စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီ ပြုတ်ကျသွားနိုင်ကြောင်း နိုင်ငံတကာပညာရှင်ပြော
2024.02.26

ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်တာဟာ စစ်တပ်က ကျူးလွန်လိုက်တဲ့ ဆိုးဆိုးဝါးဝါးအမှားတစ်ခု ဖြစ်ပြီး ဒါဟာ စစ်ကောင်စီကို ပြုတ်ကျသွားစေမဲ့ကိစ္စ ဖြစ်သွားနိုင်တယ်လို့ နိုင်ငံတကာရာသီဥတုဆိုင်ရာ အခွင့်အရေးအဖွဲ့ (Climate Rights International)တည်ထောင်သူ မစ္စတာ ဘရက်အာဒမ်စ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ မပြတ်အာရုံစိုက်နေသင့်တယ်လို့လည်း သူက ပြောပါတယ်။ ဘရက်အာဒမ်စ်ကို မခက်မာ တွေ့ဆုံမေးမြန်းထားပါတယ်။
---------
RFA - ပထမဆုံးအနေနဲ့ မစ္စတာ ဘရက်အာဒမ်စ်ရဲ့အဖွဲ့သစ်အကြောင်း ကျေးဇူးပြုပြီး ပြောပြပေးပါလား။ Climate Rights International ဆိုတာ ဘယ်လိုအဖွဲ့လဲပေါ့။
■ ကျွန်တော်က Human Rights Watch ရဲ့ အာရှရေးရာညွှန်ကြားရေးမှူးအဖြစ် အနှစ် ၂ဝ ကျော် လုပ်ခဲ့ပါတယ်။ ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးပြသနာတွေထဲက အရေးအကြီးဆုံးဖြစ်တဲ့ ရာသီဥတုဖောက်ပြန်မှုဟာ လူသားမျိုးနွယ်အတွက် သေရေးရှင်ရေးလို အရေးကြီးဆုံးဖြစ်နေတယ်လို့ထင်တဲ့အတွက် အဲဒီက ကျွန်တော်နုတ်ထွက်ခဲ့ပါတယ်။ ရာသီဥတုဖောက်ပြန်ခြင်းရဲ့လူ့အခွင့်အရေးဆိုင်ရာ အကျိုးဆက်တွေကို ကျွန်တော်တို့ရှာပါတယ်။ တစ်ခါတစ်ရံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ရာသီဥတုဖောက်ပြန်မှုကို ဘယ်လို ပိုပြီးဆိုးဝါးစေသလဲဆိုတာတွေကို တွေ့ရပါတယ်။
RFA - ဘရက်အာဒမ်စ်အကြောင်းပြောတဲ့အခါ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများစွာမှာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေတဲ့ လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူအဖြစ် သိကြပြီးသားဖြစ်ပါ တယ်။ အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ပို ပိုပြီး ဆိုးဝါးလာနေပါတယ်။ အဲဒီအတွက် ဘယ်လိုဖြေရှင်းရင် အကောင်းဆုံးဖြစ်မှာပါလဲ။
■ အကောင်းဆုံးကတော့ စစ်တပ်ဟာ နိုင်ငံရေးထဲ ဝင်မပါတော့ဘဲ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲလုပ်ပြီး အစိုးရအဖွဲ့အစည်းတွေကို လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးစနစ် ထူထောင်ခွင့်ပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့။ ဒါပေမဲ့ စစ်တပ်ဟာ ဒီလိုလုပ်မှာမဟုတ်ဘူး။ ဘယ်တုန်းကမှလဲ မလုပ်ခဲ့ဘူးဆိုတာ ကျွန်တော်တို့သိတာပဲ။
ကောင်းတယ်လို့ ပြောရအောင် သူတို့ အနီးစပ်ဆုံးလုပ်ခဲ့တာက ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းအတွင်းက ရွေးကောက်ပွဲ အကူးအပြောင်းပါပဲ။ ဒါကလည်း အဲဒီအချိန်မှာ စစ်တပ်ဟာ ဖိအားတွေ များနေပြီး အန္တရာယ် ရှိနေပြီလို့တွေးတာရော သူတို့ရှင်သန်မှုအတွက် မေးခွန်းထုတ်စရာလို့ ယူဆတာရောကြောင့် လုပ်ခဲ့တာပဲ။ ပြည်သူလူထုရော၊ တစ်ကမ္ဘာလုံးကပါ စစ်တပ်ကို ဆန့်ကျင်နေခဲ့တယ်။ တရုတ်က သူတို့ကို ကူညီမလားဆိုတာလည်း မသေချာဘူး။ အရင်ရွေးကောက်ပွဲမှာ သူတို့ ရှုံးခဲ့ပေမဲ့ ဒီတစ်ခါရွေးကောက်ပွဲလုပ်ပေးလိုက်ရင် နိုင်လိမ့်မယ်လို့ ထင်တယ်။ နိုင်ရင် အခြေခံအားဖြင့် စစ်တပ်လက်အောက်က အရပ်သားအစိုးရအတုအဖြစ် အာဏာပြန်ရနိုင်တယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ အဲဒီတစ်ခါမှာလည်း အပြတ်အသတ်ရှုံးပြန်တော့ သူတို့ အတော် အကျပ်ရိုက်သွားတယ်။ ဒီတော့ အာဏာသိမ်းတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲထည့်တယ်။ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေကို ပိတ်သိမ်းပစ်ပြီး နိုင်ငံရဲ့အစိတ်အပိုင်းတချို့မှာ ပြည်တွင်းစစ်ဖြစ်တာအပါအဝင် အခုကျွန်တော်တို့ မြင်နေရတဲ့ ဖိနှိပ်မှုတွေဆီကို ဦးတည်စေတဲ့ သူတို့ရဲ့မူလကစားနည်းဆီကို ပြန်သွားတယ်။ မြန်မာနိုင်ငံအတွက် ပြဿနာက တစ်ကမ္ဘာလုံးဟာ တခြားကိစ္စတွေဆီအာရုံရောက်နေတာပဲ။ မြန်မာ့ပြသနာကို ကမ္ဘာ့အရေးတွေကနေ နောက်ဘက်ကိုတွန်းပို့လိုက်တဲ့ကိစ္စ တစ်ခုမဟုတ်တစ်ခုက ရှိနေတယ်။ ရိုဟင်ဂျာတွေကို လပေါင်းများစွာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တုန်းက မြန်မာ့အရေးကို အာရုံပြန်စိုက်လာကြတယ်။ ဒါပေမဲ့ အခုတော့ ကမ္ဘာ့အစိုးရတွေဟာ မြန်မာနိုင်ငံက အခြေအနေနဲ့ပတ်သက်ပြီး ဘာလုပ်မလဲဆိုတာ မသေချာတဲ့ဆီကို ပြန်ရောက်သွားတယ်။ အခုဆို အစ္စရေး ဂါဇာပြဿနာ၊ မနှစ်ကဆိုရင် ယူကရိန်းပြဿနာတွေရှိနေတယ်။ ဆူဒန်၊ အီသီယိုပီးယား ပြဿနာတွေရှိနေတယ်။ မြန်မာ့အရေးစဥ်းစားဖို့လုပ်တိုင်း ပြဿနာတစ်ခုခုဖြစ်လာပြီး မြန်မာ့ပြဿနာကို အာရုံမစိုက်ကြတော့တဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဌာနတို့ ဥရောပသမဂ္ဂတို့ ဂျပန်နဲ့ တခြားနိုင်ငံတွေနဲ့ ကျွန်တော် အကြီးအကျယ် ငြင်းခုန်နေရတာ။ မြန်မာနိုင်ငံကို ကမ္ဘာက အမြဲတမ်းအာရုံစိုက်နေဖို့ လိုတယ်၊ အခု ကျွန်တော်တို့ဖြစ်နေတာ အဲဒါပဲ။ ကမ္ဘာ့အစိုးရတွေက မြန်မာနိုင်ငံအတွက် အမှန်တကယ်အကျိုးသက် ရောက်မှုရှိစေမယ့်ကိစ္စတွေအပေါ် အာရုံမစိုက်တော့တာ တွေ့ရတယ်။
RFA - အခုလို မြန်မာပြည်အတွက် ပြောဆိုပေးလို့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ မြန်မာစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအကြောင်းလည်း ကြားပြီးသားဖြစ်မှာပါ။ ပြည်သူတွေ အလွန်စိုးရိမ်နေကြတယ်၊ လူငယ်တွေက ပြည်ပနိုင်ငံတွေကိုထွက်ခွာဖို့ ကြိုးစားနေကြတယ်။ ပြီးခဲ့တဲ့ သီတင်းပါတ်ကဆို ပတ်စ်ပို့လျှောက်ဖို့တန်းစီရင်း လူ သုံးယောက် လူပိပြီးသေရတာမျိုးဖြစ်တယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။
■ ဒီဥပဒေအကြောင်း မြန်မာတွေဆီက ကြားရပါတယ်။ မြန်မာအကြောင်းတွေ တစ်ချိန်လုံးကြားနေရတတ်ပေမဲ့ လောလောဆယ်တော့ ဒီအကြောင်းပဲကြားနေရပါတယ်။ သူပြည်သူတွေက အရမ်းစိတ်ဆိုးပြီး စိတ်ပူနေကြတယ်။ ကျွန်တော်ကတော့ ဒါဟာ စစ်တပ်က ဆိုးဆိုးဝါးဝါးကျူးလွန်လိုက်တဲ့ အမှားတစ်ခုလို့ ထင်တယ်။ ဒါဟာ စစ်ကောင်စီကို ပြုတ်ကျသွားစေမဲ့ ကိစ္စလည်း ဖြစ်သွားနိုင်တယ်။ ဘာလို့လဲ ဆိုတော့ သူတို့သတ်မှတ်ထားတဲ့ အသက်အပိုင်းအခြားက အရမ်းများတော့ အိမ်တိုင်းလိုလိုက တစ်ယောက်မဟုတ်တစ်ယောက် ပါသွားနိုင်လို့ပဲ။ ဒီအသက်အပိုင်းအခြားဟာ စစ်မှုထမ်းဥပဒေရှိတဲ့ တခြားနိုင်ငံတွေထက် အရမ်းမြင့်နေတယ်။ လူထုကတော့ ဆိုးဆိုးဝါးဝါးတုံ့ပြန်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အစထဲကမှ လူကြိုက်နည်းတဲ့ စစ်ကောင်စီဟာ ထပ်ပြီး လူကြိုက်နည်းသွားလိမ့်မယ်။ လူသိများ လူကြိုက်များတဲ့အဖွဲ့တွေက ဘာလုပ်နိုင်မလဲဆိုတာကတော့ မေးခွန်းထုတ်စရာ ရှိတယ်။ ဘာလုပ်နိုင်မလဲ၊ ဘယ်လောက်လုပ်နိုင်မလဲ၊ အပြစ်မဲ့ပြည်သူတွေ အများကြီး အသတ်မခံရစေမဲ့ နည်းလမ်း ဖြစ်မလားပေါ့။ ဒါဟာကြောက်စရာကောင်းသလို စက်ဆုပ်ရွံရှာစရာ ထိတ်လန့်တုန်လှုပ်စရာ ကောင်းတဲ့ အရွေ့တစ်ခုပါပဲ။ စစ်တပ်ဟာ အလွန်အမင်း အကျပ်ရိုက်နေတာဖြစ်လိမ့်မယ်။ အာဏာကိုထိန်းချုပ်ဖို့အတွက် သူတို့ရဲ့နောက်ဆုံး ကြိုးစားမှုတစ်ခုပါပဲ။ အဲဒီလိုမဟုတ်ရင် သူတို့ ဒါကို လုပ်မှာမဟုတ်ဘူး။ သူတို့ကို လူတွေမကြိုက်ကြဘူးဆိုတာ သူတို့ သိတယ်။ ဒီလုပ်ရပ်ဟာ အန္တရာယ်များတယ်ဆိုတာလည်း သူတို့သိတယ်။ အန္တရာယ်သာမများရင် သူတို့ ဒီဥပဒေ အစောကြီးက ထုတ်ခဲ့မှာပေါ့။
RFA - ဟုတ်ကဲ့။ အခုဆို မြန်မာနိုင်ငံထဲမှာ မြေရှားသတ္တုတို့၊ ကျောက်စိမ်းတို့၊ သစ်တို့ ထုတ်နေတဲ့၊ တစ်သျူးငှက်ပျော စိုက်နေတဲ့ တရုတ်ကုမ္ပဏီတွေ အများကြီးရှိနေပါတယ်။ ဒီလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေလည်း အရင်ထဲက ပျက်စီးခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီလုပ်ငန်းတွေကတော့ တစ်နှစ်ပြီးတစ်နှစ် များလာနေဆဲ ပါပဲ။ ဒီလုပ်ငန်းတွေကြောင့် မြန်မာနိုင်ငံဟာ ဘယ်လောက်ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်လာနိုင်ပါသလဲ။
■ ဒီကိစ္စက မြန်မာနိုင်ငံရဲ့အခြေအနေအကောင်းဆုံးအချိန်မှာတောင် အတော်ခက်ခဲတဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အကျင့်ပျက်ခြစားမှုက အရမ်းများနေလို့ပါ။ အာဏာကို ဗဟိုက ချုပ်ကိုင်ထားတယ်။ စစ်တပ်ဟာ အလွန်အားကောင်းသော်လည်း နိုင်ငံရဲ့ပိုင်နက်၊ အထူးသဖြင့် သစ်တောတွေ၊ သတ္တုတွေ ရတနာတွေရှိတဲ့နေရာတွေကို သေသေချာချာ မထိန်းချုပ်ကြဘူး။ ဒါတွေကို ထိထိရောက်ရောက် ထိန်းချုပ်ဖို့ဆိုတာကတော့ ရှုပ်ထွေးပါတယ်။ ဒီလိုအခြေအနေတွေမရောက်ခင်၊ နိုင်ငံတွင်းက တချို့နေရာတွေမှာ စစ်တွေမဖြစ်ခင်ကတည်းက လက်နက်ကိုင်အဖွဲ့တချို့မှာက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေရှိနေပြီ။ ဒါတွေအားလုံးက အကျိုးအမြတ်အများဆုံးရချင်တဲ့ နေပြည်တော်အုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ချည်းတော့ မဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့တွေထဲမှာလည်း အဂတိလိုက်စားမှုက ရှိနေပါတယ်။ ဒီအချိန်ကတော့ နိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေကို အရင်က မြင်ခဲ့ရတာထက် ပိုဆိုးတဲ့ အရှိန်နဲ့ထုတ်လုပ်နေတဲ့အတွက် အလွန်စိုးရိမ်စရာ ကာလအပိုင်းအခြားတစ်ခုပါပဲ။ ဒီကိစ္စကို ကိုင်တွယ်ဖို့အရေးအကြီးဆုံးကတော့ နိုင်ငံတွင်းထိန်းချုပ်တာမျိုး သက်သက် မဖြစ်ဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက ထိန်းမှ မထိန်းချုပ်တာကိုး။ သတ္တုရိုင်းနိုင်ငံခြားတင်ပို့တာတွေကို ထိထိရောက်ရောက် ထိန်းချုပ်ရမယ်။ ကျောက်မြက်ရတနာလို ကျွန်းသစ်လို ပစ္စည်းတွေဟာ မြန်မာပြည်ကမဟုတ်ဘူးဆိုတာ သေသေချာချာ စိစစ်ရမယ်။ ဒီလိုလုပ်ဖို့ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့တော့လိုတယ်။ တရုတ်က ဒီ သဘာဝအရင်းအမြစ်တွေကို အဓိကရယူနေတဲ့ နိုင်ငံကိုး။ တရုတ်အစိုးရကတော့ အကောင်းတွေချည်း ပြောကောင်းပြောလိမ့်မယ်။ ပြောလည်း ပြောခဲ့တယ်။ ဒါပေမဲ့ တရုတ်မှာလည်း အကြီးအကျယ် အကျင့်ပျက်ခြစားမှုတွေရှိနေတာ ကျွန်တော်တို့ သိတာပဲ။ တရုတ်က မြေရှားသတ္တု လိုချင်တယ်။ ကျွန်းသစ်ကိုတော့ လိုချင်မှ လိုလိမ့်မယ်။ တွင်းထွက်ရတနာတွေကိုတောင် လိုချင်မှ လိုလိမ့်မယ်။ ဒါပေမဲ့ စက်မှုလုပ်ငန်းတွေအတွက် မြေရှားသတ္တုလို သတ္တုမျိုးတော့ သူတို့ တကယ့်ကို လိုချင်တယ်။ လျှပ်စစ်ကားတွေလို၊ ဆိုလာနဲ့ တခြားအရာတွေထုတ်လုပ်ဖို့ ဒီလိုသတ္တုတွေကို ရနိုင်သမျှရအောင် လက်ဝါးကြီးအုပ်ဖို့တော့ တရုတ်က ကြိုးစားနေတယ်။ ဒါကပဲ အမေရိကန်နဲ့ ဥရောပသမဂ္ဂဝင်နိုင်ငံတွေအနေနဲ့ တရုတ်ကို ပိုပြီး နီးနီးကပ်ကပ်ကြီးကြပ်စောင့်ကြည့်နိုင်ရေးဆီ ဦးတည်သင့်တဲ့ အချက်လည်းဖြစ်ပါတယ်။ တကယ်လို့များ တရုတ်အစိုးရဟာ ဒီလိုသတ္တုတွေကို တရားမဝင်တဲ့နည်းနဲ့ ရယူနေတာဆိုရင် ကုန်သွယ်မှုဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေလုပ်ဖို့အတွက် ကုန်သွယ်မှုဆိုင်ရာ စည်းမျဥ်းတွေ ထုတ်နိုင်မှာလည်း ဖြစ်ပါတယ်။
RFA - ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ်။