ကန် သံအမတ်ဟောင်းရဲ့ မြန်မာခရီးစဉ် နိုင်ငံရေးနဲ့မဆိုင်ဟု ခုခံပြောဆို
2021.11.08
ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို လူသားချင်းစာနာမှု ခရီးစဉ်အဖြစ်သွားရောက်ခဲ့တဲ့ အမေရိကန်သံအမတ်ဟောင်း Bill Richardson ဟာ ခရီးစဉ်အတွင်းမှာ အငြင်းပွားဖွယ် နိုင်ငံရေးကိစ္စတွေကို ရှောင်ရှားခဲ့တဲ့အတွက် ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ နဲ့ ဖမ်းဆီးခံထားရတဲ့ အမေရိကန် သတင်းသမား Danny Fenster လွတ်မြောက်ဖို့ ကိစ္စတွေကို မလုပ်နိုင်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ ကိစ္စတွေ အောင်မြင်မှုရခဲ့တယ်လို့ RFA ကို ပြောပါတယ်။
မနေ့က ပြုလုပ်တဲ့ RFA နဲ့ မေးမြန်းခန်းမှာ အာဏာသိမ်းစစ်ကောင်စီကို “စစ်အစိုးရ” လို့ သူက ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA - မစ္စတာ Bill Richardson ခင်ဗျား။ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် အစိုးရဝန်ကြီးတွေ၊ သံအမတ်တွေနဲ့ တွေ့ဆုံခဲ့တာ တွေ့ရပါတယ်။ဒါပေမယ့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခဲ့ပါဘူး။ လူကြီးမင်းအနေနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရ ဖို့ ကြိုးပမ်းခဲ့သလား။
Bill Richardson - မကြိုးစားခဲ့ပါဘူး။ အငြင်းပွားစရာ၊ ဝိဝါဒကွဲပြားစရာဖြစ်မယ့် အရေးကိစ္စတွေကို ရှောင်ကြဉ်ခဲ့ပါတယ်။ သူမအနေနဲ့ ကျန်းမာစွာ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ပေးဖို့၊ မြန်မာပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ ကိစ္စတွေကိုပဲ အာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကိစ္စတွေ ဆွေးနွေးဖို့ နိုင်ငံခြားရေးဝန်ကြီးက ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တာပါ။ ကျွန်တော့်ရဲ့ ခရီးစဉ်က မြန်မာပြည်သူတွေကို လိုအပ်နေတဲ့ အကူအညီတွေ ပေးဖို့အတွက် သက်သက် ဖြစ်ပါတယ်။ နိုင်ငံရေး ရည်ရွယ်ချက် မပါဝင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ မကြိုးစားခဲ့တာဖြစ်ပါတယ်။
RFA - ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ အမေရိကန် ဂျာနယ်လစ် ဒန်နီဖော်စတာ လွတ်မြောက်ဖို့ကိစ္စ ဆွေးနွေးခဲ့တာရော ရှိပါသလား။
Bill Richardson - ဒီကိစ္စကို ထည့်မပြောဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက ကျွန်တော့်ကို မှာကြားထားပါတယ်။ ကျွန်တော် အဲဒီအတိုင်းလိုက်နာခဲ့ပါတယ်။ ဒါကြောင့် ပြောဆိုဆွေးနွေးမှု မရှိခဲ့ပါဘူး။
RFA - လူကြီးမင်းရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ အကျိုးဖြစ်ထွန်းမှုရှိခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဘယ်လို အကျိုးဖြစ်ထွန်းမှုတွေ ရှိခဲ့သလဲ တိတိကျကျ ပြောပြပေးလို့ ရမလား။
Bill Richardson - ကျွန်တော့်ရဲ့ ခရီးစဉ်အတွင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ပေးအပ်ဖို့ မြန်မာ ပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်တဲ့နေရာမှာ တိုးတက်မှုတွေ ဖြစ်အောင် ပြောဆိုစည်းရုံးနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ အသေးစိတ်ကတော့ မကြာခင် မြင်လာရမှာပါ။ စစ်အစိုးရဘက်ကတော့ နိုင်ငံတကာအကူအညီတွေ ပေးအပ်ခွင့်ပေးဖို့ လက်ခံမယ့်သဘောထားမျိုး တွေ့ခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ စစ်ခေါင်းဆောင်တွေ၊ ဝန်ကြီးဌာနအကြီးအကဲတွေနဲ့ တွေ့ဆုံရာမှာ အားလုံးက လက်ခံကြပါတယ်။ တိတိကျကျပြောရရင် ရည်ရွယ်ချက် သုံးချက် အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။ ပထမ ကာကွယ်ဆေးနဲ့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်မှုတွေ မြှင့်တင်ဖို့ လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယအနေနဲ့ ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတွေကို အကျဉ်းထောင်တွေထဲကို ဝင်ရောက်ကြည့်ရှုခွင့်ပေးဖို့ သဘောတူမှု ရခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ Richardson Foundation ရဲ့ ဝန်ထမ်းဖြစ်တဲ့ မအေးမိုးကို ထောင်ကနေ လွတ်လာပြီး အိမ်ပြန်နိုင်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါတွေအားလုံးဟာ အရေးကြီးတဲ့ အောင်မြင်မှုတွေ ဖြစ်ပါတယ်။
RFA - အခုလို ကိုဗစ်ကာကွယ်ဆေးတွေ ပေးအပ်တဲ့နေရာမှာရော အာဏာသိမ်းစစ်ကောင်စီက သူတို့စိတ်တိုင်းကျ လုပ်ဆောင်ပြီးတော့ သူတို့လိုလားတဲ့သူတွေကိုပဲ ဆေးထိုးပေးတာမျိုး မလုပ်ဖို့ ကတိကဝတ် ပေးတာမျိုး ရှိခဲ့ပါသလား။
Bill Richardson - ကျွန်တော် သူတို့ကို အကြံပြုခဲ့တာကတော့ ကိုဗစ်ကာကွယ်ဆေးတွေကို ဖြန့်ချိတဲ့ကိစ္စကို အစိုးရကပဲ လက်ဝါးကြီးအုပ်ပြီး လုပ်တာမျိုး မဟုတ်ဘဲ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ တခြား တတ်သိနားလည်တဲ့ အဖွဲ့တွေနဲ့ မျှဝေပြီး လုပ်ဖို့ပါ။ ကိုဗစ်ကာကွယ်ဆေး နှစ်သန်းလောက်ကို လိုအပ်နေတဲ့ ဒေသတွေကို ဖြန့်ဖြူးပေးဖို့၊ အထူးအဖွဲ့တွေ ဖွဲ့ပြီး အချိန်နဲ့တပြေးညီ လုပ်ပေးဖို့ အကြံပြုခဲ့ပါတယ်။ ကာကွယ်ဆေး ထိုးနှံတာကိုလည်း ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေတင်မကဘဲ ကျေးလက်ဒေသတွေအထိ ရောက်အောင်ဖြန့်ဖြူးဖို့၊ အထူးသဖြင့် အရေးပေါ် လိုအပ်နေတဲ့ အိန္ဒိယနဲ့ ထိုင်း နယ်စပ်ဒေသတွေအထိ ရောက်အောင် ဖြန့်ဖြူးပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ တကယ်လုပ်မလုပ်ကတော့ အစိုးရနဲ့ ကုလအေဂျင်စီတွေ၊ အန်ဂျီအိုတွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ စစ်အစိုးရအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ၊ ကာကွယ်ဆေးတွေ ဖြန့်ချိဖို့ ထိရောက်တဲ့ အစီအမံတွေ လုပ်လာအောင် စည်းရုံးနိုင်ဖို့ လိုပါတယ်။ ကျွန်တော့်ရဲ့ ခရီးစဉ်အတွင်းမှာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ ဖြစ်လာအောင် စည်းရုံးနိုင်ခဲ့ပါတယ်။
RFA - အခုဆိုရင် လူကြီးမင်းရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ သဘော သက်ရောက်စေတယ်။ တရားဝင်ဖြစ်မှု ရသွားစေတယ်လို့ ဝေဖန်ပြောဆိုနေတာတွေ ရှိပါတယ်။ ဒီလို ဝေဖန်ပြောဆိုမှုတွေကို လူကြီးမင်းအနေနဲ့ ဘယ်လို တုံ့ပြန်ချင်ပါသလဲ။
Bill Richardson - စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီး ဓာတ်ပုံ အရိုက်ခံခဲ့တာအတွက် ဝေဖန်မယ်ဆိုရင်တော့ ဝေဖန်နိုင်ပါတယ်။ ဒီခရီးစဉ်မှာ ကျွန်တော့်ဘက်က အချက်သုံးချက် အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။ အကျဉ်းကျခံနေရတဲ့ ကျွန်တော်တို့ ဝန်ထမ်းကို ထောင်ကနေ လွတ်လာအောင် လုပ်နိုင်ခဲ့တယ်။ ကာကွယ်ဆေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်တဲ့ အခြေအနေကို တိုးတက်လာအောင် လုပ်နိုင်ခဲ့တယ်။ အကျဉ်းထောင်တွေကို ကြက်ခြေနီအဖွဲ့က ဝင်ရောက်ကြည့်ရှုခွင့်ရအောင် ဆွေးနွေးနိုင်ခဲ့တယ်။ အဲဒါတွေ အောင်မြင်ဖို့ စစ်ခေါင်းဆောင်နဲ့တွေ့ပြီး ဓာတ်ပုံအရိုက်ခံတာကို အပြစ်ရှိတယ်လို့ ဝေဖန်မယ်ဆိုရင်တော့ ဝေဖန်သမျှ ခံဖို့ အသင့်ပါပဲ။ ကျွန်တော်က နောက်တန်းမှာပဲနေပြီး မိန့်ခွန်းတွေ ပြောနေတဲ့သူမျိုး မဟုတ်ဘူး။ ကျွန်တော်က ရှေ့တန်းအထိသွားပြီး အပြောင်းအလဲတွေ ဖြစ်လာအောင် လုပ်ခဲ့တဲ့သူပါ။