မြန်မာစစ်ခေါင်းဆောင်တွေဟာ စေ့စပ်ညှိနှိုင်းလို့ရမယ့်သူတွေ မဟုတ်ဘူးလို့ အမေရိကန်သံအမတ်ဟောင်း ပြော

2022.08.18

အခုအချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စနိုလင်းဟေဇာ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် လာရောက်ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ ဒီကုလသမဂ္ဂအထူးသံတမန်က ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာကိုလည်း မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်ခဲ့တဲ့ မြန်မာဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်ကတော့ မြန်မာစစ်ခေါင်းဆောင်တွေဟာ စေ့စပ်ညှိနှိုင်းဆွေးနွေးလို့ရမယ့်သူတွေ မဟုတ်ဘူးလို့ RFA နဲ့ မေးမြန်းခန်းမှာ ပြောထားပါတယ်။ ဒီအကြောင်း မစ္စတာ စကော့မာစီရယ်ကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။

------------

RFA : မစ္စတာ စကော့မာစီရယ်ခင်ဗျား။ အခုအချိန်မှာ မြန်မာနိုင်ငံ အကြပ်အတည်းကို အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ ထိခိုက်သေကြေမှု နည်းနိုင်သမျှ အနည်းဆုံးနဲ့ အဆုံးသတ်နိုင်ဖို့အတွက်၊ စစ်ခေါင်းဆောင်တွေနဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ပြီးတော့ အဆုံးသတ်ဖို့ ဖြစ်နိုင်မယ်လို့ ထင်ပါသလား။

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ဟာ ဆိုရင်လည်း အခုပြောသလိုပဲ၊ အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ဆန့်ကျင်တော်လှန်ရေးလှုပ်ရှားမှုတွေကို အားပေးသူဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ဆိုရင်လည်း စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အကြမ်းမဖက်တဲ့ CDM လှုပ်ရှားမှုတွေ၊ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတောင်းဆိုမှုတွေ အမျိုးမျိုး လုပ်ပြီး တုံ့ပြန်ခဲ့တာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် စစ်ခေါင်းဆောင်တွေက ဒါကို လက်မခံဘဲ အကြမ်းဖက်သတ်ဖြတ်မှုတွေ စလုပ်ခဲ့တာပါ။ ဒါကြောင့်လည်း ပြည်သူတော်တော်များများက လက်နက်စွဲကိုင်တော်လှန်ဖို့ လမ်းကြောင်းကလွဲလို့ ရွေးစရာမရှိတော့ဘူးလို့ ယုံကြည်လာကြတာပါ။ စိတ်ထိခိုက်စရာကတော့ ဒီစစ်ခေါင်းဆောင်တွေဟာ အကျိုးသင့် အကြောင်းသင့် ပြောဆိုပြီး၊ ညှိနှိုင်းဆွေးနွေးတာကို လက်ခံမယ့်သူမျိုးတွေ မဟုတ်ပါဘူး။ ကျွန်တော့် အတွေ့အကြုံအရဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေဟာ ကောင်းကောင်းမွန်မွန် ပြောဆိုဆွေးနွေးတာကို လက်သင့်ခံမယ့်သူမျိုးတွေ မဟုတ်ပါဘူး။ သူတို့ကို စေ့စပ်ညှိနှိုင်းမယ့်သူက မြန်မာပြည်သူတွေထဲကပဲဖြစ်ဖြစ်၊ အာဆီယံကပဲ ဖြစ်ဖြစ်၊ အခြားဘယ်သူပဲ ဖြစ်ဖြစ်ပေါ့။ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်လာဖို့ တစ်ခုတည်းသောနည်းလမ်းက မြန်မာစစ်ခေါင်းဆောင်တွေအတွက် အလွန်ခက်ခဲတဲ့ အခြေအနေအထိ ရောက်အောင် ပြည်တွင်းကရော၊ ပြည်ပကပါ ဘက်ပေါင်းစုံကနေ ပြင်းပြင်းထန်ထန် ဖိအားပေးပိတ်ဆို့မှုတွေ ဝိုင်းလုပ်မှပဲ သူတို့ဘက်က အလျှော့ပေးပြီး ထွက်ပေါက်ရှာလာတာမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ၊ သူတို့ကို အသိအမှတ်မပြုဘဲ ဖယ်ကြဉ်ထားတာတွေ၊ ပြည်သူတွေရဲ့ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ CDM လှုပ်ရှားမှုတွေ အားလုံးဟာ သူတို့ကို ဖိအားပေးနေတာပါ။ နောက်ပြီး လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုတွေကလည်း စစ်ကောင်စီကို ဖိအားပေးမှုတစ်မျိုးဖြစ်ပါတယ်။ ကျွန်တော့်အမြင်ကတော့ စစ်ခေါင်းဆောင်တွေကို ကိုင်တွယ်ဖို့ ဒါ့အပြင် အခြားနည်းလမ်းမမြင်ပါဘူး။

RFA : တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်တစ်ခုလုံးဟာ ပျက်စီးယိုယွင်းပြီး လမ်းမှားနေတာ ဖြစ်တဲ့အတွက် အခုအချိန်မှာ ထိပ်ဆုံးက စစ်ခေါင်းဆောင်တစ်ယောက် ပြောင်းသွားရုံနဲ့ မြန်မာနိုင်ငံက အခြေအနေတွေ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ မစ္စတာ စကော့မာစီရယ်က ဆွေးနွေးပွဲတစ်ခုမှာ ပြောသွားတာ တွေ့ရပါတယ်။ ဒီသုံးသပ်ချက်နဲ့ ပတ်သက်ပြီး အကျယ်တဝင့် ရှင်းပြလို့ ရမလား ခင်ဗျ။

အကျဉ်းချုံးပြီး ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေနဲ့ကော၊ မြန်မာ လူ့အဖွဲ့အစည်းနဲ့ပါ ကင်းကွာပြီး တစ်သီးတစ်ခြား ဖြစ်နေခဲ့တာပါ။ မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ အချင်းချင်းကလွဲရင် အခြား ဘယ်သူ့စကားမှ နားမထောင်တတ်တဲ့ သဘောလည်း ရှိပါတယ်။ သူတို့က တပ်မတော်လို့ ခေါ်တဲ့ စစ်တပ်ကသာလျှင် မြန်မာနိုင်ငံကို စုစည်းညီညွတ်မှုပေးမယ့် တစ်ခုတည်းသောအဖွဲ့အစည်း institution ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ မပြိုကွဲဖို့ သူတို့မှာ အာဏာရှိနေမှဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုအာဏာရှိနေဖို့လည်း ဘာမဆိုလုပ်ရမယ်လို့ သူတို့ကိုယ်သူတို့ အကြောင်းပြချက်ပေးထားပါတယ်။ အမှန်က သူတို့လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံကို စုစည်းညီညွတ်မှု မပေးဘဲ ပဋိပက္ခတိုက်ခိုက်မှုတွေ ပိုဖြစ်စေတာ ထင်ရှားနေတာတောင် ဒီအယူအဆကို မစွန့်လွှတ်ပါဘူး။ သူတို့က ပြည်တွင်းကပဲ ဖြစ်ဖြစ်၊ အပြင်က ဖြစ်ဖြစ် တပ်မတော်သားမဟုတ်တဲ့သူတွေရဲ့ အယူအဆကို လုံးဝလက်မခံပါဘူး။ NLD အစိုးရက မြန်မာနိုင်ငံကို နောက်ထပ်ငါးနှစ် အုပ်ချုပ်တဲ့အခါ စစ်တပ်ရဲ့ သြဇာအာဏာနဲ့ စီးပွားရေးမှာ လက်ဝါးကြီးအုပ်ချုပ်ကိုင်မှုတွေ လျော့ကျလာတော့မှာကို သူတို့ ကြောက်ရွံ့ပါတယ်။ ဒီလို ဖြစ်လာမှာကို စစ်ခေါင်းဆောင်တွေဘက်က လုံးဝသည်းမခံနိုင်ပါဘူး။ နောက်ထပ် စိန်ခေါ်မှုတစ်ခုကတော့ မြန်မာနိုင်ငံတွင်းက မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ လူ့အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့အတွက် ကြိုးပမ်းမှုတွေကို မြန်မာပြည်သူတွေအကြားမှာ ပိုပြီးလက်ခံလာပါ။ ဒါက မြန်မာစစ်ခေါင်းဆောင်တွေဖြစ်စေချင်တဲ့ ဗမာလူမျိုး ကြီးစိုးတဲ့ ပြည်ထောင်စုတည်ထောင်ဖို့ ရည်မှန်းချက်နဲ့ လုံးဝဆန့်ကျင်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ decentralization လို့ခေါ်တဲ့ ဗဟိုက ချုပ်ကိုင်မှု ဖျက်သိမ်းဖို့ ကြိုးပမ်းမှုတွေကို ပိုပြီးလက်ခံလာတာနဲ့အမျှ တိုင်းရင်းသားလူနည်းစုတွေရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်းနဲ့ ကိုယ်ပိုင်အယူအဆ ပြဋ္ဌာန်းခွင့်တွေကို လက်ခံဖို့ လိုလာတော့မယ့် အခြေအနေကလည်း အခြားအကြောင်းတစ်ခုဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ဆိုရင်လည်း စိန်ခေါ်မှုနှစ်မျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာစစ်တပ်ကို ဖယ်ထုတ်ဖို့ နဲ့ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဆိုတဲ့ ရည်မှန်းချက်နှစ်မျိုးလုံး အောင်မြင်ဖို့ စိန်ခေါ်မှုတွေ နဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။