တနိုင်းကို တိမ်းရှောင်လာတဲ့ မှော်လုပ်သားနဲ့မေးမြန်းချက်
2017.06.07
ကချင်ပြည်နယ် တနိုင်းမြို့နယ်က တရားမဝင် တူးဖော်နေတဲ့ ရွှေနဲ့ ပယင်းမှော်တွေမှာ အစိုးရတပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်မှာဖြစ်တာကြောင့် အဲဒီဒေသတွေမှာ နေထိုင်လုပ်ကိုင်နေကြသူတွေဟာ တနိုင်းမြို့ကို ရွှေ့ပြောင်းလာနေကြပါတယ်။
ကေအိုင်အေတပ်မဟာ ၂ နဲ့ ထိစပ် နယ်မြေတွေထဲက အဲဒီ တရားမဝင် ရွှေနဲ့ ပယင်းမှော်တွေ ဘက်ကနေ ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး ပြောင်းရွှေ့ခိုင်းထားတာကြောင့် ဒေသခံရွာသားတွေနဲ့ ရွှေ့ပြောင်းလုပ်သား တွေဟာ တနိုင်းမြို့ပေါ်က ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။
တနိုင်းမြို့ မုန်ဒိန်ရပ်ကွက်က မြန်မာနိုင်ငံ အေဂျီ ( ဧဝံဂေလိ ) အသင်းတော် ဘုရားရှိခိုးကျောင်းမှာ မနေ့ ညပိုင်းက ရောက်ရှိခိုလှုံနေတဲ့ နမ်ဗြူမှော် အနီး နမ်ခမ်ရွာ လီဆူကုန်းရပ်ကွက်က ဦးဝေါ်လေးကို RFA သတင်းထောက် ကိုကျော်မျိုးမင်းက ဒီကနေ့ ဆက်သွယ်မေးမြန်ထားပါတယ်။