ပင်လုံမြို့မှာ ဗိုလ်ချုပ်ရာပြည့်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အကြောင်း မေးမြန်းချက်
2015.01.23
ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်အဖွဲ့နဲ့ တိုင်းရင်းသားပါတီအသီးသီးက လူငယ်တွေ ပူးပေါင်းပြီး လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ဂုဏ်ပြုပွဲ ကျင်းပမှာဖြစ်ပါတယ်။
ပင်လုံမြို့မှာ ဗိုလ်ချုပ်ရာပြည့်ပွဲကျင်းပဖို့ ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် ဗဟိုလူငယ်အဖွဲ့ တာဝန်ခံ ဒေါက်တာစိုးမိုးသူကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မစန်းမော်အောင်။ ။ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဆိုတာလည်း တစ်နိုင်ငံလုံးမှာ ခြိမ့်ခြိမ့်သဲကျင်းပနေ တာလည်း ရှိတာပေါ့နော်၊ ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့်ကို ပင်လုံမှာကျင်းပသွားမယ့် ရည်ရွယ်ချက်ကိုသိချင်ပါတယ်၊ ဘယ်လိုအစီအစဉ်မျိုးနဲ့များ ကျင်းပသွားဖို့ရှိပါလဲရှင့်။
ဒေါက်တာစိုးမိုးသူ။ ။ကျနော်တို့ဆန္ဒကတော့ ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁ဝဝ ပြည့်ကို တစ်နိုင်ငံလုံးခြိမ့်ခြိမ့်သဲ ကျင်းပသွားဖို့ အစီအစဉ်ရှိပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းမွေးရပ်ဖြစ်တဲ့ နတ်မောက်မြို့မှာလည်း ကြီးကြီးကျယ်ကျယ် ကျင်းပဖို့ရှိပါတယ်၊ ဒါပေမယ့် ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ အရမ်းအရေးကြီးတဲ့ မြို့တစ်မြို့ ကျန်နေပါသေးတယ်၊ ကျနော်တို့မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရသွားတာက အဓိကက ပင်လုံစာချုပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားတွေအကုန်လုံးစုစည်းနိုင်ခဲ့လို့သာ ကျနော်တို့ အင်အားအကြီးကြီးတစ်ခုဖြစ်ပြီးလို့ သာ အောင်ဆန်းအက်တလီစာချုပ်ဆိုတာ အသက်ဝင်လာတာဖြစ်ပါတယ်၊ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ မြန်မာနိုင်ငံရဲ့ မြို့တစ်မြို့ပါပဲ၊ ပြည်ထောင်စုနေ့ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေပါ၊ ဖေဖော်ဝါရီ ၁၃ ကဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပါ၊ ဒီနှစ်ရက်ပေါင်းပြီးတော့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ အင်လုံမှာ ကျနော်တို့ ကျင်းပနေတာဖြစ်ပါတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့က ဦးဆောင်ပြီးတော့ ပင်လုံမှာ ပြည်ထောင်စုနေ့ကျင်းပမယ်၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ခမ်းခမ်းနားနား ကျင်းပဖို့အစီအစဉ်ရှိပါတယ်၊ ပင်လုံရဲ့ အနှစ်သာရလည်း မပျောက်ရအောင် ပင်လုံဆိုတာ တိုင်းရင်းသားအားလုံးက ပေါင်းစုံကနင်းခဲ့တဲ့ အောင်မြေပဲဗျာ၊ အဲ့နေ့မှာတင်ဆက်မယ့် တိုင်းရင်းသားရိုးရာအကမျိုးစုံကို တည့်ပြီးသွင်းနိုင်အောင် အဓိကအခြေခံထားပြီး ကြိုးစားနေတာတွေရှိပါတယ်၊ အဲ့နေ့မှာလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းစကားတွေကိုလည်း ထုတ်ပြန်သွားဖို့လည်းရှိပါတယ်၊ ပင်လုံဆိုတာကတော့ ကျနော်တို့ NLD တစ်ဖွဲ့တည်းဆိုတာထက် ဗိုလ်ချုပ်အောင်ဆန်း ဗမာလူမျိုးတစ်ယောက်ဆိုတာထက် ပင်လုံရဲ့အနှစ်သာရက ရှမ်းပြည်နယ်မှာ တည်ရှိနေတာဖြစ်ပါတယ်၊ ဒါပေမယ့် တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်၊ ပင်လုံမြို့လေးမှာပဲ တစ်နိုင်ငံလုံးက စုစည်းညီညွတ်မှုကို ကျနော်တို့ယူဆောင်နိုင်ခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်၊ အဲ့သမိုင်းကို ကျနော်တို့ အခြေခံပြီးတော့ အခုကျနော်တို့ အမျိုးသားဒီမိုကရေစီ လူငယ်တွေကလည်း တိုင်းရင်းသားပါတီက လူငယ်တွေနဲ့ ကျနော်တို့လူငယ်တွေနဲ့ ပူးပေါင်းပြီးတော့ ပေါင်းစည်းနိုင်ရေးတစ်ခုထွက်အောင် ကြိုးစားနေပါတယ်ခင်ဗျ၊ တိုင်းရင်းသားလူငယ် နိုင်ငံရေးသမားတွေနဲ့ ဘုံသဘောတူညီချက်၊ ဘုံကြေညာချက်လေး တစ်ခုလောက်ဖြစ်အောင် ကျနော်တို့ စပြီးကြိုစားနေပါတယ်၊ တိုင်းရင်းသားပါတီတွေက လူငယ်တာဝန်ခံတွေ ကျနော်တို့ဖိတ်ပြီးတော့ NLD လူငယ်တွေနဲ့ ဒါဝိုင်းပြီးအကြိုဆွေးနွေးပွဲတွေရှိပါတယ်၊ အဲ့နေ့ကျရင်လည်း ကျနော်တို့အချောသက် ကြေညာချက်လေး ထုတ်ပြန်နိုင်အောင် ကျနော်တို့ ကြိုးစားနေပါတယ်ခင်ဗျ။
မစန်းမော်အောင်။ ။အဲ့ဒီကြေညာချက်မှာရော ဘယ်အချက်တွေကိုများ ပါဝင်နိုင်ဖို့အတွက် ဆောင်ရွက် သွားဖို့ရှိလဲ။
ဒေါက်တာစိုးမိုးသူ။ ။အကုန်လုံးလိုလားချက်ကို အငမ်းမရအလိုရှိနေတဲ့ ကြေညာချက်လေးပေါ့ဗျာ၊ အဓိကကတော့ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အရာလိုမျိုးတွေပေါ့၊ အခြေခံဥပဒေတွေကို ဒီမိုကရေစီနည်းလမ်းကျအောင် ဘယ်လိုကြိုးစားကြမလဲ ဆိုတာမျိုးတွေပေါ့ဗျာ၊ ကျနော်တို့ဝိုင်းဝန်းဆွေးနွေးပြီးမှ ထွက်လာမယ့်ဟာပေါ့နော်၊ ဒါကျနော်တို့ ဆွေးနွေးပွဲရှိပါတယ်ဗျ။
မစန်းမော်အောင်။ ။ဒီရှမ်းပြည်နယ်မှာဆိုလည်း တိုင်းရင်းသားပါတီ တိုင်းရင်းသားအဖွဲ့အစည်းတွေ များစွာရှိတယ်ပေါ့နော်၊ ဆိုတော့ တိုင်းရင်သားကိုစားလှယ်တွေများ တက်ရောက်နိုင်ဖို့များဖိတ်ကြားသွားဖို့ရှိလား။
ဒေါက်တာစိုးမိုးသူ။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေကနေ ဦးဆောင်ပြီးတော့ အခြးပါတီ၊ တိုင်းရင်းသားပါတီတွေကရှိတဲ့ လူငယ်တာဝန်ခံတွေကိုလည်း ကျနော်တို့ ဖိတ်ကြားထားပါတယ်၊ ဆွေးနွေးပွဲလး တစ်ခုလုပ်ဖို့ရှိပါတယ်ခင်ဗျ၊ ဒီနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁ဝဝ ပြည့်ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့လူငယ်တွေ နဲ့ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြိုးစားနေပါတယ်ခင်ဗျ။
မစန်းမော်အောင်။ ။ဒီလိုမျိုး တိုင်းရင်းသားလူငယ်တွေရော၊ နိုင်ငံရေးပါတီတွေရော ဒီလိုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပူးပေါင်းဆောင်ရွက်မှုကနေပြီးတော့မှ ပါတီလူငယ်တွေအနေနဲ့ရော ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို သိရှိလာမှုအခြေအနေကိုရော ဘယ်လိုမျိုးမျော်မှန်းထားလဲ။
ဒေါက်တာစိုးမိုးသူ။ ။ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးကျဆုံးသွားတဲ့အချိန်မှာ အသက် ၃ဝ ကျော်ပဲ ရှိပါသေးတယ်ခင်ဗျ၊ လူငယ်ဘဝကနေပြီးတော့မှ နိုင်ငံရေးလောကကို အဓိကထားဖြတ်သန်းခဲ့တာ ကျနော်တို့တွေ့ ရှိရတယ်ခင်ဗျ၊ ကျနော်တို့လည်း လူငယ်တွေအတွက် ဗိုလ်ချုပ်အောင်ဆန်းက ရှေ့ဆောင်လမ်းပြကြယ်ပါ၊ ကျောင်းသား ဘဝမှာဆိုလည်း ကျောင်းသားတာဝန် ကျေခဲ့ပါတယ်၊ နိုင်ငံရေးသမား လူထုခေါင်းဆောင်ဖြစ်လာတဲ့ အချိန်မှာလည်းပဲ တိုင်းပြည်နဲ့လူထုအတွက်ကို တကယ်ဇွဲရှိရှိနဲ့ သူရည်မှန်းတဲ့ လွတ်လပ်ရေးဆိုတဲ့အရာတစ်ခုကို တကယ်ဇွဲရှိရှိ နဲ့ဖြစ်နိုင်ခဲ့ပါတယ်၊ လူငယ်တွေလည်း ဒီအောင်ဆန်းစိတ်ဓါတ်ကို ကျနော်တို့ လေ့လာသင်ယူနိုင်မယ်ဆိုရင် အောင်ဆန်း စိတ်ပြီးတော့ အဲ့ဒီအတိုင်းချီတက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံကြီးက ဗိုလ်ချုပ်အောင်ဆန်းတို့ မျှော်မှန်းခဲ့သလိုပဲ တကယ့် လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာမယ်ဆိုတာ မလွဲပါဘူးဗျာ၊ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံကို အမြန်ဆုံး လျှောက် လှမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။
မစန်းမော်အောင်။ ။အခုလိုမျိုး RFA ကိုဖြေကြားပေးတဲ့အတွက် ကျေးဇူးပါပဲ အစ်ကို။
ဒေါက်တာစိုးမိုးသူ။ ။ဟုတ်ကဲ့။