စစ်ကောင်စီ ပြည်သူ့ရှေ့ဒူးထောက်ရမယ့် အခြေအနေရောက်နေပြီလို့ ပါမောက္ခဦးထွန်းမြင့် ပြောကြား

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.04.20

ERO တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေစတင်ခဲ့တဲ့ အာဏာရှင်ဆန့်ကျင်ရေး အနှစ် ၇ဝ ကြာ မြန်မာ့တော်လှန်ရေးဟာ ၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၆ လအတွင်း NUG, PDF စတဲ့ ပြည်တွင်းအင်အားစုတွေနဲ့ ပူးပေါင်းမိတဲ့အခါ အရှိန်မြင့်မားလာနေပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်အောက်ခံစစ်တပ်အနေနဲ့ ပြည်သူတွေရှေ့မှောက် ဒူးထောက်ရမယ့် အနေအထားကို ရောက်ရှိလာနေပြီလို့ အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ် Carleton College နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာရေးရာဌာနပါမောက္ခ ဦးထွန်းမြင့် က ပြောကြားလိုက်ပါတယ်။ ပါမောက္ခ ဦးထွန်းမြင့် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။

_______________

မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားအဖွဲ့တွေရဲ့ပါဝင်နေမှု အနေအထားကို ဘယ်လိုသုံးသပ်လဲခင်ဗျ။

ဖြေ။ ။ ၂၀၂၁ နောက်ပိုင်းမှာ ပြည်သူလူထုထဲက မွေးဖွားလာတဲ့ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီးလုပ်ခဲ့တဲ့ အနေအထားကို အားလုံးခြုံကြည့်ရမယ်ဆိုရင် အနှစ် ၇၀ ကျော် လုပ်လာခဲ့တဲ့ တော်လှန်ရေးကို ၂၆ လအတွင်းမှာ PDF၊ CRPH၊ NUG ကနေပြီးတော့ ပြည်သူလူထုအင်အားနဲ့ ၉၀ ဒီဂရီလမ်းကို ချိုးပစ်လိုက်တဲ့ တကယ့်တော်လှန်ရေး။ တကယ့်တော်လှန်ရေးဆိုတာ နိုင်ငံသားအားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကြီးပေါ်ပေါက်ရေး အဲ့ဒီကိုရောက်အောင်လုပ်နိုင်တဲ့ အာဏာကို ဘယ်သူတွေလုပ်ခဲ့လဲ။ ဒီ ၂၆ ကာလအတွင်းမှာ ဘယ်အဖွဲ့တွေက အခရာကျခဲ့လဲဆိုတာ ပြည်သူလူထုကလည်း သိပြီးသားဖြစ်တယ်။ သတင်းသမားတွေလည်း သိပြီးသားဖြစ်တယ်။ ကျွန်တော်တို့ စောင့်ကြည့်ပြီး လေ့လာသုံးသပ်နေတဲ့သူတွေလည်းသိပြီးသားဖြစ်တယ်။ အဲ့ဒါကိုကြည့်ခြင်းအားဖြင့် အနှစ်၇၀ လောက် လုပ်ခဲ့တဲ့တော်လှန်ရေးကို အရှိန် ဒီလောက်လောက်မြှင့်ပြီးတော့ ကမ္ဘာမှာ ၃၅ သို့မဟုတ် ၃၆ အဆင့်ရှိတဲ့ တပ်မတော်လို့ခေါ်တဲ့ စစ်တပ်ကြီးတစ်ခုလုံး ပြည်သူ့ရဲ့ရှေ့မှာ ဒူးထောက်ရမယ့် အနေအထားရောက်အောင် လုပ်ထားတဲ့ အင်အားက မနည်းဘူးလို့ ပြောရမှာဖြစ်ပါတယ်။ အဲ့ဒီတော့ EROနဲ့ PDFနဲ့ ဒီ NUG ကနေ MOU နဲ့ ပေါင်းပြီးတော့ တချို့တွေလည်း သဘောတူညီတာရှိလိမ့်မယ်။ မတူညီတာရှိလိမ့်မယ် ဒါပေမဲ့ ပေါင်းပြီးတော့ တွန်းထားတဲ့ ခွန်အားရဲ့ အရှိန်အဟုန်ဟာ ဒါဟာကမ္ဘာမှာ တော်လှန်ရေးတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် ၂၆ လအတောအတွင်းမှာ ကမ္ဘာမရှိခဲ့ဘူးတဲ့ အနေအထားမျိုးအထိ တင်ထားတယ်လို့ ပြောရမှာဖြစ်ပါတယ်။

မေး။ ။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ထဲမှာ နာမည်ကြီးတွေဖြစ်တဲ့ AA၊ KNU၊ KIA စတဲ့ အဖွဲ့ကြီးတွေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေး အဲ့အဖွဲ့ကြီးတွေနဲ့ တခြားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်မှုကိုလည်း သုံးသပ်ပေးပါလားခင်ဗျ။

ဖြေ။ ။ ဘယ်ကနေစပြီးကြည့်မလဲဆိုရင် K3C လို့ပြောတဲ့ ကရင်၊ ကချင်၊ ကယား၊ ချင်းပေါ့။ အဲ့ဒါတော့ တကယ့်စစ်မှန်တဲ့ ERO လို့ အများက သုံးသပ်ပြီး မြင်ထားတဲ့အဖွဲ့တွေပေါ့။ ဒီ ERO တွေအနေနဲ့ PDF တွေနဲ့ ပေါင်းပြီးတော့ NUG နဲ့ သင့်တင့်လျောက်ပတ်သလို အလုပ်လုပ်ပြီးတော့ တွဲထားပြီးတော့ လုပ်နေတဲ့လုပ်ငန်းက အရှိန်မြင့်တယ်ဆိုတာ ပြောလို့ရတယ်။ နောက်ပြီးတော့ တရုတ်အထူးကိုယ်စားလှယ်က ဝင်ပြီးတော့ စကစနဲ့လည်းတွေ့တယ်။ မြောက်ပိုင်း ခုနစ်ဖွဲ့နဲ့လည်းတွေ့တယ် ဒီအခြေအနေကို ကြည့်မယ်ဆိုလို့ရှိရင် EAO ထဲမှာ EAO အားလုံးဟာ အတူတူမဟုတ်ဘူး။ တစ်ခုတည်း တစ်ဖွဲ့တည်း တစ်မျိုးတစ်စားရယ်လို့ ပြောလို့မရဘူး။။ အချို့ EAO တွေက တရုတ်ရဲ့ သြဇာညောင်း ခံထားရပြီးတော့ မအလတပ်နဲ့တွဲပြီး လုပ်နေတဲ့ ပုံစံမျိုးတွေ NCA နဂိုက ဖောက်တဲ့လမ်းတွေ လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တာစူနေတာလည်းရှိတယ်။ ဒီကြားထဲမှာ တရုတ်ကလည်း ဝင်ပြီးတော့ အဲ့လမ်းတွေ ပေါ်ပေါက်လာပြီးတော့ တရုတ်ကနေဝင်ပြီးတော့ ညှိုနှိုင်းပေးတဲ့ ငြိမ်းချမ်းရေးတွေ ပေါ်ပေါက်ဖို့ လုပ်မယ်လို့ပြောနေတယ်။ အဲ့တော့ ကျွန်တော်တို့ ခြုံကြည့်မယ်ဆိုရင် EAO တချို့အနေနဲ့ ခြံထဲကနေ ထွက်ဖို့ အချိန်တန်နေပါပြီ။ အခုနွေဦးတော်လှန်ရေးနဲ့ ပေါင်းပြီးတော့ တကယ်တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့ပီပီသသလုပ်ဖို့လိုအပ်တယ်။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ သူတို့လည်း စကစလိုပဲ လက်နက်ရထားတယ်။ နေရာလည်းရထားတယ်။ အဖွဲ့လေးတစ်ခုဖွဲ့ပြီးတော့ အဲမှာထိုင်ခုံယူပြီး လုပ်စားနေတဲ့ ပုံစံမျိုး သွားမယ်ဆိုရင်တော့ ပြည်သူကလည်း သိပြီးသားပါ။ ဒီအဖွဲ့တွေအနေနဲ့ စဉ်းစားရမှာက ပြည်သူနဲ့ ပေါင်းမှာလား စကစနဲ့ ပေါင်းလုပ်မှာလား။ သေသေချာချာခွဲခြမ်းပြီးလို့ရှိရင် တော်လှန်ရေးလမ်းက ဘယ်လမ်းလဲဆိုတာ သိပြီးသားပါ။ လျှောက်ဖို့အတွက် ပျော်ပျော်ရွှင်ရွှင်နဲ့ ရဲရဲဝံ့ဝံ့လျှောက်ဖို့ အချိန်ရောက်နေတယ်လို့ ကျွန်တော်သုံးသပ်လို့ရပါတယ်။

maH.jpg
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ နေပြည်တော်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့က တွေ့ဆုံစဉ်။ (Photo: Myanmar Military)

မေး။ ။ အရင် ဦးသိန်းစိန်အစိုးရက နိုင်ငံတကာ အသိအမှတ်ပြုမှုရဖို့ကြိုးစားခဲ့တဲ့နေရာမှာ ပွဲစားလို လူတွေအများကြီးသုံးတယ်ပေါ့နော်။ အခုကိစ္စမှာ တရုတ်လည်း ပြောလို့ရမယ်။ ဦးထွန်းမြင့်ပြောတဲ့ အထဲမှာပါတယ်။ ဆာဆာကာဝါရဲ့ လုပ်ဆောင်နေပုံတွေ ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။ ။ အဲဒါ တော်တော်လေးအရေးကြီးပါတယ်။ အရေးကြီးတယ်ဆိုတာက ငြိမ်းချမ်းရေးပွဲစားတွေလို့ ပြောတဲ့သူတွေက ပြန်ပြီးတော့ စကစနဲ့ တပ်မတော်လို့ခေါ်တဲ့ တပ်မတော်အဆင့်မရှိတဲ့ စစ်အုပ်စုပေါ့ဗျာ။ အဲ့စစ်အုပ်စုထဲမှာ သူတို့ဘာစဉ်းစားနေတဲ့ ပုံစံတွေ့ရသလဲဆိုလို့ရှိရင် အပြင်ကနေကြည့်ပြီး သုံးသပ်မယ်ဆိုလို့ရှိရင် သူတို့ထဲမှာ တတိယအဖွဲ့တစ်ခု ပေါ်ပေါက်လာအောင် လုပ်မယ့်ပုံစံရှိတယ်။ အဲ့ဒါ ဘယ်လိုလဲ ဆိုလို့ရှိရင် မအလနဲ့ မအလရဲ့ အပေါင်းအပါ ခြောက်ယောက်လောက်ကို စစ်ခုံရုံးကို တင်တဲ့ပုံစံမျိုးနဲ့ ပြည်သူလည်း ကျေနပ်အောင် စကားလုံးသုံးပြီးတော့ အရင်က ငြိမ်းချမ်းရေးပွဲစားတွေနဲ့ တွဲလုပ်ထားတဲ့ဗိုလ်ချုပ်တချို့လည်းရှိတယ်။ ဦးသိန်းစိန်ရဲ့ သြဇာညောင်းတာလည်းရှိတယ်။ အဲ့ဒီ့နည်းနဲ့ သူတို့ခွဲထုတ်ပြီးတော့ ဘောင်တစ်ခုကို ပေါ်ထွက်ဖို့ရာအတွက် တရုတ်ကနေ အကြံဉာဏ်ပေးထားတဲ့ ပုံစံမျိုးသော်လည်းကောင်း၊ လက်တွဲပြီးတော့ လုပ်နေတဲ့ ပုံစံမျိုးသော်လည်းကောင်း ကျွန်တော်တို့ သုံးသပ်ကြည့်လို့ရတယ်။ သူတို့မှာ ထွက်ပေါက်မရှိတော့ဘူး။ ဒီ စကစ မှာ မအလမှာ။ တပ်မတော်အနေနဲ့လည်း ထွက်ပေါက်မရှိတော့တဲ့အနေအထားမှာရှိတယ်။ နောက်ဆုံး ဦးသိန်းစိန်နဲ့ ပင်စင်ယူသွားတဲ့ အဘိုးကြီးတွေကို သွားပြီးတော့ ဂါရဝပြုတဲ့ပွဲတွေကအစ အဲ့ပွဲနောက်ပိုင်းမှာ ငြိမ်းချမ်းရေးပွဲစားဂိုဏ်းချုပ်ကြီးတွေကအစ ဆွေးနွေးပွဲတွေလုပ်နေတာ မြင်ရပါတယ်။ အဲဒါတွေအားလုံးကို ခြုံပြီး သုံးသပ်ရခြင်းဖြစ်ပါတယ်။

မေး။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရာထူးကိုစွန့်ပေးတာမျိုး ဖြစ်နိုင်ပါ့မလား ခင်ဗျ။

ဖြေ။ ။ သူ့အနေနဲ့ ဒီနေအထားမျိုး ရောက်နေတဲ့အခြေမှာ စွန့်မပေးလည်း ထွက်ရမယ့်အနေအထားမျိုးမှာသွားနေပြီ။ သူကဘယ်လိုနည်းနဲ့ ထွက်ရမလဲဆိုတာကိုပဲ ကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်။ သူတို့အချင်းချင်းထဲကပဲ ထွက်မလား ဒါမှမဟုတ် ICC လမ်းနဲ့ပဲသွားမလား သူတို့အချင်းချင်းထဲမှာကို လောလောလတ်လတ် ဆွေးနွေးနေကြလိမ့်မယ်။ မအလနဲ့ ထွက်ပေါက်က ဘယ်လိုနည်းနဲ့ သွားမလဲဆိုတာ။ အဲ့ဒါကို ကြည့်မယ်ဆိုရင် ဦးသိန်းစိန်နဲ့ သူတို့ရဲ့ငြိမ်းချမ်းရေးပွဲစား ဂိုဏ်းချုပ်အဖွဲ့တွေနဲ့က အလုပ်တစ်ခုလုပ်နေတဲ့ ပုံစံရှိတယ်။ အဲ့အလုပ်တစ်ခုက ဘာကိုညွှန်ပြသလဲဆိုရင် တရုတ်က မြောက်ပိုင်း ခုနစ်ဖွဲ့နဲ့ဝင်ပြောထားတာရှိတယ်။ AA က နေမြဲပုံစံမျိုး လုပ်နေတာရှိတယ်။ ဒါတွေက အလဟဿ အားလို့ ယားလို့ သစ်ပင်ရိပ်မှာ ထိုင်ပြီးအိပ်တဲ့သဘောမျိုး မဟုတ်ဘူး။

မေး။ ။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဆက်ဆံရေးကော ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။ ။ NUG အနေနဲ့ တော်လှန်ရေးနဲ့ နိုင်ငံရေးကိုခွဲခြားပြီး သိရလိမ့်မယ်။ သူတို့ဟာ နိုင်ငံရေးလုပ်သလိုမျိုး တော်လှန်ရေးကို လုပ်လို့မရဘူးဆိုတာ စဉ်းစားသင့်တယ်။ တော်လှန်ရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ တကယ်ကို ပြတ်ပြတ်သားသားဆုံးဖြတ်ရတဲ့ အချက်တွေရှိလိမ့်မယ်။ အဲ့အချက်တွေကို နိုင်ငံရေးပေတံနဲ့ လုပ်လို့မရဘူး။ နိုင်ငံရေးပုံစံနဲ့ ဒီအတိုင်းစောင့်ပြီးလုပ်မယ်ဆိုလည်း သူတို့ရဲ့ဆုံးဖြတ်ချက်ပဲ ကျွန်တော်တို့လည်း မသိဘူး။ အဲ့ဒါကိုကွဲပြားတယ်ဆိုရင် EAO တွေ အားလုံးပါစရာ။ ၁ဝဝ ရာခိုင်နှုန်း EAO တွေထောက်ခံမှ သွားလို့ရမယ်လို့ စောင့်နေလို့ကတော့ ဘယ်နည်းနဲ့မှ ဒီတော်လှန်ရေးကို သူတို့ လုပ်လို့ရမှာ မဟုတ်ဘူး။ ဟိုလူ့ကြည့်လိုက် ဒီလူ့ကြည့်လိုက် ဟိုလူသဘောတူမှ လုပ်လိုက် ဒီလူသဘောတူမှ လုပ်မယ့်ပုံစံမျိုး အဲ့ဒီ့နည်းနဲ့သွားမယ်ဆိုရင်တော့ တော်တော်လေးကို နှောင့်နှေးလိမ့်မယ်။ နောက်တစ်ခုက NUG အနေနဲ့ သူတို့ အချင်းချင်းထဲမှာလည်း လုပ်နိုင်တဲ့သူတွေ ရှိမယ်။ မလုပ်နိုင်တဲ့သူတွေရှိမယ်။ အပြောင်းအလဲတွေ Reform ပုံစံမျိုး လုပ်ကောင်းလုပ်ရမယ့် ပုံစံမျိုး ရှိမယ်။

မေး။ ။ PDF တွေနဲ့ NUG အစိုးရကြား မကြာခဏ ပြဿနာလေးတွေမြင်မြင်နေရတယ်ပေါ့။ အဲ့အပေါ်ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။ ။ PDF တွေဆိုတာ စစ်အာဏာရှင်စနစ်ကြီး ပြုတ်ကျစေချင်လို့ ဖွဲ့ထားတဲ့ အဖွဲ့ကြီးဖြစ်တယ်။ တချို့တွေလည်း လိုအပ်တာတွေ ရှိလိမ့်မယ်။ နည်းဗျူဟာအရ နည်းနည်းချော်လွဲသွားတာတွေလည်းရှိမယ်။ အဲ့ဒီလိုမျိုး ဖြစ်တဲ့ကိစ္စတွေက ဓမ္မတာ။ အဲ့ဒါတွေကို သိပ်ပြီးတော့ ပူပင်စရာမလိုဘူးလို့ မြင်တယ်။ အချိန်ကာလအရ ရှင်းသွားမယ့်ကိစ္စတွေ။ တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့တွေကို တော်လှန်ရေးပီပီသသ လုပ်နေတယ်ဆိုလို့ရှိရင် NUG အနေနဲ့ အသိအမှတ်ပြုပြီးတော့ အင်အားတစ်ခုအနေနဲ့ တွန်းပေးရမှာဖြစ်တယ်။ အားလုံးကူညီနိုင်သမျှကူညီပေးရမှာဖြစ်တယ်။

မေး။ ။ နိုင်ငံခြားအကူအညီမပါဘဲနဲ့ တော်လှန်ရေးနိုင်မယ့်အနေအထားရှိမရှိ သုံးသပ်ပေးပါလားခင်ဗျ။

ဖြေ။ ။ ဒီတော်လှန်ရေးက ပြည်သူကစခဲ့တဲ့တော်လှန်ရေး တစ်နိုင်ငံလုံးကစခဲ့တဲ့ တော်လှန်ရေး ဒီတော်လှန်ရေးကို အောင်မြင်အောင် လုပ်ရမယ့်သူတွေဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အင်အားတွေပဲ။ နိုင်ငံတကာက သူတို့ဝန်းရံပေးနိုင်သလောက် သူတို့အနေနဲ့ သူတို့ရဲ့ ဥပဒေဘောင်အတွင်းက လုပ်နိုင်သမျှတော်တော်များများ လုပ်ပေးထားပြီးသားဖြစ်တယ်။ ခုခံပြီးတော့သူတို့အနေနဲ့ ဝန်းရံပေးပြီးသားလည်း ဖြစ်တယ်။ ရုရှားတို့ တရုတ်တို့ကတော့ ခြွင်းချက်တွေပေါ့။ သူတို့ရဲ့ အကျိုးစီးပွားတွေ ရှိတာကိုး။ နောက်ဆုံးတော့ ပြည်သူနဲ့စခဲ့တဲ့ တော်လှန်ရေးဟာ ပြည်သူနဲ့ပဲပြီးရမယ့် တော်လှန်ရေးဖြစ်တယ်။ အထူးသဖြင့် နိုင်ငံတကာရဲ့ အကူအညီမရှိဘဲနဲ့ အောင်မြင်အောင်လုပ်နိုင်တဲ့ တော်လှန်ရေးဟာ ကိုယ့်ခြံထွက် ဖြစ်တဲ့အတွက် ပိုပြီးခိုင်မာလိမ့်မယ်။ ဟိုနိုင်ငံက အမေရိကနေပြီးခိုင်းလို့ ငွေပေးပြီး လုပ်လို့အောင်မြင်မယ့် တော်လှန်ရေး၊ ဒီနိုင်ငံကနေပြီးပေးလို့ လုပ်တဲ့တော်လှန်ရေးဆိုလို့ရှိရင် အဲဒီဥစ္စာမျိုးက သန္ဓေတည်တာ သိပ်မကောင်းဘူး။ အခု ပြည်သူလူထုကနေပြီးတော့ PDF တွေနဲ့ရော၊ သပိတ်တွေနဲ့ အသံတိတ် အစုံပေါ့ဗျာ။ အခုလုပ်ထားတဲ့ တော်လှန်ရေးအင်အားကြီးကိုကြည့်ပြီးတော့ကာ အင်အားတွေ ပိုပြီး တိုးတက်လာအောင် ပွင့်လင်းတဲ့နိုင်ငံတွေကလည်း လူသားချင်းဆိုင်ရာအကူအညီတွေပေးဖို့ ပြောထားပြီးဖြစ်တယ်။ အဲဒါကို ထိထိမိမိ နိုင်နိုင်ပိုင်ပိုင် ရနိုင်အောင် NUG အနေနဲ့ ထမ်းဆောင်ပေးရမှာဖြစ်တယ်။ နိုင်ငံတကာအနေနဲ့ သူတို့ကို အသိအမှတ်ပြုထားတာဖြစ်တယ်။ သူ့တို့NUG ကိုလက်ဆွဲနှုတ်ဆက်နေကြတာဖြစ်တယ်။ ရုံးတွေမှာ သွားပြီးတွေ့နေတယ်၊ နိုင်ငံခြားရေးဌာန၊ လူ့အခွင့်အရေးဝန်ကြီးဌာန၊ တရားရေးဌာန အစုံပေါ့ဗျာ။ သူတို့အနေနဲ့ အဲဒါကို ဆက်ပြီးလုပ်မယ်ဆိုရင် ကောင်းပါလိမ့်မယ်။ အဲဒီတော့ ရှင်းရှင်းနဲ့ တိုတိုနဲ့လိုရင်းပြောရရင်တော့ ဒီတော်လှန်ရေးကို ပြည်သူနဲ့ စခဲ့တဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် ပြည်သူတွေနဲ့ပဲ ပြီးသင့်တယ်။ ပြီးလည်း ပြီးပါလိမ့်မယ်၊ ဘာလို့လည်းဆိုတော့ အရှိန်အဟုန်က မြင့်မားနေပြီးလို့ ကျွန်တော်မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဟာက ပြည်ပကလာတဲ့ အလှူငွေနဲ့တင် လုပ်နေတဲ့ တော်လှန်ရေးမဟုတ်ဘူး။ ပြည်တွင်းမှာလည်း နောက်ဆုံးကုန်ကုန်ပြောလို့ရှိရင် ငွေမရှိတဲ့သူက လက်စွပ်ချွတ်ရောင်း၊ ဆွဲကြိုးဖြုတ်ရောင်းပြီးတော့ ထည့်နေတဲ့တော်လှန်ရေး။ အဲဒီလိုမျိုးလုပ်ထားတဲ့တော်လှန်ရေးဟာ အောင်မြင်ဖို့ရာအတွက် အခုအရှိန်မြင့်နေတယ်ဆိုတာ ကျွန်တော်တို့ အားလုံးမြင်နေရပါတယ်။ ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။