ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ RFA သီးသန့်တွေ့ဆုံမေးမြန်းချက် (ပထမပိုင်း)


2015.08.21
minaunghlaing-rfa-620.jpg တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို RFA မြန်မာပိုင်းဌာနမှူး ဒေါ်ညိမ်းရွှေက နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာမှာ သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက သီးသန့်တွေ့ဆုံမေးမြန်းစဉ်
Photo: RFA

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို RFA မြန်မာပိုင်းဌာနမှူး ဒေါ်ညိမ်းရွှေ က  နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာမှာ ဒီကနေ့ သြဂုတ်လ ၂ဝ ရက်နေ့ မနက်ပိုင်းက သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အခုတင်ပြမယ့် တွေ့ဆုံမေးမြန်းခန်း ပထမပိုင်းမှာ လက်ရှိ နိုင်ငံရေးအခြေအနေ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့  မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ ပါဝင်နေမှု စတဲ့ အခြေအနေတွေအပေါ် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားတွေကို နားဆင်ကြရမှာ ဖြစ်ပါတယ်။

----------------------------------------------------

RFA - ဗိုလ်ချုပ်မှူးကြီးလက်ထက်မှာ တပ်မတော်ကိုခေတ်မီအောင် တိုက်လေယာဉ်တွေဝယ်ပြီးတော့ တည်ဆောက် လာတာတွေ့တယ်။ တချိန်တည်းမှာပဲ တပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကယ်ဆယ်နေတာတွေ့တယ်။ တပ်မတော်ဘက်က ဒီလိုတိုက်လေယာဉ်တွေဝယ်တဲ့အခါမှာ ကျတော် တို့သိရသလောက် တိုင်းရင်းသားတွေ ဘက်က စိုးရိမ်နေတာတွေရှိလာတယ်။နောက်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်တဲ့အခါ ပြည်သူတွေကတော့ အန်မတန်မှ ကျေနပ်အားရတဲ့အပိုင်းရှိတယ်။ အမြင်ချင်းကနှစ်ခုပေါ့နော် ကွာဟနေတဲ့ပေါ်မှာ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုများသုံးသပ်မိပါသလဲ။

ဗိုလ်ချုပ်မှူ၊ကြီး မင်းအောင်လှိုင် - အဓိပ္ပာယ်ချင်းတော့မတူဘူး။ ပထမတစ်ခုက နိုင်ငံတော်ကာကွယ်ရေးနဲ့ တည်ဆောက်ရေးအပိုင်းပေါ့။ နိုင်ငံတိုင်းနိုင်ငံတိုင်းကတော့ နိုင်ငံတော်ကာကွယ်ရေး တည်ဆောက်ရမှာဖြစ်ပါတယ်။ ကျနော်တို့ဝယ်တယ်ပြုတယ်ဆိုတဲ့ လေယာဉ်တွေမှာလည်း တချို့ကတိုက်လေယာဉ်တွေပါတယ်။ တချို့က လည်းလေ့ကျင့်ရေးလေယာဉ်တွေပါတယ်။ တချို့လည်းသယ်ယူပို့ဆောင်ရေးလေယာဉ်တွေပါပါတယ်။ ဒါတွေက နိုင်ငံတော်ကာကွယ်ရေးအတွက်ပါပဲ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ ဒါတောင်မှ ကျနော်ထင်တယ်လေ ပြည့်ပြည့်စုံစုံနဲ့ တည်ဆောက်မှုမျိုး မဟုတ်ပါဘူး ။ နိုင်ငံတွေ နိုင်ငံတွေကတော့ တည်ငြိမ်အေးချမ်းရေဆိုပြီးတော့ ငြိမ်းချမ်းရေးပေါ့လေ ပြောကြတာပေါ့။ ဒါပေမဲ့ အဲ့ဒီနိုင်ငံတွေကိုယ်တိုင်က သူတို့လည်းကာကွယ်ရေးအင်အားတွေ တည်ဆောက်နေကြတာပေါ့။ သူတို့ တည်ဆောက်တာမြင်တော့ သူတို့နဲ့သက်ဆိုင်တဲ့နိုင်ငံတွေက ထပ်ပြီးကြောက်လန့်ပြီးတော့ လုပ်ကြပြုကြ တာရှိတော့ အဲ့ဒီတော့ တစ်ကမ္ဘာလုံးကြည့်မယ်ဆိုရင် ကာကွယ်ရေးတည်ဆောက်မှုတွေ တစ်ကမ္ဘာလုံးမှာရှိတာ ကျတော်တို့တွေ့မယ်။ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ မိန့်ခွန်းတစ်ခုရှိတယ်။ မြန်မာနိုင်ငံကာကွယ်ရေး လုပ်ငန်းမှာဆို လေတပ်က အဖျင်းဆုံးတိုက်လေယာဉ် အစီး ၅၀၀ လောက်လိုတယ်။ နောက်ကအရံတွေ ဘာတွေပါ ပေါင်းလိုက်ရင် နောက်ထပ် ၅၀၀ လောက်ထပ်လိုဦးမယ်လို့ ပြောပါတယ်။ ဒါ ၁၉၄၇ ခုနှစ်လောက်က ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့စကားလေးတစ်ခွန်းပါ။ အဲ့လိုအခြေနေမျိုးတောင် ကျနော်တို့ အခုထိမရောက်သေး ပါဘူး။ တကယ်တန်းပြောရရင် မရောက်သေးပါဘူး။ သို့သော်လည်းပဲ အိမ်နီးနားချင်းဆက်ဆံရေးနဲ့ ကမာ့္ဘနိုင်ငံများ ဆက်ဆံရေးလေးကောင်းလို့ရှိရင်တော့ တိုင်းပြည်ကာကွယ်ရေးဟာ ဆိုးဆိုးရွားရွားဖြစ်လာလိမ့်မယ်လို့ ကျနော်တို့အနေနဲ့ မမျှော်လင့်ထားပါဘူး။ အဲ့ဒီတော့ ဘာမှလည်းစိုးရိမ်စရာမရှိပါဘူး။ တိုင်းပြည်ကာကွယ်ရေးအတွက် လုပ်တာလို့ ကျနော်ပြောချင်ပါတယ်။ အလားတူပဲ ခုနက ကယ်ဆယ်ရေးလုပ်ငန်းတွေပေါ့ ကယ်ဆယ်ရေးလုပ်ငန်းက တိုင်းပြည်ရဲ့ အခြေခံဥပဒေမှာလည်းပါတယ်။ အခြေခံဥပဒေမှာ မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေများဖြစ်ပေါ် လာလို့ရှိရင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာလို့ရှိရင် တပ်မတော်က ကူညီဆောင်ရွက်ရမယ်ဆိုတာလည်း ပါဝင်တယ်။ ဒါက ဥပဒေအရပြောတာပေါ့လေ။ တဘက်ကလည်း ကျနော်တို့က ပြည်သူကြားပေါက်ဖွားလာတဲ့ တပ်မတော်တစ်ရပ်ပဲ။ ပြည်သူ့အကျိုးကို ကာကွယ်စောင့်ရှောက်ဖို့ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ ဒါကတော့ ကျနော်တို့ရဲ့ တကယ့်ကို ခံယူချက်အမှန်ပဲ။ ဥပဒေက ခင်ဗျားလုပ်ရမယ်ပြောလို့ ကျနော်လုပ်တာမဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင်ကိုက ဒါလုပ်ဖို့လိုအပ်တယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ကျနော်လုပ်ပေးတာပေါ့။

RFA - ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ချင်းပြည်နယ်မှာလေ အခုဖြစ်နေတဲ့ မြေပြိုမှုတွေမှာလေ ပစ္စည်းတွေက မရောက်လာဘူးလို့ပြောတယ်။ ကလေးဆီပဲရောက်တယ်လို့ပြောတယ်။ အဲ့တော့တပ်မတော်ပိုင်းကနေ ဟယ်ရီကော်ပတာတွေနဲ့များ ကူညီဖို့အစီစဉ်ရှိလားမသိဘူး။

ဗိုလ်ချုပ်မှူ၊ကြီး မင်းအောင်လှိုင် - အစီစဉ်က အပြည့်လုပ်ပေးမယ်။ အပေါ်က သယ်လို့ရတာလည်း အပေါ်ကသယ်ပေါ့။ အရေးပေါ်လိုအပ်တဲ့ဟာတွေဆိုရင်တော့ အမြန်ပို့ရမယ့်ဟာကျရင်တော့ ရဟတ်ယာဉ်နဲ့သယ်ပေါ့။ အောက်ကသယ်ရမယ်ဆိုလည်း ကားလမ်းနဲ့သယ်ဖို့ လုပ်နေတာတွေရှိပါတယ်။ တပ်မတော်က ကားတွေရော လေယာဉ်တွေရော ရဟတ်ယာဉ်တွေရော အဲ့ဒီဘက်မှာ အများကြီးထုတ်ပြီးသုံးနေပါတယ်။ ကျနော်လည်းဖြစ်စေချင်တယ်။ ကျနော်ကိုယ်တိုင်လည်း ဟားခါးရောက်ပြီးပါပြီ မြေတွေပြိုတာကို ကျနော်ကိုယ်တိုင်မြင်ခဲ့တဲ့အတွက် တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ ကျနော်တို့ တပ်မတော်ကတော့ အဲ့မှာတော့ လောလောဆယ်တော့ ဘိလပ်မြေအိတ် တန်တစ်ထောင်ပေါ့။ သွပ်က အချပ် ငါးထောင်ပေါ့။ နောက်ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ သံတွေပါလှူဖို့ လုပ်ထားတာရှိတယ်။ နောက်ထပ်လည်း သွပ်အချပ် ငါးထောင်ကို ပို့ပေးဖို့လုပ်နေပါတယ်။ ဒါတွေကလည်း ချင်းပြည်နယ်ဒေသ ပြန်လည်တည်ဆောက်ရေးအတွက် တစိတ်တပိုင်းကတော့ အထောက်အကူရမယ်လို့ ကျနော်ယုံကြည်ပါတယ်။

RFA - ဗိုလ်ချုပ်မှူးကြီးရှင့်။ သတင်းစာတွေ ရုပ်မြင်သံကြားတွေကနေ ဗိုလ်လောင်းသင်တန်းနဲ့ ပတ်သက်ပြီး ထည့်သွင်းဖော်ပြနေတာတွေ တွေ့ရတယ်။ တဘက်ကလည်း စစ်တက္ကသိုလ်တို့ တပ်မတော်တက္ကသိုလ်တို့ တပ်မတော်နည်းပညာတက္ကသိုလ်တို့မှာ ကျောင်းဆင်းတဲ့အခါ အရေအတွက်လည်း ထင်သလောက် မများဘူးပေါ့နော်။ အဲ့ဒါနဲ့ပတ်သက်လို့ နည်းလာတာကို သတိပြုရမိတဲ့အတွက်ပြောရမှာပဲ။ အဲ့တာ ဘာကြောင့်ပါလဲ။ တပ်မတော်အရာရှိတွေ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုများရှိသလဲဆိုတာ သိလိုပါတယ်။

ဗိုလ်ချုပ်မှူ၊ကြီး မင်းအောင်လှိုင် - ၁၉၉၀ ပြည့်လွန်ကာလတွေမှာတော့ တပ်မတော်လည်း တိုးချဲ့တည်ဆောက်တာတွေရှိတယ်။ တည်ဆောက်တဲ့အခါမှာ လိုအပ်တဲ့ အရာရှိတွေမွေးထုတ်နိုင်ဖို့ဆိုတော့ အကယ်ဒမီတွေပေါ့ အကယ်ဒမီကျောင်းတွေ တည်ဆောက်ပြီးတော့ အရာရှိတွေ တော်တော်များများ မွေးထုတ်ပေး ပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း အခုဆိုရင်တော့ အရာရှိအခြေအနေလည်း တော်တော်လေးကို ကောင်းနေပြီ လို့ ကျနော်ပြောရမယ်။ အဲ့ဒီတုန်းက ကျနော်တို့က အရေအတွက်ကို အလေးထားပြီး ဆောင်ရွက်ခဲ့တာပေါ့၊ ဒီဘက် ၂၀၁၁ ခုနှစ် နောက်ပိုင်းကျတော့ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးဖို့ဆိုပြီးတော့ ဗိုလ်လောင်းသင်တန်းတွေနဲ့ ပတ်သက်ပြီး တော်တော်လေး စေ့စေ့စပ်စပ်ပေါ့ ဥပမာ တက္ကသိုလ်ဝင်တန်း ၁ဝ တန်းအောင်တဲ့အမှတ်ဆိုလည်း အများကြီးမြှင့်လိုက်တယ်။ ကျနော်တို့မှာ အကယ်ဒမီ ၃ ခုရှိပါတယ်။ စစ်တက္ကသိုလ် DSA ပေါ့။ နောက်တစ်ခါ DSTA တပ်မတော် နည်းပညာတက္ကသိုလ်၊ နောက်တစ်ခုက တပ်မတော်ဆေးတက္ကသိုလ် သုံးခုရှိတယ်။ နောက်ပြီးရင်တော့ Special Force တာဝန်ပေးထားတဲ့ သူနာပြုတက္ကသိုလ်တစ်ခုရှိပါတယ်။ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ သူတွေကို သေချာစိစစ်ပြီးတော့မှာ ကျနော်တို့လက်ခံပါတယ်။ သူတို့က ကော်မရှင်ပေးတာပေါ့။ နောက်တစ်ခါ ဗိုလ်လောင်းသင်တန်း OTS တွေ ကျနော်တို့ဖွင့်ထားတာရှိပါတယ်။ သူလည်း တပ်မတော်တွင်းကနေပြီးတော့မှ အရည်ချင်းကိုက်ညီတဲ့ စစ်မှုထမ်းတွေကို ကျနော်တို့ သင်တန်းတက်ခွင့်ပေးတယ်။ သူကတော့တစ်နှစ်ကို နှစ်ရာကျော်ကျော်လောက်ခေါ်ပါတယ်။ အဲ့ဒီကမှ လိုအပ်တဲ့ပညာရှင်ပေါ့။ ဥပမာ မွေးမြူရေးနဲ့ ပတ်သက်တဲ့ ပညာရှင်ပေါ့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ ကျနော်တို့မှာ မရှိပါဘူး။ကျနော်တို့ မွေးမထုတ်နိုင်ပါဘူး။ အဲ့ဒါကြောင့် အပြင်တက္ကသိုလ်ကအောင်တဲ့ ဘွဲ့ရတွေ ကျနော်တို့ခေါ်တာပေါ့။ ဒါကလည်း တစ်ပိုင်းလုပ်တာပေါ့။အခြားအဆင့်ပိုင်းတွေကျတော့လည်း သူတို့ဆီမှာ သတ်မှတ်ထားတဲ့ အတန်းပညာနဲ့ စစ်သက်နဲ့ ရာထူးနဲ့ သတ်မှတ်ထားတာရှိတယ်။ ဒီဟာကို ကျနော်တို့ က ခုနကပြောတဲ့ ဗိုလ်သင်တန်းကျောင်းမှာ တက်ခွင့်ပေးတယ်။တစ်နှစ်ကို တစ်ကြိမ်ဖွင့်ပါတယ်။ ကျနေ်ာတို့အပိုင်းက အခုဆိုရင် အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးဆောင်ရွက်နေတယ်။ ဒါကြောင့်လည်း နည်းသွားတယ်လို့ မြင်ရတာဖြစ်ပါတယ်။

RFA - ဟုတ်ကဲ့။ နောက်တစ်ခုကတော့ အမျိုးသမီးအရာရှိသင်တန်းတွေ ဖွင့်တယ်ဆိုတော့သိတယ်လေ။ တခြားအဆင့် အမျိုးသမီးအဖွဲ့ဝင်တွေကိုရော ခေါ်ဖို့အစီစဉ်ရှိပါလား။

ဗိုလ်ချုပ်မှူ၊ကြီး မင်းအောင်လှိုင် - ခေါ်ပါတယ်။ အခု အမျိုးသမီးနဲ့ ပတ်သက်ရင် ဗိုလ်သင်တန်းကျောင်းရှိပါတယ်။ အပတ်စဉ် ၁ ဆင်း ပြီးပါပြီ။ အပတ်စဉ် ၂ တက်ဆဲဖြစ်ပါတယ်။ နောက်တခါ တပ်ကြပ်ကြီးစာရင်းအမျိုးသမီးတွေ ကျနော်တို့ခေါ်ပါတယ်။ လောလောဆယ်သင်တန်းတက်နေတဲ့ Course တစ်ခုရှိပါတယ်။ မကြာခင်မှာ နောက်ထပ်သင်တန်းတစ်ခု ထပ်ဖွင့်ဖို့ဆောင်ရွက်ပါမယ်။ ပြီးရင်သားဖွားတပ်ကြပ်ကြီးတွေပေါ့။ တပ်ကြပ်ကြီးတွေခန့်ပြီး ဆောင်ရွက်နေတာတွေရှိပါတယ်။ အရင်ကတော့ ကျနော်တို့က အပြင်အမှုထမ်းအနေနဲ့ပဲ ထားတာပေါ့။ အခုက တပ်မတော်စစ်မှုထမ်းအဖြစ်ကို တာဝဝန်ထမ်းဆောင်ဖို့အတွက် ခေါ်ခဲ့တာရှိပါတယ်။ ကျနော်ထင်တယ် အခု ငါးရာ ခြောက်ရာလောက် တပ်မတော်ထဲမှာ သားဖွားတပ်ကြပ်ကြီးတွေ ခန့်ပြီးဖြစ်ပါတယ်။ နောက်ထပ်လည်း ခန့်ဖို့ရှိပါသေးတယ်လို့ ကျနော်ပြောလိုပါတယ်။

RFA - လက်တလောဖြစ်နေတဲ့ နိုင်ငံအခြေအနေပေါ့။ အဲ့ဒါတော့ ဗိုလ်ချုပ်မှူးကြီးလည်းကြားမှာပါ။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ ပံ့ပိုးမှုပေးတယ်ပေါ့လေ။ အဲ့လိုသတင်းတွေထွက်တယ်။ အများကလည်းအဲ့လိုလက်ခံထားတယ်။ အဲ့အပေါ်မှာ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုများရှင်းပြချင်ပါသလဲရှင့်။

ဗိုလ်ချုပ်မှူ၊ကြီး မင်းအောင်လှိုင် - နိုင်ငံတော်အစိုးရတစ်ခုကို တပ်မတော်က ရပ်တည်ပေးရမယ်ဆိုတာတော့ လိုအပ်ချက်တစ်ခုပါ။ ဘာဖြစ်လို့လဲဆိုရင် အစိုးရက တိုင်းပြည်ဦးဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တာကိုး။ သမ္မတကြီးဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့နဲ့ ကျနော်တို့နဲ့ကတော့ ဘာပဲပြောပြော နိုင်ငံရဲ့တည်ဆောက်မှု လုပ်ငန်းတွေမှာ အောင်မြင်အောင် တကယ်ကိုလည်း ကျနော်တို့က ပံ့ပိုးကူညီပြီး ဆောင်ရွက်ပါတယ်။ နောက်တစ်ခု ကလည်း ကျနော်သည် တပ်မတော်ရဲ့ အကြီးအကဲဆိုပေမယ့်လည်း သမ္မတကြီးက နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ် တယ်။ နိုင်ငံတော်အကြီးအကဲရဲ့ ဦးဆောင်မှုကို ကျနော်တို့က ဘာပဲဖြစ်ဖြစ်လိုက်နာပြီး ဆောင်ရွက်ရမယ့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်။ ဒါက တာဝန်အရပေါ့။ ခုနက နိုင်ငံရေးပြောင်းလဲတာနဲ့ ပတ်သက်ပြီး ဒါကတော့ သူတို့ပါတီပိုင်းရဲ့ကိစ္စပဲဖြစ်ပါတယ်။ ကျနော်တို့နဲ့တော့ ဘာမှမဆိုင်ပါဘူး။ ပါတီထဲပိုင်းမှာဖြစ်တဲ့ကိစ္စကို ပါတီကဆောင်ရွက်တာပဲဖြစ်တယ်။ အဲ့မှာ တချို့ကျတော့လည်းပြောတာပေါ့နော်။ အဲ့မှာအငြိမ်းစား တပ်မတော်အရာရှိကြီးတွေ ပါလို့ပြုလို့ဆိုပြီးပြောတယ်။ မှန်တယ်လေ သူတို့က အငြိမ်းစားယူပြီးတော့ သူ့လမ်းကိုသူလျှောက်လို့ရတာပဲ။ ကျနော်တို့ စစ်မှုထမ်းတွေကျတော့ တစ်ယောက်မှ အဲ့လမ်းမှာပါဝင်ပတ်သက်ခွင့်မရှိဘူး။ သက်သက်ထင်မြင်ယူဆချက်တစ်ခုသာဖြစ်တယ်လို့ ကျနော်ပြောလိုပါတယ်။

RFA - ဒါဆိုလို့ရှိရင် နောက်တစ်ခုက ဗမာ့တပ်မတော်ကလေ တခြားဒီမိုကရေစီနိုင်ငံတွေလို တိုင်းပြည်ကာကွယ်ရေးအတွက်ပဲရှိရမယ်ဆိုတဲ့ သဘောပေါ့နော်။ ဒါပေမဲ့ သူကလည်းနိုင်ငံရေးထဲမှာ အခုလို ပါဝင်ပတ်သက်နေတာလေးတွေ ရှိတယ်လို့တွေ့ရတယ်။ နောက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး တခါပြောတယ်နဲ့တူတယ်။ တိုင်းပြည်အနေအထား အေးချမ်းသွားလို့ရှိရင် တပ်မတော်က တပ်မတော် အနေအထားမှာပဲရှိမယ်။နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်မရှိဘူးလို့ ဗိုလ်ချုပ်မှူးကြီးကပြောတယ်။ အဲ့လိုဆိုရင် အဲ့ဒီအနေအထားက ဘယ်လိုအနေအထားမျိုးကို ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဆိုလိုတာလဲ။ နှစ်အပိုင်းအခြားနဲ့ရော ပြောနိုင်ပါသလား။ ၅နှစ်တန်တယ်။ ၁၀နှစ်တန်တယ်ကျလို့ရှိရင် တိုင်းပြည်အခြေအနေက ကောင်းသွားတဲ့အတွက် တပ်မတော်ရဲ့ ကဏ္ဍကသူ့ဟာနဲ့သူပဲ။ နိုင်ငံရေးထဲမှာ ဘာမှဝင်ရောက်စရာမလိုဘူး။ ကာကွယ်ရေးဘက်မှာပဲ ကိုင်မယ်ဆိုတာမျိုးကို ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ပြောနိုင်မလားရှင့်။

ဗိုလ်ချုပ်မှူ၊ကြီး မင်းအောင်လှိုင် - နိုင်ငံရဲ့သမိုင်းပြန်ကြည့်လို့ရှိရင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတဲ့ အချိန်ကနေ စပြီးတော့ ယနေ့ထက်တိုင် နိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွေမှာ တပ်မတော်က ဘယ်လိုပဲဖြစ်ဖြစ်ပါဝင် ခဲ့တာရှိပါတယ်။ ဒီလိုအခြေအနေမျိုးရောက်အောင်လည်း တပ်မတော်က လုပ်လာခဲ့တာပေါ့။ ဒါပေမဲ့ တိုင်းပြည် အခြေအနေက လက်ရှိ တစ်အချက်ကတော့ တည်ငြိမ်အေးချမ်းရေး လုံးဝမရသေးပါဘူး။ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ပြဿနာ အခုထိဖြေရှင်းရဆဲပဲ ဖြစ်ပါတယ်။ မပြီးသေးပါဘူး။တဘက်ကပြန်ကြည့်မယ် ဆိုရင် နိုင်ငံရေးအရကြည့်မယ်ဆိုရင် နိုင်ငံရေးမှာ ဆောင်ရွက်နေတဲ့ကိစ္စတွေကလည်း တိုင်းပြည်အေးချမ်းမှု အပေါ်မှာလည်း ထိခိုက်စေနိုင်တဲ့ လှုပ်ရှားမှုတချို့လည်း ကျနော်တို့တွေ့တာပေါ့။ အကုန်လုံးတော့မဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးမှာ ကျနော်တို့က ယိမ်းယိုင်သွားလို့တော့မရဘူး။ ကျနော်တို့သွားနေတာက ပါတီစုံဒီမိုကရေစီ လမ်းကြောင်းသွားနေတာဖြစ်ပါတယ်။ ဒီလမ်းကြောင်းကို ပြည်သူကတောင်းဆိုတာပေါ့။ ဒါကိုတပ်မတော်ကနေ ရအောင်တည်ဆောက်ပေးထားတယ်။ ဒီဟာကိုထိခိုက်မယ့်ကိစ္စဆိုရင်တော့ တပ်မတော်က ဘယ်လိုမှထိခိုက် ခံမှာတော့မဟုတ်ဘူး။ နောက်တခါ တည်ငြိမ်အေးချမ်းမှုဆိုတာလည်း လူပုဂ္ဂိိုလ်ရေးဆိုင်ရာလုံခြုံမှုတွေ၊ စီးပွားရေးအရလုံခြုံမှု၊ စားသောက်ရေးဆိုင်ရာလုံခြုံမှု၊ နိုင်ငံရေးဆိုင်ရာလုံခြုံမှုပေါ့။ ပြောရင်တော့ Human Security နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေပေါ့။ ဒါတွေကလည်း ခိုင်ခိုင်မာမာဖြစ်ဖို့ အာမခံချက်ရှိဖို့တော့လိုတယ်။ ဒါတွေကိုလည်း ခုနကပြောတဲ့ ပတ်ဝန်းကျင်က ခုနက ကျနော်ပြောတဲ့ အကြောင်းအရာတွေကနေပြီးတော့ ထိခိုက်နေတာကို သွားတွေ့တယ်။ ဒါတွေအကုန်လုံး တည်ငြိမ်အေးချမ်းသွားပြီ ခိုင်မာအေးချမ်းသွားပြီဆိုရင်တော့ တပ်မတော်ကလည်း အလိုလို သူ့ဘာသာသူ့ကိစ္စသူ ရှင်းသွားမယ့်သဘောလို့ ကျနော်တို့ကမြင်တယ်။ ကျနော်တို့က တိုင်းပြည်တည် ငြိမ်အေးချမ်းပြီးတော့ တိုးတက်ဖို့ပဲလိုချင်တယ်။ တပ်မတော်က ကျရာတာဝန် ထမ်းဆောင်မှာပဲ။

RFA - အချိန်ကာလနဲ့ဆိုရင် ဗိုလ်ချုပ်မှူးကြီ းဘယ်လိုခန့်မှန်းလဲရှင့်။

ဗိုလ်ချုပ်မှူ၊ကြီး မင်းအောင်လှိုင် - ခုနကပြောတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေက ဥပဒေဘောင်အတွင်းမှာ လက်နက်လည်းစွန့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန်ရောက်သွားဖို့။ နောက်တစ်ခုကလည်း အခြေနေ ဒို့တာဝန်အရေးသုံးပါးကို ကျနော်တို့ပြောထားတယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒီသုံးရပ်ကိုပေါ့။ ဒီသုံးရပ်ကိုမထိခိုက်နိုင်ဘူးဆိုတဲ့ အာမခံချက်တစ်ခု အဲ့အချိန်တော့ ကျနော်တို့စောင့်ရမယ်ထင်တယ်။ ဒါကတော့ တဘက်ရဲ့ဆောင်ရွက်မှုအပေါ် အများကြီးမူတည်ပါတယ်။ ငါးနှစ်လည်းဖြစ်ရင်ဖြစ်မယ်။ ဆယ်နှစ်လည်းဖြစ်ရင်ဖြစ်မယ်။ ကျနော်ထင်တယ် အခု ကျနော်တို့ NCA ထိုးဖို့လုပ်နေတာရှိတယ်။ ထိုးပြီးရင် ကျန်တဲ့ Political Dialogue တွေ သွားတဲ့အချိန်မှာ တစ်ယောက်တစ်ယောက် ယုံကြည်မှုနဲ့ ကျနော်တို့ ဒီပြောနေတဲ့ လမ်းကြောင်းပေါ်မှာရောက်ပြီဆိုရင် ဒီလုပ်ဆာင်ချက်တွေဟာ အခြေနေမှန်နဲ့သွားရတော့မယ်ဆိုတာ ကျနော်တို့ ဆုံးဖြတ်လို့ရပါပြီ။

RFA - အဲ့ဒါနဲ့ ဗိုလ်ချုပ်မှူးကြီးပြောတာနဲ့ ဆက်သွားမယ်ဆိုလို့ရှိရင် ဒီငြိမ်းချမ်းရေးဆွေးနွေးတဲ့ဥစ္စာက ထင်သလောက်မရောက်ဘူးလို့ ပြောရမှာပေါ့နော်။ အဲ့ဒါကလည်း စစ်တပ်ရဲ့အခန်းကဏ္ဍက အဓိကကျတယ်လို့ ပြောနေကြတယ်။ အဲ့ဒီအပေါ်မှာ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုပြောလိုပါသလဲ ။

ဗိုလ်ချုပ်မှူ၊ကြီး မင်းအောင်လှိုင် - ပြောရင်တော့ နှစ်ဘက်လုံးနဲ့ ဆိုင်တယ်လို့ပြောရလိမ့်မယ်။ တဘက်ကပြောရင်တော့ တပ်မတော်ပေါ်မှာ အဓိကတာဝန်ရှိတယ်လို့ပြောမှာပေါ့။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာကတော့ ကျနော့်ရဲ့ဆန္ဒပြောမယ် ကျနော့်တပ်မတော်ရဲ့ဆန္ဒပြောမယ်။ ငြိမ်းချမ်းရေးတကယ်ဖြစ်ချင်တယ်။ သို့သော်လည်းပဲ ဒီငြိမ်းရေးဟာ ငြိမ်းချမ်းရေးလုပ်ထားပြီးတော့မှ အုပ်ချုပ်ရေးယန္တရားမှာ ပျက်ယွင်းနေလို့တော့မရဘူး။ အခုကတော့ အုပ်ချုပ်ရေးယန္တရားနဲ့ ပတ်သက်ပြီး တချို့အစိတ်အပိုင်းတွေမှာ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေက သူတို့နဲ့သက်ဆိုင်တဲ့နယ်မြေတွေမှာ တချို့ဟာလေးတွေ ပါဝင်နေတာလေးတွေရှိတယ်။ ရှိနေတဲ့အခါကျတော့ ဒီတွေက ဥပဒေနဲ့ ကြည့်ပြီးသွားရမှာပေါ့။ ဒီလိုအခြေအနေမျိုးရောက်ဖို့အတွက် ဒါအင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကလည်း ငြိမ်းချမ်းရေးယူချင်တဲ့စိတ် တကယ်ကို ယူချင်တဲ့စိတ်ရှိဖို့လည်းလိုတယ်။ နောက်ကျနော်တို့သွားနေတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာလည်း အားလုံးတူတူညီညီနဲ့လိုက်ပါလုပ်ဆောင်ဖို့လိုတယ်။ နိုင်ငံတိုင်းကြည့်လိုက်ပါ။ဘယ်နိုင်ငံပဲကြည့်ကြည့်လ က်နက်ကိုင်ပြီးတာဝန်ယူတဲ့ အခြေနေမျိုးကတော့ ဘယ်သူမှလက်မခံဘူး။ ဒီမိုကရေစီနိုင်ငံကတော့ ပိုဆိုးတာပေါ့။ ဒါကြောင့် ဒီလိုအခြေနေမျိုးရောက်ဖို့လိုတယ်။ ဒါကြောင့် ကျနော်တို့လည်းဒါကိုတောင်းဆိုတာဖြစ်တယ်။ တောင်းဆို လို့ သူတို့ဘက်ကနေပြီးတော့ ယုံကြည်မှုရှိရှိနဲ့ လုပ်ပြီဆိုလို့ရှိရင် ဒါငြိမ်းချမ်းရေးဟာ အပြည့်အဝငြိမ်းချမ်းရေး ရရှိဆဲအခြေအနေကို ရောက်သွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။