မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်နဲ့ ဆက်သွယ်မေးမြန်းချက်
2022.08.09
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ကမ္ဘောဒီးယားနိုင်ငံက ခမာနီအစိုးရ နောက်ပိုင်း အရှေ့တောင်အာရှမှာ အဆိုးဆုံးအာဏာရှင် ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်က ပြောလိုက်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ စေ့စပ်ညှိနှိုင်းလို့ ရမယ့်သူတွေ မဟုတ်တဲ့အတွက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က အနိုင်ရအောင် လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့ ကူညီထောက်ပံ့ကြဖို့ လိုတဲ့အကြောင်း ပြောပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
------------
RFA : အခု မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီဟာ အရှေ့တောင်အာရှမှာ ခမာနီအစိုးရနောက်ပိုင်း အဆိုးဆုံးအာဏာရှင်ဖြစ်တယ်လို့ လူကြီးမင်းက သုံးသပ်ထားတာ တွေ့ရပါတယ်။ သံတမန်တစ်ဦးအနေနဲ့ရော၊ လေ့လာသုံးသပ်သူတစ်ဦးအနေနဲ့ လူကြီးမင်းရဲ့အတွေ့အကြုံအရ ဒီလို သုံးသပ်ရတဲ့အကြောင်း ရှင်းပြလို့ရမလား။
■ ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်အတွင်း အရှေ့တောင်အာရှမှာ ဒီလောက်ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်မျိုး မတွေ့ရပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲဟာ မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေမယ့်၊ သူတို့ရဲ့ သြဇာခံပါတီက ရှုံးနိမ့်သွားတဲ့နောက် တရားမဝင်အာဏာသိမ်းထားပါတယ်။ ဒါက ပြည်သူတွေက ဆန့်ကျင်ဆန္ဒပြတဲ့အခါမှာ ပြည်သူတွေအပေါ် သတ်ဖြတ်တဲ့စစ်ပွဲကို စတင်ပါတယ်။ မြန်မာပြည်သူတွေကို အကြောက်တရားနဲ့ ခြောက်လှန့်ပြီး သူတို့ အုပ်ချုပ်တာ လက်ခံလာအောင် လုပ်ပါတယ်။ ကျနော် အရှေ့တောင်အာရှမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ဒီလောက်ရက်စက်ကြမ်းကြုတ်ပြီး အရိုင်းအစိုင်းဆန်တဲ့ လုပ်ရပ်တွေနဲ့ ကိုယ့်ပြည်သူအပေါ် ကိုယ်ပြန်ဖိနှိပ်သတ်ဖြတ်တဲ့ အာဏာရှင်မျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။
RFA : အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မကြာခင်က သူ့ရဲ့မိန့်ခွန်းထဲမှာ NUG နဲ့ တော်လှန်ရေး အင်အားစုတွေကို ကူညီထောက်ပံ့ကြဖို့ ကမ္ဘာ့နိုင်ငံအားလုံးကို တောင်းဆိုလိုက်ပါတယ်။ ဒီလိုလုပ်ဖို့ ဖြစ်နိုင်မလား။ ကမ္ဘာ့နိုင်ငံတွေက ဘယ်လို လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ ကူညီလို့ ရနိုင်ပါမလဲ။
■ ကမ္ဘာကြီးက မြန်မာနိုင်ငံအတွက် အခုထက်မက အများကြီးပိုပြီး လုပ်ပေးသင့်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေလို့ ပြောတဲ့နေရာမှာ အုပ်စုတွေ ခွဲပြီး ပြောဖို့လိုပါတယ်။ ရုရှား၊ တရုတ်နဲ့ အချို့နေရာတွေမှာ အိန္ဒိယနိုင်ငံတွေက စစ်ကောင်စီကို တက်တက်ကြွကြွ အားပေးကူညီနေပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆိုရင် မကြာခင်ကပဲ နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ သူတို့က မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ မဲပေးရွေးချယ်ခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို လျစ်လျူရှုနေရုံမကဘဲ စစ်တပ်ကို လက်နက်တွေပါ ထောက်ပံ့ပေးနေပါတယ်။ ဒီနိုင်ငံတွေအပြင် စစ်ကောင်စီနဲ့ ဘုံသဘောတူညီချက် ငါးချက်ရယူပြီး၊ ကြားဝင်ဖြေရှင်းပေးဖို့ ကြိုးစားနေတဲ့ အာဆီယံနိုင်ငံတွေရှိပါတယ်။ ကြိုးစားပေးတဲ့အတွက် အာဆီယံကို အသိအမှတ်ပြုသင့်ပေမယ့် ဒီနည်းလမ်းက မအောင်မြင်တာ ထင်ရှားပါတယ်။ ဒီဘုံသဘောတူညီချက်တွေက အသုံးမဝင်တော့တာ ကြာလှပါပြီ။ ဒါကို လိုက်နာဖို့ ထပ်တလဲလဲတောင်းဆိုနေတာဟာ မြန်မာနိုင်ငံပြဿနာအတွက် အလုပ်ဖြစ်မယ့် နည်းလမ်းရှိတယ်လို့ အထင်မှားစေပါတယ်။ အဲဒါတွေ ပြီးတော့မှ အနောက်နိုင်ငံတွေလို့ ခြုံပြီးခေါ်ကြတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒီနိုင်ငံတွေက မြန်မာပြည်သူတွေရဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ပိုပြီးကိုယ်ချင်းစာတဲ့ သဘောရှိပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေအနေနဲ့လည်း ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတာကလွဲရင် ကျန်တာက အပြောပဲ ရှိပါတယ်။ ဒီနိုင်ငံတွေအနေနဲ့ အပြောနဲ့ ထောက်ခံနေတာကနေ တစ်ဆင့်တက်ပြီး၊ လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ အားပေးကူညီကြဖို့ လိုနေပြီလို့ ထင်ပါတယ်။ NUG နဲ့ မဟာမိတ်အဖွဲ့တွေကို ငွေကြေးအရ ကူညီထောက်ပံ့သင့်တယ်လို့ ထင်ပါတယ်။
RFA : အမေရိကန်နိုင်ငံအနေနဲ့ဆိုရင်ရော လက်ရှိ ဂျိုးဘိုင်ဒင်အစိုးရရဲ့ မြန်မာ့အရေးဆောင်ရွက်ချက်တွေက အားရကျေနပ်စရာရှိတယ်လို့ ထင်ပါသလား။ အမေရိကန်နိုင်ငံအနေနဲ့ အခြားဘာလုပ်ပေးနိုင်တာ ရှိသေးသလဲ။
■ လက်ရှိ ဂျိုးဘိုင်ဒင်အစိုးရဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိတယ်လို့ ယေဘုယျအားဖြင့် သုံးသပ်လို့ ရပါတယ်။ အမေရိကန်နိုင်ငံဟာ စစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတဲ့အပြင် စစ်ခေါင်းဆောင်တွေ အရေးတကြီး လိုချင်နေတဲ့ ဘဏ္ဍာငွေ ဒေါ်လာတစ်ဘီလီယံကိုလည်း ထိန်းချုပ်ထားပါတယ်။ တစ်ဖက်မှာလည်း NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ပြီး၊ စစ်တပ်က အာဏာသိမ်းထားတာကို ပျက်ပြယ်သွားအောင် ကြိုးစားနေတာကို ထောက်ခံကြောင်းပြသနေပါတယ်။ အခုအချိန်မှာ အမေရိကန်နိုင်ငံအနေနဲ့ နောက်တစ်ဆင့်တက်ဖို့ အချိန်ရောက်ပြီလို့ ထင်ပါတယ်။ NUG အပြင် အရေးပါတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်သင့်ပါတယ်။ NUG ကို ငွေကြေးထောက်ပံ့လို့ရမယ့် နည်းလမ်းအသစ်တွေ ရှာဖွေသင့်ပါတယ်။ NUG ရဲ့ ပညာသင်ကြားရေး လုပ်ငန်းတွေနဲ့ မြန်မာပြည်သူတွေကို အစားအစာနဲ့ ဆေးဝါးထောက်ပံ့တာလို့ လုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်နိုင်အောင် ငွေကြေးထောက်ပံ့ဖို့ လိုပါတယ်။ PDF နဲ့ အခြားအဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ NUG ကနေ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး အုပ်ချုပ်နိုင်တဲ့ အခြေအနေရောက်အောင် ကူညီပေးသင့်ပါတယ်။ အခုထက်မက အများကြီးလုပ်ပေးလို့ ရပါတယ်။ ယေဘုယျအားဖြင့်တော့ အမေရိကန်နိုင်ငံရဲ့ ထောက်ခံမှုက မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ သုံးသပ်ပါတယ်။
RFA : မြန်မာနိုင်ငံအရေးအတွက် အမေရိကန်ရဲ့ ကူညီထောက်ပံ့မှုတွေဟာ ရုရှားရဲ့ ကျူးကျော်တာ ခံနေရတဲ့ ယူကရိန်းကို ထောက်ပံ့မှုနဲ့ ယှဉ်ရင် အလွန်မှ နည်းပါးပါသေးတယ်။ မြန်မာပြည်သူတွေအနေနဲ့ ယူကရိန်းကို ကူညီထောက်ပံ့တဲ့ အတိုင်းအတာလောက်အထိ အမေရိကန်နိုင်ငံက ကူညီလာဖို့ မျှော်လင့်လို့ ရနိုင်မလား။
■ ယူကရိန်းနိုင်ငံနဲ့ အခြေအနေချင်းမတူတဲ့အတွက် နှိုင်းယှဉ်ပြောလို့မရနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လူသားချင်းစာနာမှုအရရော မြန်မာပြည်သူတွေ ဒီမိုကရေစီ ပြန်ရဖို့ ဘယ်လောက် လိုလားတောင့်တနေသလဲဆိုတာအရရော အကူအညီပေးသင့်ပါတယ်။ ယူကရိန်းနိုင်ငံကတော့ အိမ်နီးချင်း အင်အားကြီးနိုင်ငံတစ်နိုင်ငံကနေ ကျူးကျော်တိုက်ခိုက်ခံရတာ ဖြစ်တဲ့အပြင်၊ ရုရှားစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် တစ်ကမ္ဘာလုံးရဲ့ အားပေးထောက်ခံမှုရခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ခုက ယူကရိန်းအစိုးရဟာ မြေပြင်မှာ အမှန်တကယ်ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ ယူကရိန်းအစိုးရက ယူကရိန်းစစ်တပ်ကို ထိန်းချုပ်မှု မဆုံးရှုံးတဲ့အတွက် ပိုပြီးအင်အားရှိနေပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာနဲ့အလုပ်လုပ်ဖို့ ကူညီထောက်ပံ့ဖို့ ပိုပြီး လွယ်ကူစေပါတယ်။ NUG ကတော့ ဒီလိုအခြေအနေ မရှိသေးပါဘူး။ ဒါကြောင့် ယူကရိန်းကို ကူညီသလို အတိုင်းအတာနဲ့အကူအညီရဖို့တော့ မျှော်လင့်လို့ မရပါဘူး။ ဒါပေမဲ့ လုပ်လို့ရတာတွေ အများကြီး ရှိပါတယ်။ NUG နဲ့ တော်လှန်ရေး အင်အားစုတွေကို လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ ကူညီထောက်ပံ့လို့ ရပါတယ်။
RFA : နောက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အခြားကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ဆိုရင်လည်း မြန်မာနိုင်ငံအရေး ဆုံးဖြတ်ရမှာ နှောင့်နှေးကြန့်ကြာမှုတွေ ကြုံနေပါတယ်။ NUG ကို တရားဝင်အသိအမှတ်ပြုဖို့ ကိစ္စကနေ မြန်မာစစ်တပ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့အထိပေါ့နော်။ မဆုံးဖြတ်နိုင်ဘဲ နှောင့်နှေးနေတာ တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ရှင်းပြနိုင်ပါမလဲ။
■ ကုလသမဂ္ဂလို့ ပြောလိုက်ရင် လုံခြုံရေးကောင်စီနဲ့ အခြား အေဂျင်စီတွေကို ခွဲပြီး မြင်ဖို့လိုပါတယ်။ UNHCR တို့၊ UNDP တို့လို အခြား အေဂျင်စီ အဖွဲ့အစည်းတွေက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။ ဒီအဖွဲ့တွေက စစ်ကောင်စီရဲ့တရားဝင်ဖြစ်မှုကို အဆုံးအဖြတ်ပေးခွင့် မရှိပါဘူး။ တကယ်အရေးကြီးတဲ့ အဆုံးအဖြတ်ကို အဖွဲ့ဝင် ဆယ်နိုင်ငံ ပါတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ချမှတ်ပါတယ်။ NUG ကို လက်ခံအသိအမှတ်ပြုကြောင်း ဆုံးဖြတ်ချက်ကို မချမှတ်နိုင်အောင် တရုတ်၊ ရုရှားနဲ့ အခြားနိုင်ငံအချို့က ကန့်ကွက်ပြီး တားဆီးနေပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးနဲ့ အေဂျင်စီတွေကြောင့် နှောင့်နှေးနေတာ မဟုတ်ပါဘူး။ ဒီတော့ မြန်မာ့အရေးအတွက် ဝေဖန်မယ်ဆိုရင် ကုလသမဂ္ဂအဖွဲ့ကြီးတစ်ခုလုံးကို ဝေဖန်မယ့်အစား တားဆီးနေတဲ့ တရုတ်နဲ့ ရုရှားကိုပဲ ပစ်မှတ်ထားပြီး ဝေဖန်သင့်ပါတယ်။
RFA : NUG အနေနဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေကို သဘောထားပြောင်းလဲလာအောင် ညှိနှိုင်းဖို့ ဖြစ်နိုင်မယ်လို့ ထင်ပါသလား။
■ မထင်ပါဘူး။ ဒါပေမဲ့ ဒါက မြန်မာ့အရေးအတွက် မျှော်လင့်ချက်မရှိတဲ့ သဘော မဟုတ်ပါဘူး။ ကျနော် တွေ့ရသလောက်တော့ မြန်မာပြည်သူတွေဟာ တကယ်ပဲ စုစည်းညီညွတ်ပြီး စစ်ကောင်စီကို တိုက်ထုတ်ဖို့ ဆန္ဒရှိနေကြပါတယ်။ နိုင်ငံတကာကလည်း ဒီတော်လှန်ရေးလှုပ်ရှားမှုတွေကို အားပေးထောက်ခံနေကြပါတယ်။ မြန်မာပြည်သူတွေဘက်က ဒီလိုရဲစွမ်းသတ္တိနဲ့ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်ကို ယုတ်လျော့မသွားအောင် ဆက်ထိန်းထားနိုင်မလားဆိုတာရယ်၊ တော်လှန်ရေးအင်အားစုတွေကိုလည်း နိုင်ငံတကာက ငွေကြေးထောက်ပံ့တာတွေ လုပ်နိုင်မလားဆိုတာရယ် အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။