စစ်ကောင်စီခေါင်းဆောင်တွေကို အရေးယူဖို့ လိုအပ်နေကြောင်း HRW ပြော

ခင်ခင်အိ (ဝါရှင်တန်ဒီစီ)
2022.07.05
စစ်ကောင်စီခေါင်းဆောင်တွေကို အရေးယူဖို့ လိုအပ်နေကြောင်း HRW ပြော ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ဧရာဝတီတိုင်းတွင် ပြုလုပ်သည့် ဆင်ဖြူရှင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဒုတိယနေ့ကို တက်ရောက်လာသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: AFP

မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ တရားမျှတမှုရှာဖွေတဲ့ အစီအစဉ်တစ်ခု လုပ်ဆောင်သင့်ပြီလို့ Human Rights Watch ခေါ် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ပြောလိုက်ပါတယ်။ လက်ရှိ စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အခုလို ပြောကြားတာပါ။ Phil Robertson ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ဘယ်လိုများ ရှုမြင်သုံးသပ်ပါသလဲ။

Phil Robertson - ပြည်သူတွေအပေါ် စစ်ကောင်စီတပ်က Crimes against Humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ ဒါက အရေးကြီးဆုံးအချက်ပဲ။ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးတဲ့ ပြီးခဲ့တဲ့ ဆယ်နှစ်ကျော်ကာလကနေ အခုအချိန်အထိ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြင်နေရတယ်။ အခုဆိုရင် အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို မြန်မာနိုင်ငံ အနှံ့အပြားမှာ တွေ့ရတယ်။ တိုင်းရင်းသားဒေသတွေမှာသာမက မုံရွာ၊ စစ်ကိုင်း လို ဒေသတွေမှာ တွေ့နေရပြီ။ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လူတွေကို သတ်ဖြတ်၊ ရွာတွေကို မီးရှို့တာတွေ လုယက်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမှောင်တွင်းထဲကို ရောက်နေပြီ။ အခြေအနေတွေ ဆိုးသထက်ဆိုးလာတာကို ကျနော်တို့ မြင်နေရတယ်။ စစ်တပ်ကို ထိန်းချုပ်မယ့်သူ မရှိဘူး။ ထင်ရာစိုင်းပြီး လုပ်ချင်ရာ လုပ်နေတယ်။ ကံမကောင်းစွာနဲ့ပဲ မြန်မာလူထုက သူတို့လုပ်သမျှကို ခါးစည်းခံနေရတယ်။

မေး။ ။ မြန်မာစစ်တပ်ရဲ့ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တောင်းဆိုတာတွေရှိတယ်။ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေ ရှိတယ်။ ဒါပေမဲ့ စစ်ကောင်စီက ဒါတွေကို လျစ်လျူရှုပြီး ပြည်သူတွေကို သတ်ဖြတ်၊ နေအိမ်တွေ မီးရှို့တာတွေ အများအပြား ဖြစ်နေတယ်။ ဘာကြောင့် စစ်ကောင်စီက ဒီလိုလုပ်ဆောင်နေတယ်လို့ မြင်ပါသလဲ။

Phil Robertson - မြန်မာစစ်တပ်ရဲ့ ရိုင်းစိုင်းမောက်မာမှုကတော့ အလွန်ရှင်းပါတယ်။ သူတို့သာ တိုင်းပြည်ကို အုပ်ချုပ်မယ်။ ပြည်သူတွေက ငါတို့ခိုင်းသမျှ လုပ်ရမယ့်သူတွေ ဒါပေမဲ့ သူတို့က အာဏာသိမ်းပြီး ပါဝါရယူထားတာ၊ သူတို့အာဏာတည်မြဲဖို့အတွက် လူ့အခွင့်အရေးတွေ ချိုးဖောက်၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လုပ်ဆောင်နေတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဘာမှ အခုထိ လုံလုံလောက်လောက် လုပ်ဆောင်တာမရှိဘူး။ ပိတ်ဆို့အရေးယူမှုတချို့ ရှိပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို အပေးအယူ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်လာအောင် စွမ်းဆောင်နိုင်ခြင်းမရှိသေးပါဘူး။ အာဆီယံရဲ့ လုပ်ဆောင်မှုကလည်း ဘာမှ ထိရောက်ခြင်းမရှိပါဘူး။ ကုလရဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ နိုင်ငံတကာရဲ့ စစ်ကောင်စီကို လက်နက်ရောင်းချခြင်း မပြုဖို့ စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားကို ထောက်ပံ့နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှု ဒါတွေကို ကျနော်တို့ မြင်ရဖို့ လိုပါတယ်။ လူသားချင်းစာနာမှု အထောက်အကူတွေ ထိထိရောက်ရောက်ပေးပို့နိုင်ရေး ဒါတွေ ကျနော်တို့ လိုတယ်။



မေး ။ ။ စစ်ကောင်စီတပ်သားတွေရဲ့ သူတို့ကိုယ်တိုင်ပြောနေတဲ့ လူဘယ်လိုသတ်ခဲ့တယ်။ ဘယ်နှယောက်သတ်ခဲ့တယ်ဆိုတဲ့ ဗီဒီယိုကို ပြီးခဲ့တဲ့ သီတင်းပတ်တွေက RFA က ထုတ်လွှင့်ခဲ့ပါတယ်။ ဒီဗီဒီယိုကိုရော ဘယ်လိုမြင်လဲရှင့်၊ ဒီသက်သေအထောက်အထားကိုရော ဘယ်လိုအသုံးပြုသင့်ပါသလဲ။

Phil Robertson - ဒီလူတွေဟာ အင်မတန်ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုတွေ ကျူးလွန်တာ ထင်ရှားပါတယ်။ သူတို့ သတ်ချင်တဲ့သူ သတ်ဆိုပြီး မြှောက်ပေးနေတယ်။ သူတို့က လူသတ်ရတာကို နှစ်သက်သဘောကျတာကို မြင်နေရတယ်။ တစ်ယောက်ကဆိုရင် မင်းလူသတ်ရတာ ဘယ်လိုနေလဲ လို့ မေးနေတာ။ သူတို့က လူစိတ်ကင်းမဲ့နေကြတယ် - စစ်ဝတ်စုံဝတ်ပြီး တိုင်းပြည်ထဲသွားလာနေရမယ့် သူတွေမဟုတ်ဘဲ ဒီလူတွေက အကျဉ်းထောင်ထဲ ထည့်ထားရမယ့် လူတွေ။ သူတို့ကျူးလွန်နေတဲ့ လူသတ်မှုတွေ နှိပ်စက်ညှင်းပန်းတာတွေအပါအဝင် မတရားမှုတွေအတွက် အရေးယူအပြစ်ပေးရမှာဖြစ်ပါ တယ်။ ဒီဗီဒီယိုကို ကြည့်ရင် စစ်ကောင်စီရဲ့တရားမဝင်မှုနဲ့ သူ့အုပ်ချုပ်မှုအောက်မှာ ဥပဒေမဲ့ လုပ်ရပ်တွေ ဘယ်လောက်ဖြစ်နေတယ်ဆိုတာ မြင်နိုင်တယ်၊ ဒါလက်ခံနိုင်စရာ အကြောင်းမရှိဘူး၊ သိပ်ပြီး လွန်ကျူးလွန်းပါတယ်။ စစ်ကောင်စီက မတရားအာဏာရယူထားတာ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တဲ့ စစ်ကောင်စီက အာဏာဆက်ပြီး မရှိသင့်တော့ပါဘူး။ စစ်ကောင်စီရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ တရားမျှတမှု ရှာဖွေတဲ့ အစီအစဉ်တစ်ခုလိုနေပြီ။ ဒီစစ်သားတွေ သူတို့ကို အမိန့်ပေးခိုင်းစေတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ အမိန့်ပေးတဲ့ စစ်ကောင်စီခေါင်းဆောင်တွေကို အရေးယူဖို့ လိုအပ်နေပါတယ်။
HRW.jpg
HRW လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ အာရှဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး Phil Robertson နှင့် RFA ဆက်သွယ်မေးမြန်းစဉ်။

မေး။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးထားတယ်။ တရားစွဲထားတာလည်း ပုဒ်မ ၁၉ ခု ရှိပါတယ်။ လောလောဆယ် ပုဒ်မ ၆ ခုအတွက် ထောင်ဒဏ်လည်း ၁၁ နှစ်ချထားတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ နေပြည်တော်က အချုပ်ထောင်ကို ပြောင်းလိုက်ပါတယ်။ ဒီလို အချုပ်ထောင်ကို ပြောင်းလိုက်တဲ့အတွက်လည်း ပြည်တွင်းပြည်ပ ဝေဖန်နေကြတယ်။ Phil Robertson ကရော ဘယ်လိုသုံးသပ်ပါသလဲ။

Phil Robertson - ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူက တရားဝင် မဲပေးရွေးချယ်ထားတာ။ ၂၀၂၀ ရွေးကောက်ပွဲမှာ သူ အနိုင်ရထားတာ။ ရှင်းပါတယ်။ အာဏာသိမ်းစစ်ကောင်စီက သူ့ကိုလွတ်လပ်ခွင့်ပေးမှာ မဟုတ်ဘူး ၊ သူတို့သိတယ် ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ထောက်ခံလိမ့်မယ် ဆိုတာ။ မင်းအောင်လှိုင်က သူ သမ္မတဖြစ်ချင်တာ၊ ဒေါ်အောင်ဆန်းစုကြည်ရှိရင် ဘယ်တော့မှဖြစ်မှာ မဟုတ်ဘူးဆိုတာ သိလို့ အာဏာသိမ်းတာ။ ဘယ်လောက်တောင် ရွံစရာကောင်းလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို လုပ်တာတင်မက သူ့ကိုထောက်ခံသူတွေကိုလည်းခြိမ်းခြောက်တယ်။ မင်းတို့ ဒီမှာကြည့် ငါတို့ သူ့ကို ဘယ်လိုလုပ်နိုင်တယ် မင်းတို့ကိုလည်း ဘာဖြစ်ဖြစ် ငါတို့လုပ်နိုင်တယ် ငါတို့ခိုင်းတာ မင်းတို့လုပ်ရမယ် ဒီလိုမျိုး ခြိမ်းခြောက်တာ။ ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ကို ပို့လိုက်တာလည်း သူ့ကို ချိုးနှိမ်လိုက်တာ၊ သူ့ကို နိုင်ငံရေးထဲကနေ လုံးဝဖယ်ရှားဖို့ ကြိုးပမ်းတာ။ ဖြစ်နိုင်ချေကတော့ သူတို့အာဏာရယူထားသမျှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မှာမဟုတ်ဘူး။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို တစ်သက်လုံး အဝေးမှာ ထားချင်တာ။ ဒါကြောင့် သူ့ကို ပုဒ်မပေါင်းစုံတပ် တရားစွဲပြီး ထောင်ထဲက တစ်သက်လုံး မထွက်ရအောင်လုပ်တာ။ သူတို့ကို ပြန်ပြီး မတိုက်နိုင်အောင် သူ့ပါတီက ခေါင်းဆောင်တွေကိုလည်း ထောင်ထဲထည့် ဒါမှ စစ်တပ်က အုပ်ချုပ်တာကို သူတို့ ဖျက်လို့မရမှာ။ ဒါပေမဲ့ မြန်မာပြည်သူတွေကတော့ ဒါကိုလက်ခံမှာမဟုတ်ဘူး တန်ပြန်လုပ် ဆောင်ကြမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ အားတင်းထားရမှာပဲ။ သူ့အနေနဲ့ နှစ်ပေါင်းများစွာလည်း နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရဖူးတယ်။ ဒီတစ်ခါကတော့ အချုပ်ထောင်ဆိုတော့ သူ့အတွက် ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ သူကတော့ ဒါကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပြီးပြီလို့ ကျနော်ထင်ပါတယ်။

မေး။ ။ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ဆောင်ရွက်ချက်ကိုရော ဘယ်လိုမြင်ပါသလဲ။ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင်အတွက် ဘာတွေ လိုအပ်တယ်လို့ မြင်ပါသလဲ။

Phil Robertson - အာဆီယံရဲ့ချမှတ်ထားတဲ့ မူဝါဒတွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်း မရှိတာကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့က လက်ခံရမှာပါပဲ။ မြန်မာပြည်ရဲ့ ပြဿနာကို အာဆီယံအနေနဲ့ ဖြေရှင်းပေးနိုင်ခြင်း မရှိပါဘူး။ အာဆီယံကလည်း နှစ်ပိုင်း ကွဲနေတယ်။ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့က စစ်ကောင်စီကို ထောက်ခံတယ်။ မလေးရှား၊ စင်္ကာပူ၊ အင်ဒီုနီးရှား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်တို့က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းတာကို မြင်လိုကြတယ်။ ဒီနှစ်ခုကို ညှိလို့မရဘူး - နောက်နှစ် ဇန်နဝါရီကစပြီး အင်ဒိုနီးရှားက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတော့မယ်။ အဲဒီမှာ မူဝါဒ ချိန်းဦးမှာပဲ။ နောက်ထပ်ကိုယ်စားလှယ်အသစ် လွှတ်ဦးမှာပဲ။ ဒီလို နှစ်ခြမ်းကွဲနေတဲ့တွက် အားလုံးသဘောတူညီတဲ့ ဆုံးဖြတ်ချက်ကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုအချိန်ဟာ တခြားအနောက်နိုင်ငံတွေနဲ့ တခြားအာရှတိုက်မှာ ရှိတဲ့နိုင်ငံတွေ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေနဲ့ စားပွဲဝိုင်းမှာ ထိုင်ပြီး သူတို့အာဏာစွန့်လွှတ်ရေးအတွက် ဖိအားပေးရမှာဖြစ်တယ်။

ဟုတ်ကဲ့- အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။