ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ RFA သီးသန့်တွေ့ဆုံမေးမြန်းချက် (ဒုတိယပိုင်း)


2015.08.21
minaunghlaing-dawnyeinshwe-620.jpg RFA မြန်မာပိုင်းဌာနမှူး ဒေါ်ညိမ်းရွှေ နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို သြဂုတ်လ ၂ဝ ရက်နေ့က နေပြည်တော်မှာတွေ့ရစဉ်
Photo: RFA

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို RFA မြန်မာပိုင်းဌာနမှူး ဒေါ်ညိမ်းရွှေ က နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာမှာ မနေ့က မနက်ပိုင်းက သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အခုတင်ပြမယ့် ဒုတိယပိုင်းမှာ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအကြောင်းနဲ့ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေ အကြောင်းတွေနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်တွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

-----------------------------

RFA - ဒေါ်အောင်ဆန်းစုကြည်က NLD ရဲ့ ရည်ရွယ်ချက်တွေထဲမှာ အမျိုးသားရင်ကြားစေ့ရေးက အဓိကလို့ပြောဖူး ပါတယ်။နောက်ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်အောင်နိုင်ရင်လည်း ဒါကိုပဲ အဓိကထားပြီးတော့ အမျိုးသား ရင်ကြားစေ့ရေးကို သူဦးထိပ်ထားမယ်လို့ သူကပြောပါတယ် အဲ့တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဒီလုပ်ငန်းစဉ်အပေါ်မှာ ဘယ်လိုမြင်လဲပေါ့။ နောက်ပြီး ဘယ်လိုလုပ်ဆောင်သင့်သလဲလို့လည်း အကြံဘယ်လိုပေး ချင်ပါသလဲရှင့်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပဲ။ ယုံကြည်မှုကတော့ သိပ်အရေးကြီးတယ်။ နောက်တစ်ခုက တိုင်းပြည်ပေါ်မှာ တကယ်စိတ်ကောင်းစေတနာကောင်းထားဖို့ လိုအပ်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့ တိုင်းပြည်ပေါ်မှာ စိတ်ကောင်းစေတနာကောင်းထားဖို့ပဲလိုပါတယ်။ ကျနော်ရဲ့ယုံကြည်ချက်တစ်ခုရှိပါတယ်။ အဲ့ဒါကဘာလဲဆိုရင် တစ်အချက်ကတော့ စည်းလုံးညီညွတ်ရေးပေါ့။ တည်ငြိမ်အေးချမ်းရေးပေါ့၊ ဖွံ့ဖြိုးတိုးတက်ရေးပေါ့။ ဒီသုံးခုပေါ့။ တကယ်တော့ စည်းလုံးညီညွတ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ နှစ်ခုလုံးကဆက်စပ်နေတာပေါ့။ တည်ငြိမ်အေးချမ်းမှုမရှိဘဲနဲ့ စည်းလုံးညီညွတ်မှုဆိုတာ တော်တော်ခက်ပါတယ်။ စည်းလုံးညီညွတ်မှုမရှိဘဲနဲ့ တည်ငြိမ်အေးချမ်းရေးရဖို့ ဆိုတာကလည်းခက်ပါတယ်။ ဒီအပေါ်မှာ ဒီနှစ်ခုစိတ်ချရပြီး ကောင်းသွားပြီဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်ရေးသွားလို့ရပြီပေါ့။ ဒါကိုကျနော်တို့အကုန်လုံး တိုင်းရင်းသားအားလုံး မြန်မာနိုင်ငံသားအားလုံးလုပ်ရမယ့်ကိစ္စဖြစ်တယ်။ အမျိုးသားရင်ကြားစေ့ရေးကိစ္စ ဆိုတာတော့လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ယုံကြည်မှုနဲ့ ကိုယ့်လုပ်ငန်းကို မှန်မှန်ကန်ကန်လုပ်သွားမယ်ဆိုလို့ရှိရင် သူ့ရင်ကြားစေ့ရေးဆိုတာ သူ့ဘာသာဖြစ်သွားမယ်လို့ ကျနော်တော့ယုံကြည်ထားတယ်။

RFA - ရင်ကြားစေ့ရေးနဲ့ ပတ်သက်လို့ ပြောကြမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးပြောသလို ပြည်သူနဲ့တပ်မတော်ကြား တပ်မတော်နဲ့ အဖွဲ့အသီးသီးကြားမှာပေါ့လေ ပြည်သူတွေအနေနဲ့ စိုးရိမ်မကင်းရှိတာတွေရှိတယ်။ အဲ့တော့ အဲ့ဒီအပေါ်မှာ အကုန်လုံးက စိတ်အေးချမ်းသာယာနဲ့ လိုချင်တဲ့ခရီးကိုတူတူသွားတဲ့ သဘောမျိုးဖြစ်အောင် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ပြည်သူတွေကို ဘာပြောချင်သလဲ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ကျနော်တို့သွားနေတဲ့ ပါတီစုံဒီစုံဒီမိုကရေစီလမ်းကြောင်းက တကယ်တန်းအပြည့်အစုံပြောရင် စည်းကမ်းရှိတဲ့ဒီမိုကရေစီနိုင်ငံလို့ ကျနော်တို့ကပြောတယ်။ သူ့စည်းနဲ့ကမ်းနဲ့သွားမယ်။ ကိုယ့်အလုပ်ကိုယ်လုပ်မယ်။ ကျနော်တို့ကလည်း ကျနော်တို့အလုပ်ကျနော်တို့လုပ်ပြီး ပြည်သူတွေရဲ့အကျိုးကို ကျနော်တို့ ကူညီဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင် ဒါတွေဟာ ဘာမှပြသနာမရှိပါဘူး။ ကျနော်တို့ အခုချိန်မှာတော့ ကျနော်တို့ တပ်မတော်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင်လည်း တော်တော်ကိုကျနော်တို့ သူ့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီလုပ်တဲ့စနစ်ကို ကျနော်တို့သွားနေတယ်။ အခု ကျနော်တို့ရဲ့ပေါ်မှာ ပြည်သူရဲ့ အထင်အမြင်တွေက အရင်ထက်စာလို့ရှိရင် အများကြီးကောင်းနေတယ်လို့ ကျနော်တော့ဒီလိုမြင်ပါတယ်။ ကျနော်တို့ရောက်လေရာ ဒေသအသီးသီးမှာ ကျနော်တို့ အကဲခတ်ကြည့်တယ်။ အားလုံးက ကျနော်တို့အပေါ်မှာ warmly ဖြစ်တာတွေ့ပါတယ်။ ကျနော်တို့ပေါ်မှာ အဆိုးမြင်ပြီးတော့မှာပြောတာဆိုတွေလည်း ကျနော်တို့ မတွေ့ပါဘူး။ သို့သော်လည်းပဲ တချို့လည်း ပုဂ္ဂိုလ်ရေးခံစားချက်တွေလည်းရှိရင်ရှိမှာပေါ့။ ခံစားချက်ရှိတော့လည်း ပြောကြတာတွေရှိမှာပေါ့။ ဒါနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ နားလည်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့လည်း အမြဲတမ်းလမ်းဖွင့်ထားပါတယ်လို့ ကျနော်ပြောချင်ပါတယ်။

RFA - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ပြောထားတယ်၊ ပြည်သူလူထုထောက်ခံရင် နောက်ထပ် Election ပြီးလို့ရှိရင် သမ္မတအဖြစ် ဆက်လက်ထမ်းဆောင်ချင်လည်း ထမ်းဆောင်မယ်လို့ သူပြောထားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ဒုတိယသမ္မတတစ်ယောက်ကို ကာကွယ်ရေးဦးစီးချုပ်အနေဲ့ တင်မြှောက်ခွင့်ရှိတယ်ပေါ့လေ။ ဆိုတော့ ပြည်သူကထောက်ခံရင် သမ္မတတာဝန်ထမ်းဆောင်မယ်လို့ ဗိုလ်ချုပ်မှူးကြီး ပြောထားတာရှိတယ်။ အဲ့တော့ ၂၀၁၅ရွေးကောက်ပွဲပြီးရင် တပ်မတော်ကတင်မြောက်မယ့် ဒုတိယသမ္မတကို ဘယ်သူများဖြစ်လာနိုင်မလဲ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ လျာထားတာများရှိသလား။ ဘယ်သူ့ကိုရွေးထားတာရှိသလဲရှင့်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ပထမဆုံးတစ်ချက်အနေနဲ့ ပြည်သူကဆန္ဒရှိရင် ကျနော်ကသမ္မတလုပ်ဖို့ ဆန္ဒရှိတယ်လို့ ရွေးချယ်လို့ရှိရင် ကျနော်သမ္မတလုပ်ဖို့ ဆန္ဒရှိတယ်လို့ပြောတာတော့ အဲ့ဒီအဓိပ္ပာယ်မျိုး ကျနော်မပြောခဲ့ဘူး။ ကျနော်ကတော့ တကယ်လို့ ပြည်သူကနေပြီးတော့ အခြေနေအချိန်ခါအရ တောင်းဆိုတဲ့ ခါကျတော့ စဉ်းစားတာပေါ့ဗျာလို့ ဒီလိုပြောခဲ့တာ။ စဉ်းစားတယ်လို့ ကျနော်က ပြောတာ လုပ်မယ်လို့ ကျနော်ပြောတာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်လည်း ကျနော့်အတွ့အကြုံအရ တိုင်းပြည်မှာ အထောက်အကူရနိုင်မယ့် ကဏ္ဍတစ်ခုရှိနေပါတယ်။ ဒါကိုတော့ ကျနော်မငြင်းပါဘူး။ သို့သော်လည်းပဲ အခြေနေအချိန်ခါပေါ်လည်း အများကြီးတည်ပါတယ်။ ဒါကြောင့် သမ္မတလုပ်ချင်တဲ့ဆန္ဒရှိတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်အချက် တိုင်းပြည်တကယ်ကောင်းအောင်လုပ်မယ့်သူ နောက်တစ်ခုကလည်း တပ်မတော်နဲ့လည်း ကျနော်တို့နဲ့ အဆင်ပြေမယ့်သူမျိုးဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ ဒါကတော့ ကျနော်တို့ရဲ့ဆန္ဒပေါ့။ ဒါပေမဲ့လည်း သူရွေးချယ်ရွေး အဖွဲ့နဲ့ ရွေးချယ်ပြီးတော့မှ ဥပဒေအရ ပြောမယ်ဆိုရင် လွတ်တော်မှာ အစုအဖွဲ့သုံးခုပေါ့။ ပြည်သူ့လွှတ်တော်အစုအဖွဲ့ အမျိုးသားလွှတ်တော်အစုအဖွဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ ဒီအစုအဖွဲ့ကတင်တဲ့ ဒုတိယသမ္မတ သုံးယောက် အဲ့အပေါ်မှာ မူတည်ပြီးတော့ရွေးရတာပေါ့။ အဲ့ဒီအပေါ်မှာ ကျနော်တို့ကလည်း ဒီလိုမျိုးပုဂ္ဂိုလ်မျိုး ပါလာမယ်ဆိုရင်တော့ တိုင်းပြည်အတွက် အများကြီးတန်ဖိုးရှိတာပေါ့။ သမ္မတကြီးက ခုနကလိုနောက်တချိန် စဉ်းစားလို့ရှိရင်လည်း သမ္မတကြီးလုပ်နိုင်မယ်ဆိုလို့ရှိရင်လည်း သမ္မတကြီးကိုထောက်ခံမှုနဲ့လုပ်ကြမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီး ပြောစရာအကြောင်းလည်းမရှိပါဘူး။ တိုင်းပြည်အတွက် ကောင်းအောင် လုပ်မယ်ဆိုလို့ရှိရင် ကျနော်တို့ကတော့ အကုန်ထောက်ခံပေးမှာပဲ။

RFA - ဗိုလ်ချုပ်မှူးကြီးစိတ်ထဲမှာ တစ်ယောက်ယောက်ရယ်လို့ ရည်ရွယ်ထားတာတော့ မရှိသေးဘူးပေါ့။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - လောလောဆယ်တော့ မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ရွေးကောက်ပွဲပြီးတဲ့အချိန်ကျမှ ဒါတွေက စဉ်းစားရမှာပေါ့။

RFA - အခြေခံဥပဒေပြင်ဆင်ရေးမှာ တပ်မတော်ကအပြောင်းအလဲ မလိုလားသူတွေအဖြစ် အများကအမြင်ရှိတယ်ပေါ့ ဗိုလ်ချုပ်မှူးကြီး။ နောက်တစ်ခုကလည်း ဘာလဲဆိုတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၆ နောက်တစ်ခါ ၅၉() ကို အဲ့ဒါကို တပ်မတော်က ဘာကြောင့်များ ကန့်ကွက်ခဲ့သလဲဆိုတာကိုတော့ နည်းနည်းလေးရှင်းပြရင်တော့ ပြည်သူတွေစိတ်ဝင်စားမယ်ထင်တယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ၅၉() နဲ့ပတ်သက်ပြီး အရင်စပြောတာပေါ့ ။ ကျနော်တို့က အင်္ဂလိပ်ရဲ့ကိုလိုနီဖြစ်ခဲ့တယ်။ ၁၈၂၄ ကစတာပေါ့ ပြောရရင်တော့ ရခိုင်ကမ်းရိုးတန်းနဲ့ တနင်္သာရီဒေသ အဲ့ဒီကစခဲ့တာပေါ့။ ၁၈၈၆ ခုနှစ်ကျတော့ တစ်နိုင်ငံလုံး အင်္ဂလိပ်ကိုလိုနီအဖြစ် ဖြစ်သွားတာပေါ့။အဲ့ဒီနောက်ပိုင်းမှာ ကျနော်တို့နိုင်ငံပေါ်မှာ သူတို့နဲ့ဆက်နွယ်ပြီးတော့ ပါလာတဲ့လူတွေရှိပါတယ်။ အများစုကတော့ အိန္ဒိယနိုင်ငံ သားတွေဖြစ်ပါတယ်။ သူတို့ကနေပြီးတော့မှာ ဒီဘက်မှာပဲ ပေါက်ဖွားလာတဲ့သူတွေလည်း အများကြီးရှိတာပေါ့။ ၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့ အချိန်ကနေပြီးတော့ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်ခဲ့တဲ့ အချိန်ကြားထဲကြည့် မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး အုပ်ချုပ်ရေးပိုင်းတွေမှာ နိုင်ငံခြားသားတွေရဲ့ ပါဝင်ပတ်သက်မှုတွေ အများကြီးရှိပါတယယ်။ ဒါကြောင့်လည်းပဲ တော်လှန်ရေးကောင်စီ တက်ရတဲ့အခြေနေမျိုးအထိ ရောက်သွား ပြီးတော့ နောက်ပိုင်းစီးပွားရေးလုပ်ငန်းတွေဆိုရင် အကုန်လုံးကို ရှင်းထုတ်ပစ်လိုက်တဲ့ အနေအထားရှိတယ်။ မှားတယ် မှန်တယ် ကျနော်မပြောပါဘူး။ သို့သော်လည်းပဲ ဒီပြဿနာတွေက မြန်မာနိုင်ငံသား တိုင်းရင်းသားတွေအတွက် အခက်အခဲအများကြီး ကြုံတွေခဲ့ရတယ်ဆိုတာတော့ အမှန်ပါပဲ။ ဒါကြောင့်မို့ နောက်ပိုင်းမှာတော့ နိုင်ငံကို တာဝန်ယူမယ့်ပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံသားစစ်စစ်တွေဖြစ်ဖို့လိုတယ်။ တိုင်းရင်းသားတွေ စစ်စစ်ဖြစ်ဖို့ဆိုပြီး သူတို့ ကန့်သတ်ပေးတဲ့သဘောဖြစ်တယ်။ ဒါလည်းဖြစ်သင့်တယ်လို့ထင်ပါတယ်။ နောက်တစ်ခါ ကျနော်တို့နိုင်ငံဟာ ကိုလိုနီနိုင်ငံဖြစ်ခဲ့သလို တဘက်ကလည်း လူဦးရေ သန်းပေါင်း ၁၂၀၀ ကျော်လောက်ရှိခဲ့တဲ့ အိန္ဒိယ၊ တဘက်က လူဦးရေ ၁၃၀၀ ကျော်လောက်ရှိတဲ့ တရုတ်နိုင်ငံခြားထဲမှာ နယ်နိမိတ်ချင်းထိဆက်ပြီးနေရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေကြားမှာနေရတဲ့ ကျနော်တို့နိုင်ငံဟာ လူမှုပြဿနာတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ်ရင်ဆိုင်ဖြေရှင်းရတာပေါ့။ ဒီနေ့ထက်တိုင်လည်း ရင်ဆိုင်ဖြေရှင်းရတာပေါ့။ ဒါကြောင့်နိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှု ဦးဆောင်မှုအခန်းကဏ္ဍကို လုပ်မယ့် ပုဂ္ဂိုလ်ကတော့ ဒါတွေအကုန်လုံးနဲ့ ကင်းရှင်းတဲ့လူဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ တဘက်က တဘက်နဲ့ ပတ်သက်နေရင် နောက်တဘက်က ပြဿနာရှိနေနိုင်တယ်။ တဘက်ကနဲ့ ပတ်သက်ရင် နောက်တဘက်က ပြဿနာရှိနိုင် တယ်။ ဒါကြောင့် ဒီလိုမျိုးဘယ်လိုမှမပတ်သက်တဲ့ နိုင်ငံသားစစ်စစ်ကိုပဲ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ရှိသင့်တယ်လို့ သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် သံသယဖြစ်စေမယ့် သားသမီး မြေး မြစ်အထိပေါ့။ ပြော ရရင် ဟိုဘက်က ချွေးမ သမက်တို့က အစပေါ့။ဒါတွေကိုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါက ကျွန်တော်ရဲ့အမြင်ပေါ့။ လမ်းစဉ်ပါတီခေတ်တုန်းကလည်း ဒီလိုမျိုးရှင်းခဲ့တာတွေရှိပါတယ်။ တချို့ဆိုရင်တာဝန်ပေးပြီးမှ ဒါနဲ့ညှိလို့ဆိုပြီး ပြန် ထွက်စေခဲ့တဲ့ဟာတွေလည်းရှိပါတယ်။ ဒါကတော့ ၅၉ () နဲ့ ပတ်သက်ပြီးပြောတာပေါ့။ ၄၃၆ နဲ့ပတ်သက်ပြီး အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ၇၅ ရာခိုင်နှုန်းမဲပေးတာနဲ့ သာမန်မဲပေးတာတဲ့စနစ် (က) နဲ့() ခွဲမယ့်စနစ်ပေါ့။ ဒါကလည်း တပ်မတော်က လောလောဆယ် ၂၅ရာခိုင်နှုန်းရှိတဲ့အတွက်ကြောင့် ဒီဟာကို ဆိုလိုခြင်းဖြစ်ပါတယ်။ စောစောက ဒေါ်ညိမ်းရွှေ မေးတဲ့ထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မေးခဲ့တာ ရှိပါတယ်။ ဒါတွေဟာအဲ့လို အခြေနေမျိုး မရောက်လာဘူးဆိုရင် ကျနော်ပြောရဲတယ် ၄၃၆ က အဓိကမဟုတ်တော့ ဘူး။ နောက်ကျရင် ၄၃၆ ပြင်မှာကိုတောင် ကြောက်လာပါလိမ့်မယ် စိုးရိမ်လာပါလိမ့်မယ်။ ကျနော်ပြောရဲပါတယ်။ ဒီနေ့ဒီအချိန်မှာတော့ ၄၃၆ ကို ဦးတိုက်ပြီးပြောနေကြတာပေါ့။ တချိန်မှာ ၄၃၆ ကိုတောင်ထိမှာမဟုတ်ပါဘူးလို့ ကျနော်ပြောလိုပါတယ်။

RFA - ၂ဝ၁၄ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး (ဟောင်း ) ဦးသန်းရွှေက ပြန်လည်ပြီး Involve လုပ်တယ်လို့ ခန့်မှန်းပြောကြားနေကြတာ ဘယ်သူမှလည်း တိတိကျကျပြောနိုင်ကြတာ မဟုတ်ပါဘူး။ အဲ့ဒီအပေါ်မှာ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုများ ကွန်မန့်ပေးချင်ပါသလဲ။ ဟုတ်ပါသလားရှင့်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ဟုတ်ပါသလားလို့မေးရင်တော့ ကျနော်အနေနဲ့ကတော့ မဖြစ်နိုင်ဘူးလို့ ကျနော်ကပြောချင်တာ၊ ဗိုလ်ချုပ်မှူးကြီးက သူ့ဟာသူပဲ အေးဆေးနေတာပါ၊ ကျနော်တို့လည်း အခါကြီးရက်ကြီးတွေမှာ သွားပြီးတော့ ဂါရဝပြု တာတွေရှိပါတယ်၊ ကျနော်တို့ရဲ့ တပ်မတော်ရဲ့မိဘဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ သွားရောက်ဂါရဝပြု တာတွေရှိပါတယ်၊ သူကတိုင်းပြည်ကောင်းဖို့အတွက်ပဲ သူအကြံပြုတာတွေ ကျနော်တို့ တပ်မတော်ကောင်းအောင်လုပ်ဖို့အတွက် အကြံပြုတာတွေပဲရှိတယ်၊ ဘာလုပ်ပါလို့တော့ ဒီဟာတွေကိုတော့ လုပ်တာပြုတာတော့မပြောဘူး မရှိဘူး၊ နံပါတ် ၂ အချက်ကတော့ စည်းစည်းလုံးလုံးနေကြဖို့ သူမကြာခဏပြော ပါတယ် နောက်တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ ဒီလောက်ပဲပြောပါတယ်၊ အခုအခြအနေမျိုးမှာလည်း ကျနော်တို့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ဘာမှမကြားပါဘူး၊ အစိုးရလည်း အစိုးရအလျောက် သူလုပ်နိုင်တဲ့ ဟာတွေ လုပ်နေတာပါပဲ။ လွှတ်တော်လည်း လွှတ်တော်အလျောက် သူတို့ရဲ့ လုပ်ပိုင်ခွင့်ထဲက လုပ်နေတာဖြစ် ပါတယ်၊ ဘာမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အငြိမ်းစား)ရဲ့ သြဇာလွှမ်းမိုးမှု ဘာတစ်ခုမှမရှိပါဘူး။ မရှိပါဘူး။ တပ်မတော်လည်းဒီအတိုင်းပါပဲ။ တပ်မတော်မှာလည်းဘာတစ်ခုမရှိဘူး။

RFA - ဗိုလ်ချုပ်မှူးကြီးကို သွားဂါဝရပြုတယ်ဆိုတော့ အထိအတွေ့တော့ရှိသေးတာပေါ့

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ရှိပါတယ်။ ရှိပါတယ်။ ဒါကလည်း သီတင်းကျွတ်လိုဟာမျိုး၊ နှစ်ဆန်းတစ်ရက် လိုဟာမျိုး လူစုံတဲ့အခါ သွားကန်တော့ပါတယ်။ တစ်နှစ်မှာ နှစ်ကြိမ်ပါပဲ။ ကျန်တဲ့အချိန်က ကျနော်တို့လည်းဒီတိုင်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကတပ်မတော်ရဲ့အမိအဖတွေ နိုင်ငံတော်ကို ဦးဆောင်ခဲ့တဲ့သူတွေဖြစ်ပါတယ်။

RFA - တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆောင်ရွက်နေပါတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေပေါ့နော် Amnesty InternationalHuman Rights Watch တို့က အမြဲတမ်းအစီရင်ခံစာ သူတို့ကထုတ်နေတာကို ဗိုလ်ချုပ်မှူးကြီးလည်းသိမှာပါ။ အဲ့ဒါနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ဘာတွေကိုရော ဆောင်ရွက်နေသလဲဆိုတာ ပြောပြနိုင်မလားရှင့်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - တိုင်းရင်းသားတွေဘက်ကတော့ သူတို့အမြင်ပေါ့လေ။ ကျနော်တို့တပ်မတော်မှာ လည်း Rule And Regulation တွေရှိပါတယ်။ ၁၉၅၂ ခုနှစ် တပ်မတော် အက်ဥပဒေတွေရှိသလို ကျနော်တို့မှာ စစ်သည်တော်ကျင့်ဝတ်တွေ ထုတ်ပေးထားတာရှိပါတယ်။ စစ်သည်တော်ကျင့်ဝတ်အတိုင်း ကျနော်တို့ လိုက်နာရတာဖြစ်ပါတယ်။ တပ်မတော်စည်းကမ်းနဲ့ ပတ်သက်ရင် ပိုပြီးမှတင်းကြပ်ပါတယ်။ အပြင်အရပ်သား တစ်ယောက် ကျူးလွန်တဲ့ပြစ်မှုနဲ့ တပ်မတော်သားတစ်ယောက် ကျူးလွန်တဲ့ပြစ်မှု တူရင်တောင်မှ တပ်မတောင်သား တစ်ယောက်ကိုပေးတဲ့ ပြစ်ဒဏ်ပိုပြီးကြီးပါတယ်။ ကျနော်တို့ အဲ့လောက်ထိကို ကိုင်ထားတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေအပေါ် ဆက်ဆံရေးနဲ့ ပတ်သက်ပြီးပိုပြီးတော့ သတိထားရတာပေါ့။ တိုင်းရင်းသားနဲ့ ပတ်သက်ပြီး မည်သူမဆိုပေါ့ နစ်နာမှုရှိရင် အချိန်မရွေး ကျနော်တို့ကိုတင်ပြနိုင်ပါတယ်။ တိုင်နိုင်ပါတယ်။ ကျနော်တို့ အကုန်လုံး အရေးယူဆောင်ရွက်ပါတယ်။ ဆောင်ရွက်ခဲ့တဲ့သာဓကတွေလည်းများစွာရှိပါတယ်၊ ကျနော်တို့မလုပ်ဘူးလို့ မစော်ကားဘူးလို့ ကျနော်တို့မပြောပါဘူး။ ရှိပါတယ်။ ဒီရှိတဲ့လူတွေလည်း ထိထိရောက်ရောက်အရေးယူပါတယ်။ တချို့ဆိုရင် လူသတ်မှုတစ်ခုဖြစ်တယ်ဆိုရင်တောင်မှ သူဟာလူသတ်မှု ကျူးလွန်တယ်ဆိုလို့ရှိရင် သေချာပေါက် ကတော့ အမြင့်ဆုံးအပြစ်ဒဏ်ပဲ။ လျော့တာမလျော့တာကတော့ ဒါနိုင်ငံတော်ဘက်ကအပိုင်းပေါ့။ ကျနော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ကတော့ အမြင့်မားဆုံး ပြစ်ဒဏ်ပေးမှာတော့သေချာတယ်။နောက် လူမှုသိက္ခာနဲ့ ပတ်သက်တဲ့ ပြစ်မှုတွေပေါ့။ ဒါတွေဆိုလို့ရှိရင်လည်း လုံးဝသည်းမခံပါဘူး။ ဒါမြန်မာ cultureမှာလည်း လုံးဝလက်ခံလို့ရတဲ့ဟာမျိုးမဟုတ်တဲ့အတွက်ကြောင့် ဒါမျိုးဆိုရင်လည်း ပြင်းပြင်းထန်ထန်အရေးယူတာပေါ့။ အရပ်သားမှာတင်မကဘူး အထဲမှာလည်း တခါတလေကျရင်ရှိတက်ပါတယ်။ နိုင်ငံတွေမှာလည်း ဒီလိုပဲရှိပါတယ်။ အရေးကြီးတာကတော့ စည်းနဲ့ကမ်းနဲ့ရှိတဲ့ တပ်မတော်တစ်ရပ်လုပ်နိုင်ရင် ဘာပြောပြော ကျနော်တို့ ဒီဟာတော့ ဟန့်တားနိုင်တယ်ပေါ့။ဒါကြောင့် စည်းကမ်းနဲ့ပတ်သက်ရင်လည်း ကျနေ်ာတို့ တော်တေ်ာလေးကိုင်ပါတယ်။ တကယ်လို့ ပြည်သူဘက်ကနစ်နာတယ်ဆိုလို့ရှိရင် အချိန်မရွေး ကျနော်တို့ကိုတင်ပြပါ။ ကျနော်တို့လည်း လမ်းဖွင့် ထားပါတယ်။ သက်ဆိုင်ရာတိုင်းတပ်မတွေပေါ့ ကွပ်ကဲမှုဌာနချုပ်တွေနဲ့ ပတ်သက်ပြီးတော့ အကုန်လုံးလမ်းဖွင့် ထားပါတယ်။ တကယ်လို့တိုင်တဲ့အချိန်မှာ အရေးယူဆောင်ရွက်မှုမရှိရင် ကျနော်ကိုတိုင်လို့ရပါတယ်။ တကယ်လို့အောက်ခြေမှာပေါ့။ နယ်စပ်ဒေသတွေမှာဖြစ်တဲ့ပြဿနာကို အဲ့နယ်စပ်ဒေသမှာရှိတဲ့ တပ်မတော်အကြီးအကဲ တစ်ယောက်ကိုတိုင်တယ်။ သူကအရေးယူဆောင်ရွက်မပေးဘူးဆိုရင် ကျနော့်ကိုတိုင်လိုက်ဗျာ။ ကျနော် အဲ့လူကိုပါအရေးယူမယ်။အရေးယူဆောင်ရွက်မှုမလုပ်တဲ့လူကို ကျနော်အရေးယူမယ်။ ဒီလောက်ထိ ကျနော်တို့ တပ်မတော်က လုပ်နေပါတယ်လို့ ကျနော်ပြောလိုတယ်။

RFA – အခုလိုတွေ့ပြီးတော့ မေးမြန်းခွင့်ပေးတဲ့အတွက် အင်မတန်မှ RFA က ကျေးဇူးတင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ဟုတ်ကဲ့ ကျနော်လည်း ကျေးဇူးတင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။