ကလေး မုန့်ထုပ်များကိစ္စ ဆရာဝန်ကြီး ဒေါက်တာ တင့်ဆွေနဲ့ မေးမြန်းချက်


2014.12.22

မြန်မာနိုင်ငံက စာသင်ကျောင်း အများအပြားမှာ ကလေးငယ်များအတွက် ရောင်းချနေတဲ့ ပြည်တွင်း ပြည်ပက သွားရည်စာအထုပ်တွေမှာ ဘေးဖြစ်စေနိုင်တဲ့ ဓါတုဆေးများ ပါဝင်နေတဲ့ကိစ္စကို ဦးခင်မောင်ညိန်းက အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ယမုံနာ ဆေးခန်းတည်ထောင်ခဲ့တဲ့ ဆရာဝန်ကြီး ဦးတင့်ဆွေကို မေးမြန်းတင်ပြထားပါတယ်။

ဆရာဝန်ကြီး ဦးတင့်ဆွေနဲ့ မေးမြန်းချက်အပြည့်အစုံ

ဦးခင်မောင်ညိန်း။   ။ ဆရာ ဦးတင့်ဆွေ ခင်ဗျာ၊ အခုတလော ကြားနေရတဲ့ ကလေးငယ်တွေ မုန့်စားဆင်းရင်းနဲ့ အစားအသောက်မှားလို့ ဒုက္ခရောက်ကြရတာတွေ မုန့်ပဲသရေစာထဲမှာ အန္တရာယ်ဖြစ်နိုင်တဲ့ဆေးတွေ ထည့်ပြီးရောင်းနေကြတယ်ဆိုတာလဲ ကျနော်တို့ ကြားရတယ်ဗျ၊ ကလေးငယ်တွေကတော့ အရောင်လှလှလေးတွေ၊ အထုပ်လှလှလေးတွေ တွေ့တယ်ဆိုရင် ဝယ်ချင်ကြတယ်၊ စားချင်ကြတယ်၊ တကယ်လို့များ အဲ့အစားစာတွေထဲမှာ ချည်စက်တွေမှာသုံးတဲ့ အဝတ်အထည်ဆိုးဆေးတွေ၊ ချည်ဆိုးဆေးတွေ ထည့်ထားတယ်၊ ဒါမှမဟုတ်ရင်  ကြာရှည်ခံအောင်ထားတဲ့ဆေးတွေထဲမှာ မသင့်တဲ့ ဆေးတွေပါလာရင် ကလေးတွေမှာ ဘယ်လိုများဖြစ်လာနိုင်မလဲ။

ဦးတင့်ဆွေ။                 ။ ဟုတ်ကဲ့၊ အမျိုးမျိုးဖြစ်နိုင်တယ်ဗျ၊ ဘာကြောင့်လဲဆိုတော့ အသုံးပြုတဲ့ ဓာတုဆေးတွေကလဲ အမျိုးမျိုးသုံးကြတယ်၊ ဥပမာ၊ အရောင်လှအောင်လို့ အရောင်ဆိုးဆေးရှိတယ်၊ ဆိုးဆေးတွေကလဲ ခန္ဓာကိုယ်ထဲမှာ ခန္ဓာကိုယ်ထဲမှာ သူ့စနစ် အလိုက် ဒုက္ခပေးတာများပါတယ်၊ နောက်တခါ အထားခံအောင်လုပ်တဲ့ ဆေးတွေကလဲ ဒုက္ခပေးတယ်၊ နောက်တခါ ထုပ်ပိုးပစ္စည်းတွေကလဲ ဒုက္ခပေးတယ်၊ ဆိုတော့ ဒီအကြောင်းချက်အမျိုးမျိုးကနေဖြစ်နိုင်တယ်၊ ဖြစ်န်ုင်တဲ့အထဲမှာ အဆိုးဆုံးလို့ပြောရမှာကတော့ ရေရှည်မှာ ကင်ဆာဖြစ်နိုင်တာပေါ့လေ။

ဦးခင်မောင်ညိန်း။   ။ ကျနော်တို့ ငယ်ငယ်တုန်းက ကြားဖူးတာ ဖော်မက်လစ်ဟိုက်စ် ဆိုတာ အသုဘတွေဘာတွေမှာ ဒီအလောင်းကို မပုတ်သိုးအောင်ထိုးတဲ့ဆေးပေါ့နော်၊ ဟုတ်လားဆရာ။

ဦးတင့်ဆွေ။                 ။ ဟုတ်ပါတယ်ခင်ဗျာ၊ ထိုးတာလဲထိုးတယ်၊ ကျနော်တို့ ဆေး တက္ကသိုလ်တွေမှာဆိုရင် အလောင်းနဲ့ ခန္ဓာကိုယ်တစ်ရှုးတွေကို မပုပ်အောင်ထားတဲ့ ဆေးရည်ပါ၊ အဲ့ထဲကဓာတ်တွေကို ဒီနေ့ခေတ်မှာ အစားအသောက် တွေမှာ သုံးလာ ကြတယ်၊ ရာခိုင်နှုန်းအားဖြင့် များရင်များသလို ဆိုးတာပေါ့လေ၊ ကျန်တဲ့ ဟာတွေ က တော့ အစာလမ်းကြောင်းဒုက္ခပေးတာ တွေလဲရှိတယ်၊ နောက်တခါ အဆိပ်အတောက်တွေပေါ့လေ၊ ခန္ဓာကိုယ်နဲ့ မသင့်တာတွေမှန်သမျှ၊ ခန္ဓာကိုယ်ထဲဝင်လာရင် ဒီဟာကို ခြေဖျက်ပေးရတဲ့အလုပ်က အသည်းနဲ့ ကျောက်ကပ်ဖြစ်ပါတယ်၊ အဲ့တော့ အသည်းမကောင်းရင်ပိုဆိုးတယ်၊ ဒီဆေးကြောင့်အသည်းကို ထိခိုက်မယ်၊ အလားတူ ကျောက်ကပ်မကောင်းရင် ပိုဆိုးတယ်၊ ကျောက်ကပ်ကိုထိခိုက်တယ် ဆိုတဲ့အန္တရာယ်တွေဖြစ်စေနိုင်ပါတယ်ခင်ဗျ။

ဦးခင်မောင်ညိန်း။   ။ ဟုတ်ကဲ့ ဒီတော့ လူကြီးတွေကတော့ ချိန်ချိန်စစနဲ့ အသိဉာဏ် ရှိတော့ တော်မှာပေါ့လေ၊ ကလေးငယ်တွေကျတော့ ဒါကိုနားလဲ မလည်ကြဘူးလေ၊ အဲ့တော့ ဒီကိစ္စကို ကျန်းမာရေးဝန်ကြီးဌာနတွေကလဲ ဒီလိုမသင့်တော်တဲ့ အစားအစာ တွေတွေ့ရင် အကြောင်းကြားပါလိုတော့ပြောတာပဲ၊ ဒါပေမယ့် ဆရာလဲ နိုင်ငံခြားတွေမှာ နေလာတာကြာပြီပဲ ဒီလိုကိစ္စမျိုးကို တားဆီးလို့ရမယ့် နည်းလမ်းရှိလားဆရာ။

ဦးတင့်ဆွေ။                 ။ အခုလို ကျန်းမာရေးဌာနက အသိပေးချက်ဆိုတာက ဖြစ်မှကြိုတင်ပြီးတော့ အစောဆုံးပြီးစီးအောင်လုပ်တဲ့ အဆင့်ပဲရှိတယ်၊ အမှန်ကတော့ ဒီအဆင့်ရယ်၊ ဖြစ်လာရင် ကုဖို့အဆင့်ရယ်၊ မဖြစ်အောင် လုပ်တဲ့အဆင့်က ပိုအရေးကြီးတယ်ခင်ဗျ၊ မဖြစ်အောင်ဆိုတာက ကျန်းမာရေးအသိပေးမှုရယ်၊ ဥပဒေဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုလိုတယ်၊ အဲ့အပိုင်းမှာ အစားအသောက် တွေစစ်ဆေးတယ်၊ ဆေးဝါးတွေစစ်ဆေးတဲ့ FDA ပေါ့လေ၊ အဲ့အဖွဲ့နိုင်ငံတိုင်း မှာရှိပါတယ်၊ မြန်မာပြည်မှာလဲရှိတယ်၊ အဲ့အဖွဲ့ကလဲ ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျနဲ့ လုပ်ဖို့လိုတယ်၊ ကျနော်သိသလောက်တော့ မြန်မာပြည်မှာက လူအင်အားရော၊ ပစ္စည်းအင်အားရော၊ ငွေအင်အားရော တော်တော် ကိုနဲတယ်၊ သန်း ၅၀ ကျော်၊ ၆၀ စားတဲ့ဟာက ကိုယ်ပြည်ထဲတင် ထုတ်တာကနဲနဲ၊ ကလေးတွေအတွက်ဆိုရင် သူများနိုင်ငံက ဟာတွေနဲ့ ခြံစည်းရိုးကျော်လာတဲ့ ဟာတွေ ကများနေတယ်၊ ဒါတွေကို မစစ်ဆေးနိုင်တဲ့ ကိစ္စတွေပေါ့လေ၊ ဥပဒေလမ်းကြောင်း အရ လဲ အားနည်းတဲ့ ကိစ္စတွေရှိတယ်၊ စစ်ဆေးမှုအားနည်းတာတွေရှိတယ်၊ ဒါကြောင့်မို့လို့ ကာကွယ်မှုအပိုင်းကတော့ အကြီးအကျယ်လုပ်ရမယ်၊ ဒီလို လုပ်တဲ့အခါမှာ အစိုးရတစ်ခုတည်းလဲ အားကိုးလို့မရဘူး၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရော၊ ကျောင်းဆိုလဲ ကျောင်းဆရာ၊ မိဘတွေလဲ ဝိုင်းလုပ်ကြမှာသာလျှင် ကလေးတွေသက်သာမယ်၊ ကြိုတင်ကာကွယ်မှုကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျလုပ်သင့်တယ်လို့ အယူအဆရှိပါတယ်ခင်ဗျ၊

ဦးခင်မောင်ညိန်း။   ။ ဟိုတနေ့ကပဲ ရန်ကုန်ကနာမည်ကြီးပေါ့နော်၊ TTC ကျောင်းမှာ အသားကင်ရောင်းရင်းနဲ့ ဈေးသည်လှည်းလေးကနေပြီးတော့ ဂတ်စ်အိုးပေါက်ပြီးတော့ ကလေးတွေမီးတွေလောင်ကြ၊ ကလေးတွေတော်တော်လေး ထိခိုက်ဒဏ်ရာရကြတယ် ပေါ့လေ၊ ဒီလိုကိစ္စမျိုးတွေမှာလဲ သက်ဆိုင်ရာကျောင်းကထိန်းသိမ်းရင်ရမလား၊ သက်ဆိုင်ရာအာဏာပိုင်တွေက စည်းကမ်းချက်တွေထိန်းပြီးတော့ လုပ်လို့ရမလား

ဦးတင့်ဆွေ။                 ။ မှန်ပါတယ်ခင်ဗျ၊ အဲ့လိုကိစ္စမျိုးတွေကျတော့ ကျနော်တို့ ဆေးမြီးတိုဆန်ဆန်ပေါ့လေ၊ ဖြစ်လာတော့မှ ရဲကနေအရေးယူတယ်၊ စသည်ဖြင့် ဆိုတာတွေက အရေးယူတဲ့အပိုင်းဖြစ်ပြီးတော့ ဒီဟာတွေမဖြစ်အောင်နဲ့ နဲနိုင်သမျှလုပ်ဖို့ကတော့ ဒီဂတ်စ်မီးဖိုက စိတ်မချတဲ့ပစ္စည်းတွေသုံးနေတာကိုက ဒီဂတ်စ်မီးဖိုဘယ်ကနေလာသလဲ၊ ဒီဈေးရောင်းတဲ့သူကလဲ ဒီထက်ကောင်းတာတွေ မတတ်နိုင်ဘူးဆိုပြီး ဆင်းရဲမွဲတေမှုကလဲ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ခင်ဗျ၊ နောက်ပစ္စည်းကလဲ ထုတ်လုပ်တာပဲဖြစ်ဖြစ်၊ တင်သွင်းတာပဲဖြစ်ဖြစ် စနစ်နဲတဲ့၊ ညံ့တဲ့နိုင်ငံတွေကို ကျနော်တို့နိုင်ငံကအားကိုးနေရတယ်၊ အိမ်းနီးချင်းနိုင်ငံတွေကလဲ စက်မှုနည်းပညာက အင်မတန်မှနိမ့်ပါတယ်၊ ဒီဟာတွေကို အားကိုးနေရတာကိုက ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေ အားကိုးနေရတာကလဲ အကြောင်းအရာကြီးတစ်ခုဖြစ်နေတော့ လုံးဝပြောင်းလဲရေးကိုဝင်သွားတဲ့အတွက် ဒီဟာကြီးကတော်တော်ကို ကျယ်ပြန့်တော့ ဒါဟာတနည်းအားဖြင့် တိုင်းပြည်ရဲ့အရင်းအမြစ်ကို ဖြုန်းတီးနေတယ်၊ သူများနိုင်ငံတွေမှာတော့ ရောဂါတစ်ခုဖြစ်လာရင် ငွေကြေးတန်ဖိုးကို တွက်ကြတယ်၊ ကျနော်တို့နိုင်ငံမှာတော့ ငွေကြေးတင်မက အသက်တွေပါ ထည့်တွက်ရမယ့် အနေအထားရှိတော့က ဒီလိုဖြစ်တဲ့ကိစ္စတွေကို ကျနော်တို့ခေါင်းကောင်းကောင်းနဲ့ စေတနာပါပါနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဝိုင်းလုပ်သင့်တယ်လို့ ထင်ပါတယ်ခင်ဗျ၊

ဦးခင်မောင်ညိန်း။   ။ ဟုတ်ကဲ့အခုလိုရှည်ရှည်ဝေးဝေးရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ၊ ကျနော်တို့ လူပိန်းအတွေးတွေးရင်တော့ အပြစ်မရှိတဲ့ ကလေးငယ်လေးတွေ ဒီလိုအန္တရာယ်တွေနဲ့ ကင်းဝေးပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့လေ၊

ဦးတင့်ဆွေ။                 ။ ဟုတ်ကဲ့၊ ကျနော်လဲဆုတောင်းပါတယ်၊

ဦးခင်မောင်ညိန်း။   ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဆရာရေ။

ဦးတင့်ဆွေ။                 ။ ဟုတ်ကဲ့ခင်ဗျာ။

 

 

 

 

 

 

 

 

 

 

 

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။