တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းအားလုံး အာဏာရှင်တော်လှန်ရေးမှာ ပါဝင်
2023.01.25
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေသလို လက်ရှိ အာဏာရှင်စနစ်တော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးဟာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ပါဝင်လှုပ်ရှားနေကြပြီဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားလိုက်ပါတယ်။ ဦးခွန်မြင့်ထွန်းကို RFA အဖွဲ့သား ဦးခင်မောင်စိုးက လွတ်မြောက်နယ်မြေတစ်နေရာမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ဦးခွန်မြင့်ထွန်းတို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီက အခု ဘာတွေလုပ်နေပါသလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးမှာ စဉ်ဆက်မပြတ် ပါဝင်လာကြတဲ့ ပအိုဝ်းအမျိုးသားအင်အားစုတွေနဲ့ နွေဦးတော်လှန်ရေးမှာ စဉ်ဆက်မပြတ် ပါဝင်လာတဲ့ ပအိုဝ်းမျိုးဆက်သစ်အင်အားစုတွေနဲ့ ပေါင်းပြီးတော့ စုဖွဲ့ထားပါတယ်။ ကျွန်တော်တို့အနေနဲ့က အခု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်း နယ်ပယ်စုံမှာ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကျန်းမာရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ ပြီးရင် ဘဏ္ဍာငွေ ရှာဖွေရေးအနေနဲ့ ဆိုရင်တော့ ဘွန်းတွေ ရောင်းချတာမျိုးတွေလည်း ကျွန်တော်တို့ ဆောင်ရွက်ပါတယ်။ ထို့နည်းတူ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့လည်း ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှာ အမျိုးသားဖက်ဒရယ်ကောင်စီဟာ အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်ပါတယ်။ အခု နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေပြီးတော့ ပြင်ဆင်မှုတွေ သင်တန်းတွေ စသဖြင့် ဒီလိုပြင်ဆင်မှုတွေလည်း ဆောင်ရွက်နေပါတယ်။ နယ်ပယ်အသီးသီးမှာလည်း နည်းမျိုးစုံနဲ့ ပါနေသလို စစ်ရေးအနေနဲ့ကတော့ ပအိုဝ်းအမျိုးသားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခန်းဒေါင် PNDF KK ခန်းကောင်နဲ့ ခန်းဒေါင် ၂ ဖွဲ့ရှိပါတယ်။ ခန်းဒေါင်ဆိုတာကတော့ မြေပြန့်ကို ပြောတာဖြစ်ပြီးတော့ ခန်းကောင်ဆိုတာကတော့ တောင်ပေါ်ကို ပြောတာဖြစ်ပါတယ်။ တောင်ပေါ်မှာ တပ်ဖွဲ့တစ်ဖွဲ့ မြေပြန့်မှာ တပ်ဖွဲ့တစ်ဖွဲ့ နှစ်ဖွဲ့ရှိပါတယ်။ တပ်နယ်ကတော့ ကျွန်တော်တို့ သုံးခုရှိပါတယ်။ သထုံဒေသကတော့ တပ်နယ် ၁ ဖြစ်ပြီးတော့ ဘားအံဒေသကတော့ တပ်နယ် ၂ ဖြစ်ပါတယ်။ ရှမ်းကရင်နီနယ်စပ်မှာ တပ်နယ် ၃ ဖြစ်ပါတယ်။ တပ်နယ် ၃ ခုလုံးက ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူပြီး ရပ်တည်ဆောင်ရွက်နေပါတယ်။ စစ်ရေးကွပ်ကဲမှုကိုတော့ တပ်နယ် ၁ နဲ့ ၂ ကတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ စစ်ရေးကွပ်ကဲမှုနဲ့ သွားပြီးတော့ တပ်နယ် ၃ ဖြစ်တဲ့ ရှမ်းကရင်နီနယ်စပ်မှာတော့ ကရင်နီတပ်မတော် KA ရဲ့ စစ်ရေးကွပ်ကဲမှုနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
မေး။ ။ မြန်မာပြည်တွင်းမှာ ဖြစ်ပျက်နေတာတွေကိုရော ဦးခွန်မြင့်ထွန်းတို့ ဘယ်လောက် သိသလဲခင်ဗျ။
ဖြေ။ ။ နေ့စဉ်ဖြစ်ပျက်နေတာတွေကို အချိန်နဲ့ တစ်ပြေးညီသိရှိနေပါတယ်။ ရင်နဲ့အမျှလည်း ဒီပေါ်မှာ သိနေတာ ဖြစ်ပါတယ်။ မကြာခင်ကပဲဖြစ်ခဲ့တဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေ ကရင်နီဒေသမှာ လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ဗုံးကြဲနေတာတွေ ကရင်နီဒေသမှာ မနှစ်ကဆိုရင် အစုလိုက် အပြုံလိုက် မီးရှို့သတ်ခံခဲ့ရတာတွေ ဒါတွေ အချိန်နဲ့ တစ်ပြေးညီ သိနေပါတယ်။ ထို့နည်းတူပဲ ကချင် အနန့်ပါဒေသမှာ အနန့်ပါပွဲခင်းထဲကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေလည်း အချိန်နဲ့ တစ်ပြေးညီ သိနေပါတယ်။ ထို့နည်းတူပဲ စစ်ကိုင်းတိုင်း ဒီပဲယင်းမှာရှိတဲ့ လက်ယက်ကုန်း စာသင်ကျောင်းက ကလေးတွေကို လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ကိစ္စတွေ ထို့နည်းတူပဲ CNF ဌာနချုပ်မှာရှိတဲ့ မိသားစုတွေနေတဲ့နေရာ ပစ်မှတ်ထားပြီးတော့ စစ်ကောင်စီတပ်တွေက ဗုံးကြဲတိုက်ခိုက်တာ ဒီဟာတွေ အကုန်လုံးကို ကျွန်တော်တို့ အချိန်နဲ့တစ်ပြေးညီ သိနေပါတယ်။ ဒီဟာနဲ့ ပတ်သက်ရင်လည်း ကျွန်တော်တို့ တစ်စိတ်တစ်ဝမ်းထဲမှာ အမြဲတမ်းရှိနေပါတယ်။ အခုချိန်ဆိုရင် စစ်ကောင်စီက ရက်စက်သထက် ရက်စက်လာတဲ့အတွက် တောင်ပေါ်မြေပြန့် မခွဲခြားတော့ဘဲနဲ့ ဗမာနဲ့ ဗမာမဟုတ်တဲ့သူ ကွဲပြားမှုတွေ မရှိတော့ဘဲနဲ့ ဗမာအပါအဝင် ကျွန်တော်တို့ အားလုံးဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မှ ရတော့မယ်ဆိုတဲ့ အသိကို အားလုံးတစ်ပြေးညီ ရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းရတော့မယ်ဆိုတာ တူညီတဲ့ ဆန္ဒဖြစ်ပါတယ်။ အောက်ခြေမှာတော့ လူငယ်တွေ မျိုးဆက်သစ်တွေ အားလုံးက ညီညီညွတ်ညွတ် တစ်သားထဲ ရှိနေပြီဖြစ်ပါတယ်။ ဘုံရည်မှန်းချက်ကိုလည်း အတူတူချမှတ်ထားနိုင်ပြီ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိ အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ဘယ်လောက် ပါဝင်နေကြပြီလဲခင်ဗျ။
ဖြေ။ ။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ သူတို့မှာ အခြေအနေအမျိုးမျိုးပေါ်မှာ ရပ်တည်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးကို တိုက်ရိုက် ပူးပေါင်းဆောင်ရွက်တာရှိသလို သွယ်ဝှိုက်ပြီးတော့မှ ပြီးပေါင်းဆောင်ရွက်တာတွေ ကူညီတာတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါဘာ့ကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေ အားလုံးလိုလားတဲ့ မျော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ရော မိမိတို့အမျိုးသားတစ်ခုချင်းရဲ့ ရည်မှန်းချက်ဖော်ဆောင်ဖို့ဆိုရင် စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မူလည်းတူတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက နွေဦးတော်လှန်ရေးမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိုက်လို့ဖြစ်စေ တစ်နည်းနည်းနဲ့တော့ ကူညီဆောင်ရွက်နေကြတာ ပူးပေါင်းနေကြတာဖြစ်ပါတယ်။
မေး။ ။ လက်ရှိ တော်လှန်ရေးအခြေအနေကို ဘယ်လို အကဲခတ်လဲခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ နှစ်ပေါင်း ၇၀ ဆင်နွှဲလာတဲ့ တော်လှန်ရေးရဲ့ ရလဒ်၊ ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်၊ နွေဦးတော်လှန်ရေးရဲ့ ရလဒ်တွေ ပေါင်းပြီးတော့ ရရှိလာတဲ့ အခြေအနေတွေကတော့ ပြည်တွင်းမှာဆိုရင် အကုန်လုံး စုစုစည်းစည်းဖြစ်နေသလို အသက်နဲ့ရင်းပြီး ခုခံတော်လှန်နေကြပြီ ဖြစ်ပါတယ်။ ထို့နည်းတူပဲ ပြည်ပကဆိုရင်လည်း အမေရိကန်အစိုးရတို့က ဥပဒေပြဌာန်းပြီး ကူညီသလို ဥရောပသမဂ္ဂ အစရှိသဖြင့် နိုင်ငံတကာရဲ့ ကူညီမှုတွေလည်း ကျွန်တော်တို့ ခိုင်ခိုင်မာမာ ရထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနွေဦးတော်လှန်ရေးက အောင်မြင်ကို အောင်မြင်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ဒါကြောင့်မို့လို့ ပအိုဝ်းပြည်သူလူထုတစ်ရပ်လုံးကို ပန်ကြားချင်တာကတော့ ပအိုဝ်းအမျိုးသားရေးမူမှာ မတရားတဲ့ စနစ်ဆိုးတွေ ဖျက်သိမ်းရာမှာ ပအိုဝ်းတွေဟာ အင်အားစုတစ်ရပ်အနေနဲ့ ပါမယ်ဆိုတာ ပအိုဝ်းအမျိုးသားရေးမူဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ခြင်းအားဖြင့် ဒီမိုကရေစီထွန်းကားရေး ဆောင်ရွက်မယ်ဆိုတာ ကျွန်တော်တို့ အဖိုးအဖွားတွေ ချမှတ်ထားတဲ့ မူဖြစ်ပါတယ်။ အဲဒီမူနဲ့အညီ နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ရဲ့ ဘဝတူ ညီနောင်တိုင်းရင်းသားအားလုံး ပူးပေါင်းပြီး ပါဝင်ဆင်နွှဲကြဖို့ နည်းလမ်းပေါင်းစုံနဲ့ ပူးပေါင်းပါဝင်ဆင်နွှဲကြဖို့ ကျွန်တော်တို့ ဒီနေရာက ပန်ကြားပါတယ်။