ထွက်တာပေါ့။ မှန်တာတွေလည်း ရှိတယ်။ တစ်ခါတစ်ခါကျတော့လည်း စစ်ကောင်စီကိုယ်တိုင်ကို သတင်းပေါ့လေ Disinformation ထုတ်ပြီး စိတ်ပိုင်းဆိုင်ရာအရ Psychology Warfare လုပ်ထားတာတွေလည်းရှိတယ်။ အခုလည်းပဲ ဒီပုံစံ အတိုင်းပဲလို့ နားလည်ပါတယ်။ ဖြစ်နိုင်ခြေကတော့ ၃ မျိုးပေါ့ နေအိမ်အကျယ်ချုပ်ပြန်ထားမလား၊ လုံးလုံးလျားလျားလွှတ်ပေးမလား ဒါမဟုတ်အကျဉ်းထောင်တစ်ခုကို ရွှေ့မလားပေါ့ ဒီ ၃မျိုးတော့ ရှိနေတယ်။ ဖြစ်နိုင်ခြေအရပြောမယ်ဆိုရင်တော့ မင်းအောင်လှိုင်က ပြန်လွှတ်ရဲပါ့မလားဆိုတာ သံသယရှိတယ်။ လွှတ်ချင်မှတော့ လွှတ်လိမ့်မယ်။ တစ်စုံတရာတော့ သူ့အပေါ်မှာ ရှိနေတဲ့ ဖိအားတွေ နိုင်ငံတကာအပါအဝင် အာဆီယံနိုင်ငံနဲ့ အိမ်နီးနားချင်းနိုင်ငံတွေ လှည့်ဖျားဖို့လောက်တော့ လုပ်ကောင်းလုပ်နိုင်တယ်။ ဒါကတော့ မှန်းဆချက်ပါ ။ ဘယ်လိုပဲ လုပ်သည်ဖြစ်စေ ကျမထင်ပါတယ် စစ်ကောင်စီက အပြောင်းအလဲလိုချင်လို့ လုပ်တာမဟုတ်ဘဲနဲ့ သူ့အပေါ်မှာ ရှိနေတဲ့ ဖိအားတွေကို လျှော့ရုံလောက်ပဲ လုပ်မယ့် လုပ်ဆောင်ချက်တွေဖြစ်မှာပါ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့သူတွေပေါ့နော် ။ အထူးသဖြင့် လူငယ်တွေအတွက် ဂုဏ်ယူတယ်လို့ မကြာခင် ထောင်က လွတ်လာတဲ့ ပါမောက္ခ ရှောင်တာနဲလ်ကို ပြောတယ်လို့ သိရပါတယ်။ အဲ့ဒီစကားကို ဝန်ကြီး ဘယ်လိုသဘောထားပါသလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်က ပါတီမှာ အစောပိုင်းတာဝန်ယူကတည်းကကိုယ်က လူငယ်တွေရဲ့ စိတ်နှလုံးကို ကောင်းကောင်းနားလည်တယ်ပေါ့။ လူငယ်တွေနဲ့ ပိုပြီးတော့ နီးနီးစပ်စပ်ရှိတဲ့ ခေါင်းဆောင်လို့ ဒီလိုပဲနားလည်တယ်။ လူငယ်တွေရဲ့ စိတ်ခံစားမှုတွေ ဖြတ်သန်းမှုတွေ ခေတ်ရဲ့ အနေအထားတွေကို မျက်ခြေမပြတ်တဲ့သူ။ အထူးသဖြင့် လူငယ်တွေအပေါ်မှာ နားလည်မှုရှိတဲ့ ခေါင်းဆောင်တစ်ယောက်လို့ ကျမတော့မြင်တယ်။ သူကိုယ်တိုင်လည်း ဟိုတုန်းက ပါတီမှာလူငယ်တာဝန်ခံအနေနဲ့ ထမ်းဆောင်ပြီးတော့ လူငယ်တွေနဲ့ နီးနီးကပ်ကပ်ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ ဒါကြောင့် ဒေါ်ဆောင်ဆန်းစုကြည်ဟာ လူငယ်တွေရဲ့ ခံစားချက်တွေဖြတ်သန်းမှုတွေကို လူငယ်တွေနဲ့ နီးစပ်တဲ့ခေါင်းဆောင်တစ်ယောက် လို့ ကျမတော့မြင်မိပါတယ်။

မေး။ ။ အခုဆိုရင် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လူထုလှုပ်ရှားမှုတွေဟာ နှစ်နှစ် နီးပါး ရှိလာခဲ့ပါပြီခင်ဗျ။ အာဏာသိမ်း စစ်အုပ်စုနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့ လူထု ဒီအင်အားစု နှစ်ခုရဲ့ အနေအထားက သူမနိုင် ကိုယ်မနိုင် အနေအထားမှာပဲလား တစ်ဖက်ဖက်က အသာစီးရနေပြီလား။ အဲ့ဒါကို ဝန်ကြီး ဒေါ်ဇင်မာအောင် ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ဖြေ။ ။ အချက်အလက်တွေနဲ့ အခြေအနေရ ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့ တော်လှန်ရေးအင်အားစုတွေဘက်က ချိန်ခွင်လျှာသာနေတာကတော့ သေချာပါတယ်။ အထူးသဖြင့် ဒီနှစ်ရဲ့ နောက်ဆုံးကာလတွေပေါ့နော် နိုဝင်ဘာ၊ ဒီဇင်ဘာကာလတွေမှာဆိုရင် သံခင်းတမန်ခင်းအရ သိသာထင်ရှားဆုံးပြောရမယ်ဆိုရင်တော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက Resolution ထွက်လာတဲ့ ကိစ္စပေါ့။ Resolution မှာပါတဲ့ Languages တွေတော့ အားမရပါဘူး ပျော့လွန်းအားကြီးတယ်လို့ မြင်တယ်။ မူလ Original Resolution ထက်စာလို့ရှိရင် အားလုံးသဘောတူလိုက်တဲ့ resolution ကပျော့တယ်လို့ ပြောလို့ရတယ် အင်အားမရှိဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ resolution ဆုံးဖြတ်ချက် သဘောဘာဝကိုက အားသွားဖြစ်တယ်။ ဒါဟာ ဆုံးဖြတ်ချက်ဖြစ်တယ်။ ရိုးရိုးကြေညာချက်မဟုတ်ဘူးပေါ့။ စိုးရိမ်ကြောင်းဖော်ပြတယ်တို့ဘာတို့တွေ မဟုတ်ဘဲ ဒါဟာ ဆုံးဖြတ်ချက်ဖြစ်တယ်ပေါ့။ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ stakeholder တွေက လိုက်နာဆောင်ရွက်ရမယ့် သဘောရှိတယ်။ လိုက်နာဆောင်ရွက်ခြင်းမပြုဘူးဆိုရင် နောက်ဆက်တွဲ action တွေ ယူလာမယ့် သဘောမျိုးရှိတဲ့အတွက် နိုင်ငံတကာအခင်းအကျင်းမှာကော ကုလသမဂ္ဂကပါ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တစ်ခါမှဒီလို resolution ချခဲ့တာမရှိဘူး ဒါကြောင့်မို့လို့ ဒါကတော့ ထူးခြားတယ်။ နိုင်ငံတကာ သံခင်းတမန်ခင်းအရ ချိန်ခွင်လျှာ ဒီဘက်ကိုယိမ်းလာတယ်ဆိုတဲ့ဟာကို ထည့်တွက်လို့ရတယ်။ နိုင်ငံတစ်ခုချင်းစီအနေနဲ့ ကြည့်မယ်ဆိုလည်း အမေရိကန်ပြည်ထောင်စုလိုမျိုး NDAA မှာ PDF ဆိုတဲ့ အသုံးအနှုန်းမျိုးကို ဥပဒေတစ်ရပ် ထည့်သွင်းလာတာဟာ PDF တွေအတွက်ကော တော်လှန်ရေးအတွက်ကော နိုင်ငံရေးအရ ဒါဟာ ကောင်းမွန်တဲ့ကိစ္စလို့ ကျမတော့မြင်တယ်။ ဒါက နိုင်ငံခြားရေးနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ချဉ်းကပ်ပုံအနေအထားပေါ့။ မြေပြင်အနေအထားကိုလည်း ကြည့်ကြည့်ပါ။ တိုက်ပွဲတွေဖော်ဆောင်တဲ့နေရာမှာ လေကြောင်းသုံးတာကလွဲလို့ ကျန်တဲ့တိုက်ခိုက်မှုတွေမှာ ဆိုလို့ရှိရင် တော်လှန်ရေးတပ်သားတွေ၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ် မှုဒေသတွေထဲမှာလည်း တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေက ပိုပြီးတော့ ထိန်းချုပ်လာနိုင်တယ်။ PDF တွေနဲ့ ပေါင်းပြီးတော့။ ထို့အတူပဲ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းမရှိတဲ့ မြေပြင်ဒေသဖြစ်တဲ့ အညာဒေသမှာဆိုရင်လည်း စစ်တပ်က မူလထိန်းချုပ်တဲ့နေရာတွေလျှော့ပေးလိုက်ရတယ်။ ဒီနှစ်အတွင်းမှာ အများကြီးသိသာတယ်ပေါ့နော်။ ဒါကလည်း မြေပြင်အနေထားမှာ သူရှုံးနေတယ်။ တော်လှန်ရေးဘက်က ချိန်ခွင်လျှာသာနေတယ်ဆိုတာ အရမ်းသိသာတယ်။ ဒီနေရာတွေမှာ ဒီတိုင်းပဲလားဆိုတော့ မဟုတ်ဘူး။ ကျမတို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ပညာရေး၊ ကျန်းမာရေး ၊ လူမှုအထောက်အကူ။ နောက်တစ်ခုကကျတော့ ဒေသန္တရ အုပ်ချုပ်ရေးတွေကိုပါ တစ်ဆင့်ထက် တစ်ဆင့် အစားထိုးလာနိုင်တဲ့ အနေအထားမျိုးတွေ့လာရတယ်။ ပြောရမယ်ဆိုရင် ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းတဲ့နေ့ကတည်းက ဒီနှစ်နှစ်အတွင်းမှာ ပြန်ကြည့်မယ်ဆိုရင် နယ်မြေဆုံးရှုံးမှုက စစ်ကောင်စီက ပိုများလာတယ်။ ပြီးတော့ တော်လှန်ရေးအင်အားစု လူထုထိန်းချုပ်တဲ့ ဒေသတွေပိုပြီးများလာတာ အသိသာကြီးပါ။ ဒါ့ကြောင့်မို့လို့ ပြောရရင် တော်လှန်ရေးချိန်ခွင်လျှာက တော်လှန်ရေးအင်အားစုတွေ နွေဦးတော်လှန်ရေးအင်အားစုတွေဘက်ကို ယိမ်းနေတဲ့အနေအထားက သေချာပေါက်ရှိနေပါတယ်။

မေး။ ။ NUG အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ခံမှုကို ဘယ်လောက် ရနေပြီလဲလို့ ပြောနိုင်မလဲ ခင်ဗျ။

ဖြေ။ ။ ဘယ်လောက်ရရှိနေပြီလဲဆိုတာ အချိန်အဆနဲ့ ပြောဖို့က ခက်တယ်ပေါ့နော်။ ကျမတို့ရဲ့ ထိတွေ့ဆက်ဆံမှုတွေကို ကြည့်မယ်ဆိုလို့ရှိရင် ခုနက ပြောလာတဲ့ Outcomes တွေပေါ့နော်။ EU ကထုတ်ပြန်လိုက်တာတွေ ပြင်သစ် လွှတ်တော်က NUG ကို အသိအမှတ်ပြုဆက်ဆံဖို့ ထုတ်ပြန်လိုက်တာတွေရှိမယ်၊ အာဆီယံပါလီမန်အဖွဲ့တွေကနေပြီးတော့ ယူနီယံက ထုတ်ပြန်တဲ့ ကြေညယချက်တွေ ကြည့်လို့ရှိရင်လည်း သိသာပါလိမ့်မယ်။ ဒါ့အပြင် ကျမတို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီး ဒုဝန်ကြီးတွေ နဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ ခေါင်းဆောင်တွေရဲ့ ထိတွေ့ဆက်ဆံမှုတွေ ဒါ Public ထုတ်ပြန်တာတွေပဲ ရှိပါသေးတယ်။ အများအမြင်မှာထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေ တွေ့ဆုံမှုတွေကို ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့ကို နိုင်ငံတကာကတော့ engagement လုပ်နေတယ် ထိတွေ့ဆက်ဆံနေတယ် ပြည်သူလုထုရဲ့ အသံကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်အနေနဲ့ သံခင်းတမန်ခင်းမှာ ထိတွေ့ဆက်ဆံတယ်ဆိုတဲ့အနေအထားတွေ သိသာထင်ရှားစွာဖြစ်လာပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုယ်စားလှယ်ရုံးတွေကိုလည်းပဲ ဖွင့်လှစ်ပြီးလက်ခံထားရှိတဲ့ နိုင်ငံတွေပေါ့နော် ။ ဥပမာ- အာရှမှာဆိုရင် ဩစတြေးလျားရှိမယ်။ ဂျပန်၊ တောင်ကိုရီးယား ဒါမျိုးတွေ ဖွင့်လှစ်ထားတဲ့ အနေအထားမျိုးတွေ ရှိတယ်ပေါ့။ ဒါတွေကို ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့ကို ဘယ်လောက်လက်ခံပြီးတော့ ဆက်ဆံဆောင်ရွက်နေတယ်ဆိုတဲ့ အနေအထားကတော့ ရှင်းရှင်းလင်းလင်း သိသာလိမ့်မယ်ထင်ပါတယ်။ သို့သော် ကျမတို့လိုလားတောင့်တနေတဲ့ တရားဝင်အစိုးရအနေနဲ့ အသိအမှတ်ပြုပါတယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်မျိုးတော့ ထွက်မလာသေးဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံတွေအချင်းချင်း သံခင်းတမန်ခင်းဆက်ဆံမှုဟာ အစိုးရတွေကို ဆက်ဆံတာမဟုတ်ဘူး၊ စတိတ်ပေါ့။ နိုင်ငံတော်ကို ဆက်ဆံဆောင်ရွက်တာဖြစ်တယ် ဆိုတဲ့အနေအထားမျိုးပေါ့လေ။ သံတမန် အသုံးအနှုန်းတွေနဲ့ ရှိနေအတွက်ကြောင့်မို့လို့ ပြောဖို့ခက်တယ်။ သို့သော်လည်းပဲ formally, officially public engagement အထိ တက်လာတာမျိုးတွေ တွေ့ရပါတယ်။

မေး။ ။ တရုတ်အစိုးရကိုယ်စားလှယ်သစ် တိန့်ရှီဂျွန်ရဲ့ လက်ရှိမြန်မာပြည်ခရီးစဉ်ကိုကော ဝန်ကြီးဘယ်လို သုံးသပ်ပါသလဲ ခင်ဗျ။

ဖြေ။ ။ ဒါကတော့ ပြောဖို့တော့ ခက်ပါတယ်။ တရုတ်အစိုးရရဲ့ ကိုယ်စားလှယ်နေရာမှာ အစားထိုးပြီးတော့ အသစ်ခန့်အပ်လိုက်တဲ့ သဘောဖြစ်ပြီးတော့ ကျမတို့နားလည်ရသလောက်တော့ စစ်ကောင်စီနဲ့ တွေ့ဆုံတာတင်မဟုတ်ဘဲ မြန်မာ့အရေးအနဲ့ပတ်သက်ပြီးတော့ တခြားသော လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံထားတယ်လို့နားလည်တယ်။ သူရဲ့ Mandate စစ်ကောင်စီနဲ့တွေ့ဖို့ မကဘဲနဲ့ တခြားသော stakeholder တွေနဲ့ပါ တွေ့ဖို့ မန်းဒိတ်ရှိထားတယ်လို့ နားလည်တယ်။ အရင်ရှိပြီးသား မစ္စတာ ဆွန်းကော်ရှန်း နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ သဘောပါပဲ။

မေး။ ။ လက်ရှိမှာ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းနေတဲ့ အာဆီယံနိုင်ငံတချို့ အပါအဝင် နိုင်ငံခြားတိုင်းပြည်တချို့ရှိသလို ပြည်တွင်းမှာလည်း ရွေးကောက်ပွဲဝင်ချင်တဲ့ပါတီ တချို့လည်းရှိတယ်ခင်ဗျ။ အဲဒီ နိုင်ငံတွေ အဖွဲ့အစည်းတွေကို ဝန်ကြီး ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။ ။ တချို့လည်း အတိတ်ထဲမှာပဲ ပိတ်မိနေတဲ့သဘောလို့ ကျမမြင်တယ်။ အရင်တုန်းကလည်းပဲ အချိန်ကာလတွေပြောရင်လည်း ၂၀၁၀ တုန်းကလိုဖြစ်ဦးမလားပေါ့ ရွေးကောက်ပွဲဟာ။ မတူတော့ဘူး။ ဒီတော်လှန်ရေးက ပေးထားတဲ့ ပေးထားချက် အခင်းအကျင်းကော နောက်ပြီးတော့ လူထုရဲ့ နိုင်ငံရေး ရေချိန်ကော၊ လူထုရဲ့ ပိုင်းဖြတ်ထားတဲ့ ပိုင်းဖြတ်မှုကောက လုံးဝမတူတော့ဘူး။ ဒီရွေးကောက်ပွဲဆိုတာက ၂၀၁၀ တုန်းက အခြေအနေကို ပြန်ပြီး စိတ်ကူးယဉ်နေလို့ မရဘူး။ လက်တွေ့ လည်းမကျဘူးလို့ ကျမမြင်တယ်။ ၂၀၁၀ တုန်းက ပြည်သူလူထုရဲ့ အနေအထားနဲ့ နိုင်ငံရေးအနေအထား။ အခု ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အကြမ်းဖက်အာဏာသိမ်းတဲ့အနေအထားနဲ့ အခုအခြေအနေက ကွာခြားချက် အကြီးကြီးရှိတယ်။ ရွေးကောက်ပွဲ ပြုလုပ်တယ်ဆိုတာ တကယ့်မြေပြင်အချက်အလက် အခြေခံအကြောင်းတရားတွေပေါ်မှာ အခြေခံပြီးတော့ရယ်၊ Political resolution တစ်ခုရယ်နဲ့ဖြစ်မှ သွားလို့ရတာ။ ဘယ်သူနဲ့မှလည်း တိုင်ပင်ထားတာမရှိဘူး။ တစ်ဖက်သတ်ကြီးလည်း လုပ်တယ်။ ၁ အချက်။ ဒုတိယအချက်အနေနဲ့ သူတို့ကိုယ်တိုင်က ရွေးကောက်ပွဲ ကျင်းပနိုင်ခွင့် ရှိရဲ့လားဆိုတဲ့ မေးခွန်းပေါ့နော်။ ရွေးကောက်ပွဲရလဒ်ကြီးကို အတင်းကြီးဖျက်ပြီး ငါနိုင်စေချင်တဲ့သူမနိုင်လို့ ပွဲဖျက်ထားပြီးမှ နောက်တစ်ပွဲ ပြန်စမယ်။ အရင်လူမပါနဲ့တော့ ဆိုတဲ့ဟာမျိုး လုပ်ထားတဲ့ဟာကြီး။ သူတို့ရဲ့လုပ်မယ်ဆိုတဲ့ အခုရွေးကောက်ပွဲဟာ တရားမျှတမှုရှုထောင့်ကကြည့်မယ်ဆိုလည်း တရားမျှတမှုမရှိဘူး၊ နည်းစနစ်ပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုလို့ရှိရင်လည်း နည်းစနစ်အရ ဥပဒေကြောင်းတွေအရ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခွင့်မရှိတဲ့သူက ကျင်းပပြုလုပ်တာဖြစ်တဲ့အတွက် ဒါထည့်သွင်းစဉ်းစားစရာမလိုတဲ့ ကိစ္စဖြစ်တယ်။ ဒါကြောင့် ဒါကြီးကို နိုင်ငံရေးထွက်ပေါက်များ ဖြစ်မလားဆိုပြီး မျှော်တလင့်လင့်နဲ့ ချည်းကပ်နေကြတဲ့သူတွေအဖို့တော့ နောက်တစ်ကြိမ်တော့ထပ်ပြီးတော့ စိတ်ကူးမယဉ်ပါနဲ့လို့ ကျမအနေနဲ့ပြောချင်ပါတယ်။

မေး။ ။ တခြားနိုင်ငံခြားတိုင်းပြည်တချို့နဲ့ အာဆီယံနိုင်ငံတချို့က စစ်ကောင်စီနဲ့ ပူးပေါင်း ဆက်သွယ်နေတာတွေကော ဝန်ကြီးဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ဖြေ။ ။ တချို့လည်း သူ့နည်းသူ့ဟန်နဲ့ ပုံစံမျိုးစံနဲ့ ချည်းကပ်နေကြတာရှိတယ်။ အကြောင်းအရာ ၂ မျိုးရှိတယ်။ တချို့နိုင်ငံတွေကြတော့လည်း စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေရှိကြတယ်။ သူတို့ရဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေအရ စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေ Project တွေဆက်ပြီးလုပ်ချင်နေတာတွေ ရှိတယ်။ ဒါကတစ်ချက်။ ဒါကတော့ အကျိုးစီးပွားအခြေပြုပြီး engagement လုပ်တာပေါ့။ ဒုတိယအချက်ကဘာလဲဆိုတော့ ဒီအပေါ်မှာပဲ မြန်မာပြည်ရဲ့ အရေးကိုကော ဖြေရှင်းနိုင်မလား စစ်ကောင်စီကိုကော ဆွဲဆောင်စည်ရုံးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေး တစ်စွန်းတစ်စနဲ့ engagement လုပ်နေကြတာတွေလည်း ရှိတယ်ပေါ့။ အဲဒါနှစ် ခုလုံးကတော့ ပြည်သူလူထုရဲ့ အသံ သဘောထားဆန္ဒတွေကို ကိုယ်စားပြုတဲ့ ချဉ်းကပ်မှုမျိုးတော့ မဟုတ်ဘူးလို့တော့ နားလည်တယ်။ လုံလောက်တဲ့ ဖိအားမျိုးမပေးဘဲနဲ့ စစ်ကောင်စီနဲ့ ချဉ်းကပ်ပြီး ပြောဆိုဆွေးနွေးတာတွေကတော့ အချိန်ဖြုန်းနေတာပဲလို့ ယူဆပါတယ်။ အောင်မြင်မှာ မဟုတ်ပါဘူး ဒီချဉ်းကပ်မှုတွေက။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြန်ပြီးမေးခွန်း တစ်ခုမေးချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လွတ်လာလို့ရှိရင် အကြမ်းမဖက်တဲ့ နည်းလမ်းကို ဆုပ်ကိုင်တဲ့သူဆိုတော့ လက်ရှိဆောင်ရွက်နေတဲ့ PDF တွေ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ လုပ်ဆောင်နေတာတွေနဲ့ ထိပ်တိုက်ပြဿနာတွေ တက်လာနိုင်တယ်၊ စစ်ကောင်စီကလည်း အဲ့လိုမျှော်လင့်ထားတယ်ဆိုတာ သတင်းတွေထွက်တယ် အဲဒါ ဒေါ်ဇင်မာအောင် ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။ ။ အဲဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ အရင်လွှတ်ပေးလိုက်ပါလို့သာ ကျမတို့ပြောချင်တာပါပဲ။ အဲ့ဒီယူဆချက်တွေမှန်လား မမှန်လား သိရအောင်လေ။ ဘာဖြစ်လို့လဲဆိုတော့ အသုံးအနှုန်းပေါ့လေ။ အကိုပြောသွားတဲ့ အထဲမှာ အကြမ်းဖက်တယ်ဆိုတဲ့ အသုံးအနှုန်း။ ကျမတို့ PDF တွေက အကြမ်းဖက်နေတာ မဟုတ်ဘူးရှင့်။ PDF က တပ်မတော်ဖြစ်တယ်။ ပရော်ဖက်ရှင်နယ်တပ်မတော်တစ်ခု ဗမာပြည်မှာ မရှိတော့လို့ ဒါကို initiate ယူပြီးတော့ လူထုက တကယ့် တပ်မတော်က ထမ်းဆောင်ရမယ့် တိုင်းပြည်ရဲ့ တာဝန်တွေမထမ်းဆောင်ဘဲနဲ့ ဒီတပ်မတော်က ပြည်သူလူထုကို နေ့စဉ် အကြမ်းဖက် ခြိမ်းခြောက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ပြောင်းလဲသွားလို့ ပြည်သူလူထုက ကိုယ့်ကိုယ်ကို ကာကွယ်ပိုင်ခွင့်ဆိုတဲ့ အခွင့်ကို ကျင့်သုံးပြီးတော့ ဥပဒေအရထူထောင်ခဲ့တာဖြစ်တယ်။ PDF ဆိုတာလေ။ ဥပဒေအရ ထူထောင်ခဲ့တာဖြစ်တယ်။ Self defense အဖြစ်ထူထောင်ခဲ့တာဖြစ်တယ်။ အဲ့ဒါ ဥပဒေလည်း ရှိပြီးသား။ ကျမတို့ CRPH က ပြဌာန်းခဲ့ ကိုးကားခဲ့တာရှိတယ်။ လူတိုင်းက မိမိကိုယ်ကို ခုခံပိုင်ခွင့် ရှိတယ်၊ ကာကွယ်ပေးရမယ့် အဖွဲ့အစည်းက ကာကွယ်မပေးတော့တဲ့အတွက် ကိုယ့်ကိုယ်ကို ဒီဥပဒေအရ ဆောင်ရွက်ကြဖို့လိုတယ်လို့ပဲ ဆိုပြီးပြောခဲ့ကြတာမျိုးရှိတယ်။ ဒါကြောင့်မို့လို PDF ဟာ ဥပဒေအရပေါ်လာတာဖြစ်တယ်။ အကြမ်းဖက်အဖွဲ့မဟုတ်ဘူး။ ကျမထင်ပါတယ်ဒေါ်အောင်ဆန်းစုကြည်ကလည်း တရားဥပဒေ စိုးမိုးရေးကို အင်မတန်ပြောတဲ့သူဖြစ်တဲ့အတွက်ကြောင့် ကျမတို့ဟာ မူမဲ့ပြီး အတွေးအခေါ်မဲ့ပြီးထူထောင် ထားတဲ့ တပ်မတော်မဟုတ်ဘူး။ အကြမ်းဖက်အတွေးအခေါ်နဲ့ ထူထောင်ခဲ့တဲ့တပ်မတော်လည်း မဟုတ်ဘူး PDF ဆိုတာက။ လူထုကလည်း ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့် ကျင့်သုံးနေတယ်ဆိုတာဟာ သူတစ်ဘက်သားကို ခြိမ်းခြောက်ဖို့ လုပ်နေတာမဟုတ်ပဲနဲ့ ကိုယ့်ကို ခြိမ်းခြောက်နေတဲ့သူရဲ့ ရန်ကနေ ကာကွယ်ဖို့လို့ ဒီအခင်းအကျင်းက ပေါ်လာရတာဖြစ်တယ်။ ဒါကြောင့်မို့လို့ အကြမ်းဖက်တယ်လို့ ယူဆလို့မရဘူး။ မိမိကိုယ်ကို ခုခံကာကွယ်နေတာသာဖြစ်တယ်လို့ ကျမတော့ မြင်တယ်။ ဒါ့ကြောင့်မို့လို့ ခုနကလိုမျိုး အငြင်းပွားမှုတွေကို တကယ်ယုံကြည်တယ်ပေါ့နော် ဒေါ်အောင်ဆန်းစုကြည် ထွက်လာရင် ဒီလိုဖြစ်လိမ့်မယ်လို့ ဘာတို့ ထင်နေတယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ လွှတ်ပေးလိုက်ပါလို့ ကျမတော့ ပြောချင်တယ်။

မေး။ ။ ဝန်ကြီးတို့ NUG အစိုးရအနေနဲ့ ဒီတစ်နှစ်တာကာလအတွင်းမှာ ဘာတွေများ အောင်မြင်လဲလို့ ပြောနိုင်မလဲ ခင်ဗျာ။

ဖြေ။ ။ ကျမတို့မှာ အောင်မြင်မှုတွေလည်း ရှိတယ်။ လူထုအသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးသွားရတာတွေလည်းရှိတယ်။ နိုင်ငံရေးအရတော့ လူထုက ကြံ့ကြံ့ခံပြီးတော ဒီအာဏာသိမ်းမှုကို ဘယ်လောက်အကြမ်းဖက်ဖက်၊ အညာဖက်မှာဆိုရင်လည်း နေ့စဉ်နဲ့အမျှ သပိတ်တွေထွက်နေကြတုန်းရှိတယ်။ တချို့ ပညာရေးဝန်ဆောင်မှုတွေဆိုလည်း ပညာရေးဝန်ကြီးဌာနနေ မဟုတ်ဘဲနဲ့ CDM လုပ်ထားတဲ့ ကျောင်းသားတွေ ဆရာဆရာမတွေထဲကကိုယ်တိုင် တီထွင်ကြံဆပြီးတော့ ပညာရေးပလက်ဖောင်းတွေကနေပြီး ပညာရေးဝန်ဆောင်မှုပေးနေတာတွေရှိတယ်။ လူထုကလည်း သူ့နည်းသူ့ဟန်နဲ့ ရုန်းတယ်။ NUG အစိုးရကလည်း လူထုကို အခြေပြုပြီး Public service ပေးနိုင်တဲ့ အနေအထားမျိုးတွေ ဒီ တစ်နှစ်အတွင်းမှာ အများကြီးလုပ်လာနိုင်တယ်။ Public Service လို့ ပြောတဲ့အခါမှာ ပညာရေးပါတယ်၊ ကျန်းမာရေးပါတယ်၊ နောက်တစ်ခုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေါ့နော်၊ ဒါနိုင်ငံတကာက ရတာမဟုတ်ဘူး ပြည်သူမှ ပြည်သူသို့ပေါ့နော် ဒီလိုပုံစံမျိုးနဲ့ ကျမတို့သွားတာဖြစ်တယ်။ ပြည်သူလူထုအလှူရှင်တွေကနေပြီးတော့ ရတဲ့ ရန်ပုံငွေတွေကနေတဆင့် ရနိုင်သလောက်ပေါ့လေ အရမ်းတော့ ကျယ်ပြန့်လွန်းအားကြီးတယ် ကျမတို့ဒုက္ခသည်တွေ အရေအတွက်က သန်းချီတယ်။ အိမ်တွေမီးရှို့ခံရတာတွေလည်း အများကြီး။ Coverage ရဖို့ခက်တဲ့ အနေအထားမျိုး။ ဒါပေမဲ့ ဒါကို ပြည်သူလူထုကကလည်း သူ့နည်းသူ့ဟန်နဲ့ တုံ့ပြန်နေတယ်။ NUG ကလည်း ဒါကို ခုသာခံသာအောင်လို့ လူထုဝန်ဆောင်မှုတွေပေးနေတယ်။ ဒါက ကောင်းမွန်တဲ့အချက်လို့မြင်တယ်၊ ပြည့်စုံသလားဆိုရင်တော့ မပြည့်စုံသေးဘူး၊ ကျမတို့ မလုံလောက်သေးဘူး၊ ဒုက္ခတွေက ဆက်ရှိနေတုန်းပဲ ဒီဒုက္ခတွေကိုလည်း ကြုံရတဲ့ ပြည်သူလူထုက ကြံ့ကြံ့ခံနေဆဲပဲ။ ဒါကတော့ ပြည်သူရဲ့ ရုန်းကန်အားလို့ ကျမတို့ပြောလို့ရတယ်။ NUG အနေနဲ့ဖြည့်ဆည်းနေတာရှိတယ်။ ရန်ပုံငွေ ရှာဖွေနိုင်တယ်ပေါ့နော်။ ဒီတစ်နှစ်အတွင်းမှာ ဆိုလို့ရှိရင်လည်းဆိုတော့။ ဒီစီမံဘဏ္ဍာက ရန်ပုံငွေရှာနိုင်တဲ့အနေထားတွေရှိတယ်။ ရန်ပုံငွေရှာနိုင်တဲ့ အနေအထားနဲ့တော်လှန်ရေးကို ဆက်နိုင်တယ်။ ထို့အတူ NUG က စီးဆင်းတဲ့ ရန်ပုံငွေမဟုတ်ဘဲနဲ့ ပြည်သူလူထုကလည်း သူ့နည်းသူ့ဟန်နဲ့ ထောက်ပံ့တဲ့ ထောက်ပံ့မှုတွေက ဆက်ရှိနေတုန်းပဲဖြစ်တယ်။ NUG ရယ် ပြည်သူထုရယ် ပေါင်းစည်းထားတဲ့ ပေါင်းစည်းမှုပေါ့ တော်လှန်ရေးအင်အားစုတွေရဲ့ ပေါင်းစည်းမှုကတော့ ဆက်ပြီးထိန်းသိမ်းထားနိုင်ဆဲပဲဖြစ်တယ်။ ဒါသည်ပင်လျှင် ကျမတို့ရဲ့ အောင်မြင်မှုလို့ပြောချင်ပါတယ်။ ဆက်လက်ပြီးတော့လည်း ဒီဟာကို ခိုင်ခိုင်မာမာနဲ့ ကွန်စလိုတိတ်လုပ်ပြီးတော့ ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ ဒါဟာ တော်လှန်ရေးရဲ့ နောက်တစ်ဆင့်တိုးတက်မှုတွေကို ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ ERO ပေါ့နော် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုကော NUG အနေနဲ့ ဘယ်လောက် ရရှိခဲ့တယ်လို့ ပြောနိုင်မလဲခင်ဗျ။

ဖြေ။ ။ အားရကျေနပ်မှုရှိတယ်လို့ပဲ ကျမတော့ပြောချင်ပါတယ်။ ယေဘုယျအားဖြင့် စကားရပ်အရပြောမယ်ဆိုရင် Relationship Building ဆိုတာက နေ့ချင်းညချင်း အခုစကားပြောလိုက် အခုကောင်းပါပြီဆိုပြီး အဆင်ပြေသွားတာမျိုးမဟုတ်ဘူးရှင့်။ Relationship ဆိုတာ တည်ဆောက်ယူရတာမျိုး ဖြစ်တယ်ပေါ့နော်။ ခုနကပြောသလိုပါပဲ။ ပြီးခဲ့တဲ့ ၁ နှစ်အတွင်းမှာ ကျမတို့နားလည်မှုတွေတည်ဆောက်နိုင်တယ်။ ယုံကြည်မှုတွေ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တွေကြားထဲမှာ ယုံကြည်မှုတွေ တိုးတက်လာတဲ့ နှစ်တစ်နှစ်လို့ ကျမတော့မြင်ပါတယ်။ ဒါကိုလည်း ဆက်လက်ထိန်းသိမ်းသွားဖို့လိုအပ်တယ်။ ဒီတော်လှန်ရေးကာလအတွက်မဟုတ်ဘဲ တော်လှန်ရေးလွန်ကာလအတွက်ကော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ကြရမှာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ တောက်လျှောက် သယ်ဆောင်သွားရမယ့် ထိန်းသိမ်းရမယ့်နားလည်မှုတွေပဲ ဖြစ်တယ်လို့ကျမတော့ မြင်တယ်။ အဲ့အခြေခံကောင်းတွေတော့ ကျမတို့ ရထားပြီလို့ ပြောချင်ပါတယ်။

မေး။ ။ ဒီနှစ်အတွင်းမှာ ဒေသခံ PDF တချို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တချို့အပါအဝင် ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုတွေထဲမှာ အငြင်းပွားမှုတွေတိုက်ခိုက်မှုတွေ ပေါ်ထွက်လာတာ တွေ့ရပါတယ်။ အဲ့ဒီပဋိက္ခတွေကို ဝန်ကြီးတို့ ဘယ်လိုသဘောထားလဲ ဘယ်လိုများ ကိုင်တွယ်ဖြေရှင်းနေတာရှိပါသလဲခင်ဗျ။

ဖြေ။ ။ ကျမဝန်ကြီးဌာနနဲ့ တိုက်ရိုက်တော့ မဆိုင်ဘူးပေါ့နော်။ ကျမတို့ NUG နေနဲ့ကတော့ ကာကွယ်ရေးဝန်ကြီးဌာနက အဓိကထား ကိုင်တွယ်နေပါတယ်။ ဒါတွေကဖြစ်တတ်ပါတယ်။ တော်လှန်ရေးကြာလာလေလေ ဖြစ်နိုင်ခြေတွေက များလာလေလေပဲ ကျမနားလည်တာကတော့ လူတွေက ပင်ပန်းလာကြမယ်။ fundraising လုပ်ရတဲ့သူတွေကလည်း လုပ်ရတဲ့အလျောက်ပေါ့လေ။ မြေပြင်မှာတိုက်ပွဲဝင်နေရတဲ့သူကလည်းမြေပြင်မှာတိုက်ပွဲဝင်နေရတဲ့သူ၊ ထောက်ပို့ကလည်း ထောက်ပို့ အလျောက်ပေါ့။ ကျမတို့ NUG ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ တာဝန်ရှိသူတွေကလည်း အားလုံးကို engage လုပ်နေတာ နေ့ညမပြတ်လုပ်ရတဲ့အခါမှာ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာ pressure တွေလည်းများတယ်။ စိတ်ဖိစီးမှုတွေများတာလည်းအမှန်ပါပဲ။ ဒါကဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့အရာလို့ ကျမက နားလည်ထားတယ်။ ထို့အတူပဲ ဒီဟာကိုလည်း မှန်မှန်ကန်ကန် ကိုင်တယ်ဖြေရှင်းရလိမ့်မယ်။ engagement လုပ်ရလိမ့်မယ်ပေါ့နော်။ ဒီလိုလုပ်ဖို့တာဝန်လည်း NUG မှာရှိတယ်လို့ ကျမတော့မြင်တယ်။ အဲ့လိုတာဝန်ရှိတဲ့အလျှောက် NUG ကတာဝန်ရှိတဲ့ ဝန်ကြီးဌာနက သက်ဆိုင်ရာအလျှောက် ဒါကို အလွှာလိုက် engagement လုပ်ပြီးဖြေရှင်းဆောင်ရွက်နေတယ်။ ဆက်လက်ပြီးတော့လည်း ဆောင်ရွက်နေဦမယ်လို့လည်း ဒီလိုပဲနားလည်ထားပါတယ်။

မေး။ ။ NUG အစိုးရအနေနဲ့ အခုလာမယ့် နှစ်မှာဘယ်လိုရည်မှန်းချက်တွေ ရရှိမယ်လို့ တွက်ချက်ထားပါသလဲခင်ဗျာ။

ဖြေ။ ။ ၂၀၂၂ ခုနှစ်ကုန်တော့မယ်ပေါ့။ ဒီနှစ်ထဲမှာတော့ မျှော်မှန်းသလောက် ဖြစ်တာတွေလည်း ရှိတယ်၊ မဖြစ်တာတွေလည်းပဲရှိတယ်။ ဒါပေမယ့် ရာခိုင်နှုန်းအရပြောမယ်ဆိုရင် ၇၀ ရာခိုင်နှုန်းလောက်ဖြစ်တယ်။ အောင်မြင်မှုရှိတယ် ကိုယ်မှန်းထားသလောက်ဖြစ်တယ်လို့ ပြောလို့ရတယ်။ ရာနှုန်းပြည့်တော့ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် လာမယ့် ၂၀၂၃ ခုနှစ်ကလည်းဒီတိုင်းပဲ။ ကျမတို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဝန်ကြီးဌာနအတွင်းမှာ ချမှတ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေရှိမယ်၊ အစိုးရအဖွဲ့အတွင်းမှာ ချမှတ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေရှိမယ်။ တော်လှန်ရေးတစ်စုံလုံး ဖြစ်နေတဲ့ Trend ကို ကြည့်ရတာတွေ ရှိမယ်။ ဒီအဆင့်လိုက်ကို ရီဗျုးတွေလုပ် လုပ်ပြီးတဲ့ အခါကျတော့ ၂၀၂၃ မှာဖြစ်နိုင်ခြေအရှိဆုံး မှားယွင်းတဲ့ မျှော်လင့်ချက်ပေးတာမျိုးလည်း မဟုတ်ဘဲနဲ့ ဖြစ်နိုင်ခြေအရှိဆုံးက ဘာဖြစ်မလဲလို့ သေချာဆွေးနွေးငြင်းခုန်ကြပြီးတော့ ၂၀၂၃ ဟာ တော်လှန်ရေးအတွက်ကို အဖက်ဖက်က ကြည့်လိုက်ရင် ၂၀၂၃ ဟာ အပြောင်းအလဲကိုယူဆောင်လာနိုင်မယ့် ဒါမှမဟုတ် အဆုံးအဖြတ်ကို အဆုံးသတ်မယ့် အဆုံးအဖြတ်နှစ်လို့ ဆိုကြတယ်။ အဆုံးသတ်ဖို့လို့ဆိုတဲ့အတွက် ဆုံးဖြတ်နှစ်ဆိုတာ ကြီးမားတဲ့ အချိုးအကွေ့အပြောင်းအလဲကို ကျမတို့ ယူမှရမယ်လို့ ကျမတော့မြင်တယ်။ ဒါကြောင့်မို့လို့ ဒီ့ထက်ပိုပြီး ဆတိုးပြီးတော့ ကြိုးစားဆောင်ရွက်သွားဖို့လိုတယ်။ အဲ့ဒီအတွက် ဌာနအတွင်းမှာ စီမံချက်တွေရေးဆွဲဆောင်ရွက်နေတာရှိတယ်။ ဒီအစီအစဉ်တွေကို သက်ဆိုင်ရာမဟာမိတ်တွေနဲ့ဆွေးနွေးနေတာတွေ ဆွေးနွေးခဲ့တာတွေ ရှိပြီးသွားပါပြီ။ ဘယ်လောက်ထိမျှော်လင့်ထားလဲဆိုရင်တော့ မဖြစ်သေးခင်မှာတော့ အတိအကျမပြောချင်ပါဘူး။ ဒါပေမဲ့ အဆုံးအဖြတ်တွေကို ပေးနိုင်မယ့် နှစ်တစ်နှစ်ဖြစ်လာဖို့တော့ ကြိုးစားဆောင်ရွက်နေတယ်။ အားထုတ်နေတယ်လို့ပဲ ပြောချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ မြန်မာပြည်သူတွေကို ဘာများပြောချင်ပါသေးလဲ ခင်ဗျာ။

ဖြေ။ ။ ကျမတော့ ကျေးဇူးတင်ကြောင်းပဲ ပြောချင်တာပါပဲ တိုတိုတုတ်တုတ်ပြောရမယ်ဆိုရင်။ လာမယ့် နှစ်သစ်ဟာ အောင်မြင်မှုတွေယူဆောင်နိုင်ပါစေ။ ခံစားရသမျှ ဆင်းရဲဒုက္ခတွေကိုလည်း အမြန်ဆုံး ချုပ်ငြိမ်းနိုင်မယ့် နှစ်တစ်နှစ်ဖြစ်ပါစေလို့ ကျမအနေနဲ့ နှစ်သစ်ဆုတောင်းလည်း တောင်းပေးချင်တယ်။ နောက်ပြီးတော့ ဒီအာဏာရှင်နဲ့ မတရားမှုကို ဒီလောက်ဖိနှိပ်မှုတွေ ရက်စက်မှုတွေကြားထဲကနေ ကြံ့ကြံ့ခံ ရင်ဆိုင်ပေးနေတဲ့ ပြည်သူလူထုကို အထူးကျေးဇူးတင်ကြောင်း ကျမတော့ ပြောချင်တာပါပဲ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။