ဂမ်ဘီယာ အကျိုးဆောင်ရှေ့နေနဲ့ RFA သီးသန့်တွေ့ဆုံမေးမြန်းခန်း
2019.11.22
မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့အမှုမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေ အမြောက်အမြား ရှိနေတယ်လို့ ဂမ်ဘီယာနိုင်ငံဘက်က အမှုလိုက်ပေးနေတဲ့ Foley Haog ရှေ့နေအဖွဲ့က ပြောလိုက်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး Foley Hoag ရှေ့နေအဖွဲ့ရဲ့ ခေါင်းဆောင် Paul Reichler ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
RFA - မြန်မာအစိုးရက ကုလအချက်အလက်ရှာဖွေရေးအဖွဲ့တွေကို နိုင်ငံထဲဝင်ရောက်ခွင့်မပေးပါဘူး။ အခုအမှုမှာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် သက်သေအထောက်အထား ဘယ်လောက်ခိုင်ခိုင်မာမာ ရှိနေသလဲ။
Paul Reichler - ဒါနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေ အမြောက်အများ ရှိနေပါတယ်။ အချက်အလက် ရှာဖွေရေး အဖွဲ့တွေ၊ ကုလ အထူးကိုယ်စားလှယ်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ထားတဲ့ အစီရင်ခံစာတွေ အများကြီးရှိပါတယ်။ ဂြိုဟ်တုက ရိုက်ထားတဲ့ ဓာတ်ပုံတွေ အထောက်အထားတွေလည်း ရှိပါတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော် နဲ့ အစိုးရတာဝန်ရှိသူ အချို့ရဲ့ ပြောဆိုချက် တော်တော်များများအရလည်း မြန်မာနိုင်ငံရဲ့ ရည်ရွယ်ချက်ဟာ ရိုဟင်ဂျာတွေကို လူမျိုးစုတစ်ခုလုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးပစ်ဖို့ဖြစ်တဲ့အကြောင်း ထင်ရှားပါတယ်။ ဒီအထောက်အထားတွေဟာ အလွန်မှပဲ ခိုင်မာတဲ့အတွက် ဂမ်ဘီယာ နိုင်ငံရဲ့ စွပ်စွဲချက်ကို ICJ တရားရုံးအနေနဲ့ လက်ခံလိမ့်မယ်လို့ ယုံကြည်ပါတယ်။
RFA - မြန်မာအာဏာပိုင်တွေပြောတာက ခုလိုတရားစွဲတာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတယ်လို့ ဆိုပါတယ်။ ဒါဟာ နိုင်ငံတကာဥပဒေတွေအရ မှန်ကန်ပါသလား။
Paul Reichler - လုံးဝမမှန်ပါဘူး။ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုပါ။ ဒါပေမယ့် နိုင်ငံတွေဟာ နိုင်ငံတကာ ပဍိညဉ် စာချုပ်တွေ၊ သဘောတူစာချုပ်တွေကို ဆန္ဒအလျှောက် ပါဝင်လက်မှတ်ရေးထိုးလိုက်တဲ့အခါ စာချုပ်ထဲမှာပါတဲ့ တာဝန်ရှိမှုတွေနဲ့ လုပ်ပိုင်ခွင့်တွေ အားလုံးကို လက်ခံပြီးသား ဖြစ်သွားပါတယ်။ မြန်မာနိုင်ငံဟာ အရင် Burma နာမည်နဲ့ ရှိစဉ်ကတည်းက ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူညီချက်တွေကို ဆန္ဒအလျှောက် သဘောတူလက်မှတ်ထိုးထားခဲ့ပါတယ်။ ဒါကြောင့် သဘောတူညီချက်အရ ဘယ်လူမျိုးစုကိုမဆို လူမျိုးတုံးသတ်ဖြတ်မှုတွေ မဖြစ်အောင် ကာကွယ်ဖို့ တာဝန်ရှိသလို၊ ဒီသဘောတူညီချက်ရဲ့ အခန်း၉ အရ လူမျိုးတုံးသတ်ဖြတ်မှုတွေ မဖြစ်အောင် ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံရရင်လည်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရဲ့ စီရင်ဆုံးဖြတ်ခွင့်ကို လက်ခံဖို့ပါ အလိုအလျှောက် သဘောတူပြီးသားဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဘက်က ဒီသဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ICJ တရားရုံး အဆုံးအဖြတ်ခံယူတာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ရာ မရောက်ပါဘူး။
RFA- မြန်မာနိုင်ငံမှာ အရပ်သားအစိုးက စစ်တပ်အပေါ်မှာ အာဏာမရှိပါဘူး။ ဒီလိုအခြေအနေမှာ စစ်တပ်က ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေအတွက် တနိုင်ငံလုံးကို တရားစွဲထားတာ တရားမျှတမှု ရှိတယ်လို့ ထင်ပါသလား။
Paul Reichler - အရပ်သားအစိုးရပဲ ဖြစ်ဖြစ်၊ စစ်တပ်ပဲ ဖြစ်ဖြစ် အားလုံးဟာ နိုင်တနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ပြီး၊ ဒီအဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေအတွက် နိုင်ငံမှာ တာဝန်ရှိပါတယ်။ မြန်မာအစိုးရရဲ့ တစိတ်တပိုင်းက လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဆန့်ကျင်တယ်ဆိုတာကို ကျွန်တော်တို့က လေးစားပါတယ်။ ဒါပေမယ့် ဒီလို ဆန့်ကျင်တဲ့သူတွေရှိလို့ မြန်မာအစိုးရရဲ့ အခြားအစိတ်အပိုင်းတစ်ခုက ကျူးလွန်လိုက်တဲ့ ရာဇဝတ်မှုတွေကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ပါဘူး။ တကယ်လို့ ခင်ဗျားပြောသလိုပဲ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတာက စစ်တပ်ဖြစ်ပြီး၊ အရပ်သားတွေနဲ့ မဆိုင်ဘူး ဆိုရင်တောင် မြန်မာနိုင်ငံအနေနဲ့ တာဝန်ရှိပါတယ်။
RFA- ခင်ဗျားတို့ အတွေ့အကြုံအရ ဒီလိုအမှုတစ်ခုလုံး ပြီးပြတ်ဖို့ အချိန်ဘယ်လောက်ကြာမယ် ထင်ပါသလဲ။
Paul Reichler - အမှုတစ်ခုနဲ့ တစ်ခု ကြာမြင့်ချိန်ကွာပါတယ်။ ဒါပေမယ့် ပုံမှန်အားဖြင့် အနည်းဆုံးသုံးနှစ်လောက်အထိ ကြာတတ်ပါတယ်။
RFA- ICJ တရားရုံးကနေ ချမှတ်လိုက်တဲ့ အမိန့်တွေကို သက်ဆိုင်သူတွေ လိုက်နာအောင် တွန်းအားပေး ဆောင်ရွက်မယ့် အဖွဲ့အစည်း မရှိဘူးလို့ သိထားပါတယ်။ ဒါဆိုရင် ဘာကြောင့် ICJ တရားရုံးရဲ့ အဆုံးအဖြတ်ကို လက်ခံဖို့ ဘာကြောင့် အရေးကြီးတယ်လို့ ထင်ပါသလဲ။
Paul Reichler - ICJ ကနေ စစ်တပ်ဖြစ်ဖြစ်၊ ရဲတပ်ဖွဲ့ဖြစ်ဖြစ် စေလွှတ်ပြီး တရားရုံးက ချမှတ်လိုက်တဲ့ အမိန့်တစ်ခုကို လိုက်နာလာအောင် တွန်းအားပေး လုပ်ဆောင်မယ့် အခြေအနေမရှိတာ မှန်ပါတယ်။ ဒီတရားရုံးကိုတင်တဲ့ အမှုအားလုံးရဲ့ ၉၅ ရာခိုင်နှုန်း ကျော်ကျော်လောက်၊ ပြောရရင် ၁ဝဝ ရာခိုင်နှုန်းနီးပါးမှာ ဒီတရားရုံးက ချမှတ်လိုက်တဲ့ အမိန့်နဲ့ အဆုံးအဖြတ်တွေကို နိုင်ငံတွေက လိုက်နာကြပါတယ်။ ဒါကလဲ အကြောင်းရှိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံတည်ဆောက်ထားတဲ့ နိုင်ငံတကာဆက်ဆံရေး ပုံစံတစ်ခုကို လက်ခံပြီး လိုက်နာတာဟာ သူတို့အကျိုးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်ဆိုတာ နိုင်ငံတိုင်းလိုလိုက နားလည်ကြပါတယ်။ နောက်ပြီး ဘယ်နိုင်ငံကမှ ဥပဒေချိုးဖောက်ထားတဲ့ နိုင်ငံလို့ အများက တံဆိပ်ကပ်တာ မခံချင်ကြပါဘူး။ ကုလသမဂ္ဂရဲ့ ပဋိညာဉ် စာချုပ်အရ နိုင်ငံတနိုင်ငံအပေါ် ICJ တရားရုံးက အပြီးသတ် စီရင်ချက်ချလိုက်ပြီး အဲဒီစီရင်ချက်ကို လက်မခံဘူးဆိုရင် အဲဒီနိုင်ငံရဲ့ ပုံရိပ်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေမှာပါ။ ICJ တရားရုံး ဆုံးဖြတ်ချက်ကို လက်မခံရင် အဲဒီနိုင်ငံ လက်မှတ်ထိုးထားတဲ့ သဘောတူစာချုပ်ကိုတင်မကဘဲ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် တစ်ခုလုံးကိုပါ ချိုးဖောက်ရာ ရောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံအားလုံးက အလေးအနက်ထားကြပြီး၊ နိုင်ငံအများစုက ICJ ရဲ့ အဆုံးအဖြတ်ကို နာခံကြတာဖြစ်ပါတယ်။
RFA- မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ၊ အရေးယူဖို့ တောင်းဆိုမှုအများစုက လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှု ရှုထောင့်ကနေ တောင်းဆိုထားကြတာပါ။ အခုအမှုကတော့ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ တွန်းအားကြောင့် ပေါ်ပေါက်လာတာလို့ ပြောလို့ရမလား။
Paul Reichler - ဒီအမှုပေါ်ပေါက်လာတာက လူမျိုးတုံးသတ်ဖြတ်မှုတွေမဖြစ်အောင် ကာကွယ်ဖို့ ကတိပြု လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံက လူမျိုးစုတစ်ခုကို သုတ်သင်ရှင်းလင်းပစ်ဖို့ ကြိုးစားတဲ့အတွက် ပေါ်ပေါက်လာတာပါ။ သူတို့ကို ရှင်းလင်းပစ်ဖို့ ကြိုးစားတဲ့အကြောင်းက့ သူတို့ရဲ့ လူမျိုး၊ ဘာသာ၊ ကိုးကွယ်ယုံကြည်မှုတွေကြောင့် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ သေချာတာကတော့ ဒါဟာ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး နိုင်ငံတကာ ဥပဒေ နဲ့ သဘောတူညီချက်တစ်ခုကို ချိုးဖောက်လိုက်တာပဲ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ထပ်မဖြစ်အောင် ကာကွယ်ကြမယ်ဆိုပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ သဘောတူခဲ့ကြပါတယ်။ အဲဒီတုန်းက ဘားမားလို့ ခေါ်တဲ့ မြန်မာနိုင်ငံကလည်း အားတက်သရော ပါဝင်ခဲ့ပါတယ်။ ဒီလို သဘောတူညီချက်တွေ ရှိနေတာတစ်ခုတည်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရပ်တန့်သွားမှာ မဟုတ်မှန်း ကျွန်တော်တို့ သိပါတယ်။ စိတ်မကောင်းစရာကတော့ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့ပြီး၊ ဆက်ပြီးလည်း ဖြစ်နေတဲ့ အဖြစ်အပျက်တွေအရ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခံနေရတာ သေချာတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
RFA- ဒီအမှုဟာ ICJ တရားရုံး ဆုံးဖြတ်ချက်နဲ့ပဲ ပြီးပြတ်သွားမလား။ ဒါမှမဟုတ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ထပ်တင်တဲ့အထိ ဖြစ်လာနိုင်ပါလား။
Paul Reichler - တရားရုံးကနေ ဆုံးဖြတ်ချက်ချပါလိမ့်မယ်။ အဲဒီချလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ အဒီအမှုရဲ့ အဆုံးသတ်ပါပဲ။ တရားရုံးက ချလိုက်တဲ့ ဆုံးဖြတ်ချက်ကို အခြေပြုပြီး ဘာတွေဆက်လုပ်ကြမလဲ ဆိုတာကတော့ လိုသလို မှန်းဆပြီး ပြောလို့ရပါတယ်။