ဒေါ်အောင်ဆန်းစုကြည် အမှာစကား တော်လှန်ရေးအတွက်တန်ဖိုးရှိတယ်လို့ ဒေါက်တာဇော်ဝေစိုးပြော

ခင်မောင်စိုး (ဘန်ကောက်မြို့)
2022.12.08
ဒေါ်အောင်ဆန်းစုကြည် အမှာစကား တော်လှန်ရေးအတွက်တန်ဖိုးရှိတယ်လို့ ဒေါက်တာဇော်ဝေစိုးပြော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။
Photo:AFP

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအရေးအတွက် ခုခံတိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေအထူးသဖြင့် လူငယ်တွေကို ဂုဏ်ယူတယ်လို့ ပြောကြားခဲ့တာဟာ အင်မတန်တန်ဖိုးရှိတဲ့ သတင်းစကားဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောလိုက်ပါတယ်။

ဒါ့အပြင် ကျောင်းသားတွေကို စစ်ကောင်စီက လတ်တလော သေဒဏ်ချမှတ်ခဲ့တဲ့ကိစ္စ၊ တမူးမြို့မှာ အမျိုးသမီးတစ်ဦးကို PDF ဆိုသူတွေက ဥပဒေမဲ့သတ်ဖြတ်ခဲ့မှုစတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့သဘောထားအမြင်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။



မေး။ ။ဝန်ကြီးဒေါက်တာဇော်ဝေစိုးခင်ဗျာ။ မြန်မာပြည်အကျဉ်းထောင်ကနေ မကြာခင်ရက်ပိုင်းက ပြန်လွတ်လာခဲ့တဲ့ ဩစတြေးလျနိုင်ငံသား ပါမောက္ခမစ္စတာရှောင်တာနဲလ်က အမေရိကန်သတင်းဌာနတစ်ခုနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုပြောတယ်တဲ့ မြန်မာလူငယ်တွေ အထူးသဖြင့် မြန်မာပြည်သူတွေပေါ့နော် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြတာကို သူအထူးပဲ ဂုဏ်ယူမိတယ်လို့ ပြောသွားတယ်ဆရာရယ်။ နောက်ဆက်ပြီး သူက ပြောတာကတော့ “မြန်မာပြည်သူတွေဟာ ဒီမိုကရေစီအရသာကို ခေတ္တခဏလောက်ပဲခံစားခဲ့ရတာပါ။ ဒါပေမဲ့ ဒီမိုကရေစီအတွက်ကို ခုခံတိုက်ပွဲဝင်နေကြတာ သူအလွန်ပဲဂုဏ်ယူတယ်” လို့ပြောသွားတယ် ခင်ဗျ။ အဲ့တော့ ဆရာက ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပုဂ္ဂိုလ်ရေးအရပါ ရင်းနှီးခဲ့တယ်ဆိုတော့ ဒီလိုပြောစကားပေါ် ဆရာဘယ်လိုများ သဘောထားလဲခင်ဗျ။

ဖြေ။ ။ ဒီထက်ကောင်းတာ ဘာရှိသေးလဲပေါ့ဗျာ။ ကျွန်တော် အဲ့လိုမျိုးပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီကရတဲ့ သတင်းစကားက သိပ်ကောင်းတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ တော်တော့်ကိုကောင်းတဲ့ သတင်းစကားလို့ ကျွန်တော်က သုံးသပ်တယ်။ ရှောင်တာနားနဲ့ ကျွန်တော်တို့ လူချင်းလည်း အဆက်အသွယ်ရှိပါတယ်။ သူလွတ်လာပြီးတဲ့နောက် အဆက်အသွယ်တွေလည်းရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ပေးတဲ့ မက်ဆေ့ချ် ကဘာလဲလို့ ကျွန်တော် အနက်ဖွင့်ကြည့်တဲ့ အခါကြတော့ အဓိပ္ပါယ်က ဒီနေ့တော်လှန်ရေးကို ထောက်ခံတယ်လို့ အဓိပ္ပါယ်ရတယ်ဗျာ။ ဒီနေ့တော်လှန်ရေးလုပ်နေတဲ့ လူငယ်တွေရဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေရာကနေ အခုလက်နက်ကိုင်တော်လှန်ရေး လုပ်နေတာကို သူကသဘောကျတယ်လို့ သွယ်ဝိုက်ပြီး ပြောသွားတာလို့ ကျွန်တော်တော့မြင်တယ်။ နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ အကျဉ်းကျ နေရတဲ့ အချိန်မှာ မြဝတီတို့၊ MTRV တို့သတင်းကြည့်ခွင့်ရနေတဲ့သဘော၊ သတင်းစာဖတ်ခွင့်ရနေတဲ့ သဘောရှိပါတယ်။ အဲ့ဒီဟာတွေဖတ်ပြီးတော့ အဲ့ဒီဟာတွေရဲ့ ထုံးစံအတိုင်းပေါ့ မြဝတီကို ပြောင်းပြန်လှန်လိုက်ရင် သတင်းအမှန်ပဲဆိုတာ သူသိတာပဲ။ ဒါကြောင့် သတင်းအမှန်တွေကို ဒေါ်အောင်ဆန်းစုကြည်ရနေတယ်လို့ ကျွန်တော်တော့မြင်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အခုပေးတဲ့ မက်ဆေ့က ကျွန်တော်တို့ လူငယ်တွေ ကျွန်တော်တို့ တော်လှန်ရေးသမားတွေ ကျွန်တော်တို့တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေအတွက်တော့ အားဖြစ်စေတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာစိုးရိမ်နေတဲ့စိုးရိမ်စိတ်တွေကို ပျောက်သွားစေမယ်လို့ ကျွန်တော်တော့မြင်တယ်ဗျ။ အဲ့ဒါကြောင့် ဒီမက်ဆေ့လေးတလုံးက ကျွန်တော်တို့ တော်လှန်ရေးကို အတော်ပြီးမြောက်သွားစေတယ်လို့ ကျွန်တော်တော့အဓိပ္ပါယ်ယူတယ်။

မေး။ ။ ဒီရက်ပိုင်းမှာ တက္ကသိုလ်ကျောင်းသား ၇ ယောက်ကို စစ်ကောင်စီတရားရုံးက သေဒဏ်ပေးလိုက်ပါတယ်။ အဲဒီကိစ္စကော ဆရာဘယ်လိုမြင်လဲ ခင်ဗျ။

ဖြေ။ ။ စကစက ကျောင်းသားတွေအပေါ်ကို ထားတဲ့သူတို့ရဲ့ သဘောထားနဲ့ တော်လှန်ရေးအပေါ်မှာထားတဲ့ သဘောထားကို ဖော်ပြတာပဲဗျ။ အရင်တစ်ခါကျွန်တော်ပြောသလိုပဲ ကိုဂျင်မီ တို့ကိုဖြိုးဇေယျာသော်နဲ့ ကျန်တဲ့ နှစ်ယောက်တုန်းကလည်းပဲ သူတို့က တံခါးပိတ်ဝါဒသုံးပြီး မပြန်လမ်းကို ရွေးသွားတာ။ အခုထပ်ပြီးတော့ ပိုဆိုးသွားတဲ့ မပြန်လမ်းအပြင် ကျွန်တော်တို့ ကျောင်းသားတွေနဲ့ ထာဝရ ရန်သူကို သူရွေးသွားတာပဲ။ သူ့အတွက်က ဒါကနောက်ဆုံးလမ်းပဲဗျ။ အဲ့ဒါကိုရွေးသွားတာလို့ ကျွန်တော်တော့ မြင်တယ်။ ကျွန်တော်တို့ ကျောင်းသားတွေနဲ့ ပညာရေးဝန်ကြီးဌာနကတော့ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ ပညာရေးအဖွဲ့အစည်းတွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းဖြန့်ပြီးတော့ ဒါကိုကျွန်တော်တို့ advocate လုပ်နေတယ်။ သူတို့နဲ့ဆွေးနွေးပွဲတွေလုပ်နေတယ် ဒီအကြောင်းတွေကိုပြောတယ်၊ UN အဖွဲ့အစည်းတွေကို ပြောတယ်၊ နိုင်ငံတကာ တက္ကသိုလ်တွေကိုပြောတယ်၊နိုင်ငံတကာ ပညာရေးအဖွဲ့အစည်းတွေကို ပြောတယ်။ ဒီကိစ္စကို တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ စစ်ကောင်စီကို ဖိအားအပြင်းအထန်ပေးနိုင်အောင် ကျွန်တော်တို့စီစဉ်နေတယ်ဗျ။ ဒါက စကစက နိုင်ငံတကာနဲ့ ပတ်သက်ရင် နောက်ဆုံးရက်တွေလို့ ကျွန်တော်မြင်ပါတယ်။

မေး။ ။ ဒီရက်ပိုင်းမှာ တမူးမြို့မှာ အမျိုးသမီးတစ်ယောက်ကို PDF လို့ပြောတဲ့ လက်နက်ကိုင်တချို့က ဥပဒေမဲ့ သတ်ဖြတ်တဲ့ ဗီဒီယိုဖိုင်တစ်ခုတက်လာခဲ့ပါတယ်။ နောက်ခံအကြောင်းတွေက ကျွန်တော်တို့မသိနိုင်တာ ရှိနိုင်တာပေါ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာတို့အစိုးရအဖွဲ့ကစုံစမ်း စစ်ဆေးနေတယ်လို့ ကျွန်တော်တော့ကြားတယ်။ ဆရာနည်းနည်းများ ပြည့်ပြည့်စုံစုံပြောပြနိုင်မလားခင်ဗျ။

ဖြေ။ ။ ပထမ ဦးဆုံး နံပါတ် ၁ ကတော့ ဥပဒေမဲ့ လုပ်ရပ်ကို ဘယ်သူပဲလုပ်လုပ် ကျွန်တော်တို့ လက်မခံဘူးဆရာ။ အဲ့ဒါကျွန်တော်တို့ရဲ့ ရပ်တည်ချက် ဖက်ဒရယ်ဒီမိုကရေစီချာတာနဲ့ ပြည်သူလူထုရဲ့ ရပ်တည်ချက်ပဲလေ။ ဒါဘယ်သူလုပ်လုပ်လက်မခံဘူး။ ဒါ့အပြင် ဒါရဲ့အစစ်အမှန်အခြေခံ နောက်ကြောင်းတွေကိုလည်း ဖော်ထုတ်ရမှာပဲ။ ဒါကြောင့ကျွန်တော်တို့ စုံစမ်းစစ်ဆေးတာလုပ်တယ်၊ ဒီ့ထက်ပိုပြီး ပြည်သူတွေကိုကော ကမ္ဘာကိုကော ပြောချင်တာကတော့ သိပ်ကို အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ အရင်တုန်းကလည်း အတွေ့အကြုံတွေရှိခဲ့ပြီးသား ၂၀၀၄ တုန်းက ဗုံးတွေပေါက်တယ်။ ရန်ကုန်မှာ ဗုံး ၃ လုံးပေါက်ပြီးတော့ လူတွေရာနဲ့ချီပြီး အဲ့တုန်းကကျွန်တော်က ရန်ကုန် ဆေးရုံကြီးမှာ အရေးပေါ်ဆရာဝန် ပါမောက္ခလုပ်နေတဲ့အချိန်။ လူ ၃၀၀ ရာလောက် ကြမ်းပြင်ပေါ်မှာ သွေးသံတရဲရဲနဲ့ တစ်ခါထဲ သေတဲ့သူသေနဲ့ အဲ့လိုဖြစ်ခဲ့တာ။ အဲ့လောက် ပြင်းထန်တဲ့ ဗုံးသုံးလုံးကို တပြိုင်နက်ရန်ကုန်မှာ ဖောက်တာ ဘယ်သူဖြစ်နိုင်မလဲဗျ။ ဆိုတော့ အဲ့ဒီလိုမျိုး ဒီအချိန်မှာ ဖြစ်လာနိုင်တယ်လို့ ကျွန်တော်မြင်တယ်။ အခုလိုမျိုးလုပ်ဇာတ်တွေ။ ရိုဟင်ဂျာကိစ္စတုန်းကလည်း ကျောက်နီမော်မှာ မိန်းကလေးကို Rape လုပ်ပြီးသတ်တယ်ဆိုတဲ့ဟာမျိုးက ဒါတွေကလုပ်ဇာတ်တွေ နောက်ခံအကြောင်းတွေ အများကြီးရှိတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၂၀၀၇ နောက်ပိုင်းမှ ဒီမဘသတို့ အစွန်းရောက် ဗုဒ္ဓဘာသာတွေပေါ်လာတာလည်း ဆင်တဲ့ဆင်ကွက်တွေပဲ။ အခုဒါကို ဆင်ကွက် ဖြစ်မှာကို ကျွန်တော်စိုးရိမ်တဲ့အပြင် အဲ့ဒါနဲ့အတူ ပြည်သူတွေရဲ့အသက်တွေအများကြီးကိုစကစ က စတေး ပြီးတော့ သူတို့ Image ကိုတင် ကျန်တဲ့အဖွဲ့အစည်းတွေရဲ့ ပုံရိပ်ကိုချဖို့ လုပ်လာနိုင်တယ်လို့ ကျွန်တော်မြင်တယ်။ အရမ်းကို ကျွန်တော်တော့စိုးရိမ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး။

မေး။ ။ လက်ရှိမြန်မာပြည်မှာ ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေအများကြီးဖြစ်နေပြီပေါ့နော်။ မီးတွေရှို့ခံရလို့ နေစရာမရှိ၊ တခြားကျန်းမာရေးလည်း အထွေအထူးလတ်တလော လိုနေတဲ့ပြည်သူတွေ အများကြီးရှိတာပေါ့။ အဲ့ဒီပုဂ္ဂိုလ်တွေ ပြည်သူတွေအတွက်ကော ဆရာတို့ကျန်းမာရေးဝန်ကြီးဌာနက ဘာတွေများလုပ်ဆောင်နိုင်တာ ရှိလဲခင်ဗျ။

ဖြေ။ ။ မကျေနပ်ပါဘူး။ အစကည်းက ကျန်းမာရေးနိမ့်ကျနေတဲ့တိုင်းပြည်မှာ ဒီလို အဖြစ်အပျက်တွေဖြစ်တော့ ပိုဒုက္ခရောက်တာပေါ့။ အဓိက ကျွန်တော်တို့ တော်လှန်ရခြင်းအကြောင်းအရင်းမှာ အဲ့ဒါကနံပါတ် ၁ ပဲ။ အဲ့ဒါကြောင့် ကျွန်တော်တော့ မကျေနပ်ဖူး။ ဒါကို ကျွန်တော်တို့တတွေ အစွမ်းကုန်ကြိုးစားနေတယ်။ အခုတော့ ဒါပေမယ့် အာဆီယံ summit ထိပ်သီးညီလာခံ အပြီးမှာ နိုင်ငံတကာက ကျွန်တော်တို့တတွေကို ပိုပြီး engage ထိတွေ့ဆက်ဆံမှု လုပ်လာတယ်။ အဲ့ဒီအပေါ်မှာ အခုကျွန်တော်တို့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ စောင့်ရှောက်မှုတချို့၊ နိုင်ငံတကာအကူအညီတချို့ ပိုရလာတာ အဲ့ဒါဟာ ကျွန်တော်တို့အတွက်တော့ ရှေ့လာမယ့် ၂၀၂၃ အတွက် ဖြစ်လာနိုင်တဲ့ တိုက်ပွဲတွေအတွက် လူသားချင်းစာနာမှုတွေ အတွက်တော့ ပြင်ဆင်ဖို့အတွက် အရင်ထက်စာရင်အားပိုကောင်းလာတယ်လို့ ပြောချင်ပါတယ်။

မေး။ ။ အခုဆရာပြောသွားသလိုပဲ လာမယ့် ၂၀၂၃ မှာ မြန်မာပြည်တွင်းမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာမယ်ဆိုရင်ကော ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆရာတို့ပြင်ဆင်ဆောင်ရွက်နေတာများ ရှိရင်လည်းသိချင်ပါတယ် ခင်ဗျ။

ဖြေ။ ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အဓိကထားပြင်ဆင်ရတာပေါ့။ 1 year plan ထဲမှာ ကျွန်တော်ရဲ့ တာဝန်ကတော့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီးပြင်ဆင်ရတာ။ အဲ့မှာ ၂ ပိုင်းရှိပါတယ်။ နံပါတ် ၁ ကတော့ ကာကွယ်ရေးဝန်ကြီးဌာနရယ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရယ် တိုင်းရင်းသားကျန်းမာရေးစောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ခုနက တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ နေရာတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ပြင်တယ်ပေါ့ဗျာ။ အဲဒီမှာတော့ PDF တွေ တိုင်းရင်းသားလက်နက်ကိုင် ရဲဘော်တွေ အကုန်လုံးကို ရှေးဦးသူနာပြုစုနည်းသင်တယ်၊ PDF ၁၀ ယောက် ၁၅ ယောက်ရှိတိုင်း ဆေးတပ်သား တစ်ယောက်ဖြစ်အောင် ကျွန်တော်တို့သင်တယ်။ အရေးပေါ်ပစ္စည်းတွေ ထောက်ပံ့တယ်ပေါ့ဗျာ။ အဲ့ဒီ့အလုပ်တွေကိုကျွန်တော်တို့လုပ်တယ်။ တပ်ရင်း ၁ ရင်းတိုင်းမှာ MA ပေါ့ ကျန်းမာရေးဆေးမှုးရှိအောင် လုပ်တယ်။ Mobile team တွေ၊ Mobile hospital တွေ၊ အခြေစိုက်ဆေးရုံတွေ အဲ့ဒါတွေလုပ်တယ်ပေါ့ဗျာ။ ဒါလည်း ကျွန်တော်Data တွေနဲ့ကျွန်တော်ပြောထားပြီးသားပါ။ Mobile hospital ၁၆၇ ရုံ အခြေစိုက် ဆေးရုံ ၅၂ အခုတော့ ၅၆ ဖြစ်နေပြီ။ ကျွန်တော်တို့ အသစ်တွေထပ်ဆောက်နေပြီ။ အဲ့ဒါကို ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းတွေနဲ့ ဒီ MOD နဲ့ တွဲပြီးဒါတွေကို ကျွန်တော်တို့လုပ်နေတာ။ ဒါက ခုနကစစ်ပွဲအတွက်ပြင်တာပေါ့။ တစ်ဖက်ကလည်း ကျွန်တော်တို့ထိန်းနိုင်သိမ်းနိုင်တယ် အခုစစ်ကိုင်းလိုနေရာမျိုး မကွေးလိုနေရာမျိုးမှာ ထိန်းနိုင်သိမ်းနိုင်တယ်၊ ချင်းလိုနေရာမျိုးကရင်နီလို နေရာမျိုးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်အောင် ကျွန်တော်တို့ စီစဉ်နေပါတယ်။ Primary Healthcare လို့ ခေါ်တဲ့ အခြေခံကျန်းမာရေး ဆေးရုံဆေးခန်းတွေမှာ ခွဲစိတ်ကုသရေး အဲ့ဒါတွေလည်း ပြင်ဆင်နေတယ်ဗျ။ အဲ့ဒါတွေက ကျွန်တော်တို့ 1 year plan တွေထဲမှာ ပြင်ဆင်နေတဲ့ အချက်တွေပါပဲ။

မေး။ ။ အခုနွေဦးတော်လှန်ရေးဟာ တဖြည်းဖြည်းနဲ့ ၁ နှစ်ခွဲကျော်လာပြီ၊ ၂ နှစ် နီးပါးဖြစ်လာပြီပေါ့နော် စစ်ဘေးရှောင်တွေလည်းများလာတယ်၊ နောက်ပြည်သူလူထု၊ တိုက်ပွဲဝင်နေတဲ့သူတွေကော၊ PDF တွေကော၊ CDM ဝန်ထမ်းတွေကော လူထုက အကြီးအကျယ် ရုန်းကန်နေရတာပေါ့နော်။ အခက်အခဲအများကြီးတွေ့နေတယ်။ လာမယ့်နှစ်မှာ မြန်မာပြည်ရဲ့ အခြေအနေဟာ ဘယ်လိုအခြေအနေမျိုးတွေဖြစ်လာနိုင်လဲ ပိုပြီးတိုးတက်လာနိုင်လား ပိုပြီးဆိုးရွားလာနိုင်သလား ဆရာ့သုံးသပ်ချက် နောက်ဆုံး သိချင်ပါတယ် ခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တော့ အကောင်းကို မျှော်လင့်ပါတယ်။ လက်ရှိအခြေအနေတွေကိုသုံးသပ်ပြီးတော့ ကျွန်တော်တို့ ရေးဆွဲထားတဲ့ 1 year plan လည်း ဆရာတို့လည်း သိပြီးသားပဲ။ Phase 1,2,3 နဲ့ ကျွန်တော်တို့သွားထားတယ် အဲ့ဒီမှာ ကျွန်တော်တို့ ပြင်ဆင်ပြီးတော့ နောက်တစ်ဆင့်ပြီးတစ်ဆင့် တက်သွားဖို့နဲ့ စီမံခန့်ခွဲမှုကို ငွေရေးကြေးရေး အရကော၊ နိုင်ငံရေးအရရော၊ နိုင်ငံတကာရေးရာအရရော အားလုံးတွက်ချက်ပြီး ပြင်ဆင်ထားတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့လည်း တိုင်ပင်ထားတာ။ ဒီဟာက ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ကြေငြာထားတဲ့ ကြေငြာချက်မဟုတ်ဖူး။ အဖွဲ့အစည်းတွေအားလုံးနဲ့ တိုင်ပင်ပြီး ပြင်ဆင်ထားတာဖြစ်တဲ့အတွက်တော့ ကျွန်တော်တို့ အကောင်းဆုံး ကိုတော့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ အဆိုးဆုံးကိုလည်း ပြင်ဆင်ပြီး ကျွန်တော်တို့သွားမယ်။ ပြည်သူလူထုအတွက်တော့ ကျွန်တော်ထင်တယ် ဒီ ၂၀၂၃ ဟာ အဖြေတစ်ခုထွက်လာမယ့် နှစ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်ဗျ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Kyaw min
2022-12-08 14:06

👎👎👎