၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တာဝန်ခံ ကိုမြအေးနဲ့ မေးမြန်းချက်


2015.01.05

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တိုင်းရင်းသား ရေးရာနဲ့ ငြိမ်းချမ်းရေးတာဝန်ခံ ကိုမြအေး ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို မနေ့က ရောက်ရှိနေပါတယ်။

အဲ့ဒီခရီးစဉ်အတွင်းမှာ ကေအိုင်အို နည်းပညာအကြံပေး အလုပ်အဖွဲ့တာဝန်ရှိသူတွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ခေါင်းဆောင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ ဒေသခံတွေ နဲ့ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့နယ် စီတာပူရပ်ကွက်က မနောကွင်းမှာ ဒီနေ့ စတင်ကျင်းပတဲ့ မနောပွဲကိုတော့ တက်ရောက်မှာ မဟုတ်ကြောင်း ကိုမြအေးက ပြောပါတယ်။

တိုင်းရင်းသားရေးရာနဲ့ ငြိမ်းချမ်းရေးတာဝန်ခံ ကိုမြအေးကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။

မဝေယံမိုးမြင့်။           ။မြစ်ကြီးနားခရီးစဉ်မှာ ဘာတွေလုပ်သွားဖို့ရှိပါသလဲရှင့်။

ကိုမြအေး။                ။အဓိကကတော့ဗျာ ကျနော်တို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ကျနော်က ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအပိုင်းကိုကိုင်ထားတယ်လေ၊ အဲ့ဒီတော့ ကျနော်ရဲ့တာဝန်အရဆိုတော့ ဒီမြစ်ကြီးနား ကိုလာတဲ့ရည်ရွယ်ချက်ကတော့ အဲ့ဒီမြစ်ကြီးနားမှာရှိတဲ့ KIO ဆက်ဆံရေးရုံးကအဖွဲ့တွေ ပြီးတော့ကချင်ဒေသခံ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ကျနော်တွေ့ဆုံဖို့ရှိပါတယ်၊ တွေ့ဆုံရတဲ့ရည်ရွယ်ချက်ကတော့ ကျနော်တို့ လက်ရှိပေါ့ဗျာ အပစ်အခက်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် ဖြစ်ပေါ်နေတဲ့အဟန့်အတား အနှောက် အယှက်တွေကို ဖြစ်နိုင်သမျှဖြေလျော့သွားအောင် နှစ်ဘက်တစ်ချို့ဟာလေးတွေလည်း ကျနော် အကြံဉာဏ်လည်း ယူချင်တာလည်း ရှိသလို၊ အကြံဉာဏ်လည်း ပေးချင်တာလည်းရှိပါတယ်၊ အဲ့အတွက် ကျနော်လာခဲ့တာဖြစ်ပါတယ် ၊ နောက်ကျနော်တို့နဲ့လည်း ရင်းနှီးစွဲရှိပြီးသား အဖွဲ့အစည်းတွေဖြစ်တယ်။

မဝေယံမိုးမြင့်။           ။ဟုတ်ကဲ့ပါရှင့် ဒီနေ့ဟာမနောပွဲလည်း စတင်တဲ့နေ့လည်း ဖြစ်တယ်ပေါ့နော်၊ မနောပွဲနဲ့ ပတ်သက်ပြီးတော့ရော ဦးမြအေးအနေနဲ့ တက်ရောက်ဖို့ရှိပါသလားရှင့်။

ကိုမြအေး။                ။ကျနော်မရှိပါဘူးခင်ဗျာ၊ ဘာဖြစ်လို့လည်းဆိုတော့ ကချင်ဒေသခံပြည်သူတွေ စစ်ဘေး ဒုက္ခသည် သိန်းကျော်ရှိနေတဲ့အချိန်ကာလမျိုးမှာ မနောပွဲကိုခြိမ့်ခြိမ့်သဲသဲ ကျင်းပတဲ့ပုံစံမျိုးကိုလည်း ကျနော်သိပ် မနှစ်သက်သလို အဓိကအားဖြင့် ကချင်အဖွဲ့အစည်းတွေက နေပြီးတော့မှ လက်ခံထားတဲ့ဟာမျိုးမရှိဘူးလေ၊ မရှိတဲ့အခြေအနေမျိုးမှာ ကျနော်တို့အနေနဲ့ ဟိုဘက်လည်းမလိုက်ဘူး၊ ဒီဘက်လည်းမလိုက်ဘူး၊ ကျနော်တက်ဖို့ လည်းမရှိဘူးဗျ။

မဝေယံမိုးမြင့်။           ။ဟုတ်ကဲ့ပါရှင့် ဒီနေ့ကချင်ပြည်နယ်က နည်းပညာအကြံပေးအဖွဲ့နဲ့ တွေ့ဆုံသွားမယ်လို့ သိရပါတယ်၊ အဲ့ဒီမှာကော ဘာတွေဆွေးနွေးကြမလဲရှင့်။

ကိုမြအေး။                ။အဓိကကတော့ လက်ရှိကချင် KIO နဲ့ အစိုးရနဲ့ပေါ့ဗျာ၊ ဆွေးနွေးပွဲတွေ နောက်တစ်ခုက တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခက်ရပ်စဲရေးစာချုပ် ဖြစ်ပေါ်လာဖို့အတွက် အထောက်အကူပြုးနိုင်မယ့် အချက် အလက်တွေကို ရှာဖွေသွားဖို့ပါ၊ အဲ့လိုမျိုးပုံစံမျိုးအနေနဲ့ ကျနော်တို့ လာတာပါ၊ အခုခရီးစဉ်ဟာ ပွင့်ပွင့်လင်း လင်းပြောရလို့ရှိရင်တော့ ကျနော်တို့အတွက်အရေးကြီးတဲ့ ခရီးစဉ်ဖြစ်သလို ၂ဝ၁၅ ထဲဝင်လာပြီဖြစ်တဲ့ အတွက်ကြောင့် ရွေးကောက်ပွဲမတိုင်မီမှာ ငြိမ်းချမ်းရေးလမ်းပြမြေပုံတစ်ခု ပေါ်ထွန်းလာနိုင်ဖို့အတွက် ကျနော်တို့ ၈၈ အနေနဲ့ အတက်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမယ့် ခရီးစဉ်တစ်ခုလည်းဖြစ်ပါတယ်။

မဝေယံမိုးမြင့်။           ။ဟုတ်ကဲ့ပါရှင့် မနက်ဖြန်မှာလည်း မြစ်ဆုံဒေသခံတွေနဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်ရှင့်၊ အဲ့ဒီမှာကော ဘာတွေလုပ်ဆောင်သွားဖို့ ရှိပါသလဲရှင့်။

ကိုမြအေး။                ။အဲ့ဒါက ရှင်းပါတယ်၊ ကျနော်တို့ မြစ်ဆုံနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့သဘောထား ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ထိုးထားပြီးဖြစ်ပါတယ်၊ ကျနော်တို့က မြစ်ဆုံရေကာတာစီမံကိန်းကို လုံးဝလက်မခံပါဘူး၊ အဲ့အတွက်ကြောင့်မို့လို့ မြစ်ဆုံဒေသက ပြောင်းရွေ့ခံထားရတဲ့ ဒေသခံတွေရဲ့ လူမှု ဘဝအခက်အခဲတွေကို ကျနော်တို့ ထပ်ကြားရဦးမှာပေါ့ဗျာ၊ ပြီးတော့ တန့်ဖဲကျေးရွာကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ဟိုးအရင်ကတည်းက ကျနော်တို့ စစထောင်ကလွတ်လာပြီး ပထမဆုံးခရီးစဉ်နဲ့ ပြောခဲ့ပြီးတဲ့စကားအတိုင်း ကျနော်တို့ရပ်တည်ချက် မပြောင်းပါဘူး၊ မြစ်ဆုံရေကာတာစီမံကိန်းကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်ဖို့ ကျနော်တို့ခွင့်မပြုနိုင်သလို တန့်ဖဲကျေးရွာကိုလည်း မူလအတိုင်းပြန်ထားဖို့ ဆန္ဒသဘောထား ကျနော်တို့ အပေါ်မှာရှိခဲ့တယ်။

မဝေယံမိုးမြင့်။           ။ဟုတ်ကဲ့ပါရှင့် ဒီခရီးစဉ်က ဘယ်နှစ်ရက်ကြာမလဲ၊ ပြီးတော့ဘယ်တွေကိုများသွားဖို့ ရှိပါသလဲရှင့်။

ကိုမြအေး။                ။ကျနော်အဓိကတော့ မြစ်ကြီးနားရယ်၊ မြစ်ဆုံရယ်၊ နောက်တစ်ခုက ဒီမှာရှိတဲ့ နိုင်ငံရေး ပါတီတစ်ချို့နဲ့လည်း တွေ့ဆုံဖို့ရှိတယ်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဖို့ရှိတယ်၊ PCG နဲ့လည်းတွေ့မယ်၊ ဒါကျနော်ရဲ့ ခရီးစဉ်လာရင်းရည်ရွယ်ချက်ပါ၊ ၉ ရက်နေ့မှာ ကျနော်ပြန်မှာလေ၊ ၉ ရက်နေ့ညမှာ ကျနော်ရန်ကုန်ကို ပြန်ရောက်ပါမယ်ခင်ဗျ။

မဝေယံမိုးမြင့်။           ။ဟုတ်ကဲ့ပါရှင့် ဦးမြအေးတို့ ၈၈ အနေနဲ့ ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဘာတွေလုပ်သွားဖို့ ရှိပါသေးလဲရှင့်။

ကိုမြအေး။                ။တိုင်းပြည်မှာ ပွဲတော်ကြီးတွေ ခြိမ့်ခြိမ့်သဲကျင်းပနေရုံနဲ့ တိုင်းပြည်ငြိမ်းချမ်းပြီ ဆိုပြီးကမ္ဘာကြီးကို လက်ညှိုးထိုးပြလို့မရဘူးဗျ၊ အခုဆိုရင် ဆောင်းတွင်းဗျာ စစ်ဘေးဒုက္ခသည်တွေရဲ့ ဘဝတွေ၊ ကလေးသူငယ်တွေရဲ့ ပညာရေးတွေ၊ ကျန်းမာရေးတွေ အများကြီးထည့်သွင်းစဉ်းစားရမယ်၊ ချုပ်လိုက်လို့ရှိရင် စစ်မက်ဖြစ်ပွားမှုက တရားခံပဲလေ၊ အဲ့ဒီတော့ စစ်မက်ဖြစ်ပွားမှုကို ချုပ်ငြိမ်းနိုင်ဖို့ဆိုလို့ရှိရင် သေချာတယ်ဗျ၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခက်ရပ်စဲရေးစာချုပ်ချုပ်ဆိုပြီး တိုင်းရင်းသားတွေကို တန်းတူညီမျှအခွင့်အရေး ဖက်ဒရယ်ပြည်ထောင်စုကိုဦးတည်တဲ့ လုပ်ငန်းစဉ်တစ်ခု ပေါ်လာဖို့အရေးကြီးတယ်ဗျ၊ ဒီနေရာမှာတော့ ကျနော်ပြောချင်တာက အစိုးရဘက်ကလည်း ထည့်သွင်းစဉ်းစားပါ၊ ပြည်သူတွေရဲ့မျက်နှာကို ဒီဘက်ကလည်း အလားတူပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့လည်း ဒေသခံပြည်သူတွေရဲ့မျက်နှာကို ထည့်သွင်းစဉ်းစားပြီးတော့မှ ကျနော်တို့ ရေရှည်ကိုသွားရမယ်လို့မြင်ပါတယ်၊ အဲ့ဒီအတွက်ကို ကျနော်တို့က ကာယကံရှင်မဟုတ်ပေမယ့် ကျနော်တို့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး၊ သို့သော် ကျနော်တို့ အကြံပြုပိုင်ခွင့်ရှိတယ်၊ အဲ့အပါ်မှာပဲ ကျနော်တို့သွားမှာဖြစ်ပါတယ်၊ လောလောဆယ်ကတော့ ကျနော်တို့ ထုတ်ပြန်ချက်ထုတ်ဖို့ဆိုပြီးတော့ မရှိသေးဘူးဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ပြဿနာရပ်တိုင်းအားလုံက ကြေညာချက်ထုတ်ဖို့နာမည်ကြီးတယ်၊ ဘာမှမဟုတ်ဘူးဗျ၊ ဒါတစ်ချက်ကျနော် ပြောချင်တယ်၊ နောက်တစ်ခု ကျနော်တို့အနေနဲ့က လက်ရှိက ကျနော်တို့က ကချင်မှာရှိနေတဲ့စစ်မက်တွေ ရပ်တန့်ပြီးတော့မှ အပစ်အခက်ရပ်စဲရေးစာချုပ်ကို မှန်မှန်ကန်ကန်မျှမျှတတဖြစ်တဲ့ အပစ်အခက်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက်ကို ကျနော်တို့က နှစ်ဘက်လုံးရဲ့သဘောထား ဆိုတော့ နှစ်ဘက်လုံးဆိုတဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဒေသခံပြည်သူတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အသံလည်းပါသလို တစ်ဘက်က အစိုးရရဲ့ဘက်ကိုလည်း ပြောမှာဖြစ်တယ်၊ အဲ့ဒါကြောင့် ကျနော်တို့ ဒီမှာလာခဲ့တာဖြစ်တယ်လေ။

မဝေယံမိုးမြင့်။           ။ဒီခရီးစဉ်ကနေပြီးတော့ ဘယ်လိုမျိုးအပြောင်းအလဲ ဖြစ်လာနိုင်မယ်လို့ရော မျှော်လင့် ထားပါသလဲရှင့်။

ကိုမြအေး။                ။အများကြီးတော့ မမျှော်လင့်ထားပါဘူးခင်ဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ဟာ ကာယကံရှင်တွေမဟုတ်ဘူးလေ၊ ကာယကံရှင်မဟုတ်တော့ တိုက်ရိုက်ပတ်သက်နေတဲ့ ကာယကံရှင်တွေ မဟုတ်ပါဘူး၊ အဲ့ဒီတော့ ကျနော်တို့ အနေနဲ့ကတော့ မှန်ကန်မျှတပြီး တကယ်ကို ဒီမိုကရက်တစ်ဖက်ဒ ရယ် ပြည်ထောင်စုကိုဦးတည်တဲ့ ငြိမ်းချမ်းရေးတစ်ခု ကျနော်တို့က ဖြစ်ပေါ်စေချင်တယ်၊ အဲ့ဖြစ်ပေါ်စေချင်တဲ့ အတွက်ကြောင်မို့လို့ ကျနော်တို့က တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခက်ရပ်စဲရေးစာချုပ်ကိုလည်း ကျနော်တို့က မျှမျှတတ မှန်မှန်ကန်ကန်တော့ ကျနော်တို့က တစ်ဘက်ကတစ်ဘက်ကို စီးပိုးသွားတဲ့အခါမျိုးမဟုတ်ပဲ ဖြစ်ပေါ် လာစေချင်တယ်၊ အဲ့ဒီအတွက်ကို ကျနော်တို့က အတက်နိုင်ဆုံး အစိုးရဘက်ကိုလည်း ကျနော်တို့ ပြောသလို ဒီမှာ တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးသွားမှာပဲဖြစ်တယ်၊ ဒါပဲဗျ၊ ဘာမှတော့ ကျနော်မမျှော်လင့်ထားပါဘူး။

မဝေယံမိုးမြင့်။           ။ဟုတ်ကဲ့ပါရှင့် အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။