၂၀၂၂ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ရပ်တည်ချက်များ

တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2022.12.25
၂၀၂၂ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ရပ်တည်ချက်များ ၂ဝ၂၂ ခုနှစ် ဩဂုတ်လက KNU ဌာနချုပ်တွင်ကျင်းပသည့် ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနားတွင် တွေ့ရသော KNU တပ်ဖွဲ့ဝင်များ။
KNU

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီအာဏာသိမ်းချိန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုက လက်မခံကြောင်း ထုတ်ပြန်ခဲ့ကြသလို တစ်ပြည်လုံး တက်ညီလက်ညီဆန္ဒပြနေကြတာကြောင့် စစ်ကောင်စီကို ဆန့်ကျင်မှုဟာ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ ညီညွတ်မှုပုံစံအဖြစ် ရှုမြင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာတော့ တိုင်းရင်းသားအဖွဲ့တွေအတွင်း စစ်ကောင်စီအပေါ် မတူညီတဲ့သဘောထားတွေ မျှော်လင့်ချက်တွေ ထားရှိလာတာ ထင်ထင်ရှားရှား တွေ့မြင်လာရပါတယ်။ ဒါဟာ စစ်တပ်က အာဏာသိမ်းပြီး၂၀၂၁ ကနေ ၂၀၂၂အရောက်မှာ ပြောင်းလဲလာခဲ့တာပါ။ အခုဆို၂၀၂၂ ကုန်ဆုံးပြီး ၂၀၂၃ ခုနှစ်ကို ကူးပြောင်းရောက်ရှိတော့မှာ ဖြစ်ပါတယ်။

တိုင်းရင်းသားအရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ လက်ရှိမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေအတွင်း စစ်ကောင်စီအပေါ် ထားရှိတဲ့ သဘောထားပုံစံ အနည်းဆုံး အုပ်စုသုံးခု ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ပထမအုပ်စုကတော့ UWSA ဦးဆောင်တဲ့ FPNCC ထဲမှာ ပါဝင်နေတဲ့ ခုနစ်ဖွဲ့၊ ဒီအဖွဲ့က စစ်ကောင်စီကို ဆန့်ကျင်ခြင်းမပြုတဲ့အဖွဲ့များ၊ ဒုတိယကတော့ NCA လက်မှတ်ထိုးထားပေမယ့် အာဏာသိမ်းတာကို လက်မခံတဲ့ တိုင်းရင်းသားအဖွဲ့နဲ့ နောက်တစ်ဖွဲ့တော့ စစ်ကောင်စီနဲ့ငြိမ်းချမ်းရေး စကားပြောချင်နေတဲ့ NCA ခုနစ်ဖွဲ့ ဖြစ်ပါတယ်”

တိုင်းရင်းသားပဋိပက္ခများအရေးလေ့လာသူ စိုင်းထွန်းအောင်လွင်က စစ်ကောင်စီအပေါ် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့သဘောထား အနည်းဆုံးအုပ်စု လေးစုလောက် ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

“၂၀၂၂ ခုနှစ်ထဲကို ရောက်လာတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ကျော်ထဲက အုပ်စုအနည်းဆုံး လေးစုကွဲသွားတာကို ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။ ဒီအုပ်စုလေးစုမှာ စစ်ကောင်စီကို ပြန်တိုက်နေတဲ့ အဖွဲ့တွေ၊ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးယူဖို့ ဆောင်ရွက်နေတဲ့ အဖွဲ့၊ အပေးအယူ လုပ်ချင်တဲ့ အဖွဲနဲ့ ကြားနေအဖွဲ့တို့ဖြစ်တယ်” လို့ ပြောပါတယ်။

image (6).jpg
တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

၂၀၂၂ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၃ ကို ကူးပြောင်းတော့မယ့် ၂၀၂၂ ဒီဇင်ဘာလမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲသိပ်မဖြစ်တဲ့ တအာင်းပလောင်TNLA တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းကနေ အကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ နမ့်ဆန်မြို့နယ်၊ ကုန်းသာ၊ ဟူးမန်းနဲ့ မန်လုံးရွာအနီးက TNLA တပ်စခန်းတွေကို စစ်ကောင်စီက ရဟတ်ယာဉ် ငါးစီးနဲ့ ဝင်ရောက်စီးနင်းခဲ့သလို ဒီဇင်ဘာ ၇ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တိုက်ပွဲကာလအတွင်း စစ်ရဟတ်ယာဉ်တွေနဲ့ ၂၈ ကြိမ်၊ တိုက်ခိုက်ရေး ဂျက်လေယာဉ်နဲ့ ၃၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ချက်ကတော့ ပိုပြီးစိတ်ဝင်စားစရာပါ။ အဲ့ဒီဒေသစစ်ဆင်ရေးမှာ TNLAနဲ့ နားလည်မှု လွဲခဲ့တာလို့ ဆိုပါတယ်။ သူတို့အနေနဲ့ NUG၊ CRPH၊ PDF တို့ကိုသာ ရည်ရွယ်တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ဒီဇင်ဘာ ၁၇ ရက်နေ့မှာ လက်နက်အများအပြား ဖမ်းဆီးရမိတဲ့ သတင်းကို ထုတ်ပြန်ခဲ့ပါတယ်။ TNLA က သူတို့နယ်မြေထဲ လက်နက်ဖမ်းဆီးမှု မရှိဘူးလို့ ငြင်းလိုက်သလို NUG ကလည်း ဖမ်းမိတယ်ဆိုတဲ့ လက်နက်တွေဟာ သူတို့လက်နက်မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

TNLA အဖွဲ့ဟာ ရက္ခိုင့်တပ်တော် AA၊ ကိုးကန့်အဖွဲ့ MNDAA သုံးဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ညီနောင် သုံးဖော်အဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီကို သူ့နည်းသူ့ဟန်နဲ့ တိုက်ခိုက်နေသလို သူ့နည်း သူ့ဟန်နဲ့ ဆက်ဆံနေတာလည်း ဖြစ်ပါတယ်။

ဒီအဖွဲ့တွေထဲက ရက္ခိုင့်တပ်တော် AA ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း စစ်ကောင်စီနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုတွေကို ၂၀၂၀- ၂ဝ၂၁ မှာ အလွတ်သဘောဆွေးနွေးပြီး အပစ်ရပ်ပါတယ်။ ၂၀၂၂ ဇူလိုင်လမှာတော့ တိုက်ပွဲတွေ ပြန်စခဲ့သလို MMDAA အဖွဲ့ဟာလည်း ၂၀၂၂ နိုဝင်ဘာလအတွင်း စစ်ကောင်စီနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ်။ TNLA ကတော့ ၂၀၂၂ ဒီဇင်ဘာလအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်ခဲ့ ပါတယ်။

ညီနောင်သုံးဖော်အဖွဲ့ဟာ စစ်ကောင်စီနဲ့တစ်ဖက်မှာ အဆက်အဆံရှိသလို တစ်ဖက်မှာလည်း အမာခံနယ်မြေတည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေတာပါ။ ဒီနေရာမှာ စစ်ကောင်စီကို တိုက်တယ်ဆိုတာမှာလည်း NUGနဲ့ တွဲပြီး ဆောင်ရွက်နေတာမျိုး မဟုတ်ပါဘူး။

နောက်အဖွဲ့တစ်ဖွဲ့ကတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးအဖြေရှာမယ်ဆိုတဲ့ အဖွဲ့ပါ။

“ NCA အတိုင်းသွားမယ်။ နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာရင်း သွားမယ့် နောက်တစ်ဖွဲ့ကတော့ အခက်အခဲပြဿနာဖြစ်တယ်။အရင်စစ်အစိုးရလက်ထက်က နမူနာကို ယူလိုက်တာပေါ့ဗျာ။ နိုင်ငံတကာဖိအားတွေ ရှိတယ်။ ပြည်တွင်းက အဖွဲ့တွေကို ထိန်းချုပ်ချင်တော့ စီးပွားရေး အခွင့်အလမ်းတွေ ပေးတာမျိုးပေါ့။ ငါတို့လည်း အဲ့ဒီလိုရမလားလို့ ဆောင်ရွက်တဲ့အဖွဲ့တွေ ရှိတယ်”

image (2).jpg
စစ်ကောင်စီဥက္ကဋ္ဌနှင့် UWSP၊ NDAA၊ SSPP မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (Photo: Myanmar Military)

အဲ့ဒီ အဖွဲ့တွေထဲမှာ UWSAနဲ့ မိုင်းလားအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီပါ ပါဝင်နေပါတယ်။ ဒီအဖွဲ့တွေဟာ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီခေါင်းဆောင်နဲ့ တစ်ဖွဲ့ကို အနည်းဆုံး နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး တောင်းဆိုမှုတွေလည်း တောင်းဆိုခဲ့ပါတယ်။ နောက်တစ်ခါ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ စစ်ကောင်စီကို လျှို့ဝှက်စာ ပို့ခဲ့ပါသေးတယ်။ အခုလို စာပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဒီဇင်ဘာလ ၁၃ ရက်နေ့က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့က ဒီဇင်ဘာလ ၇ ရက်နေ့က နစကဘက်ကို စာပို့ပြီးတွေ့ဆုံဖို့ ပြောခဲ့ပါတယ်။ နစကဘက်က ၉ ရက်နေ့မှာ အဆင်သင့်မဖြစ်သေးလို့ မတွေ့နိူင်သေးဘူးလို့ အကြောင်းပြန်စာပို့ပါတယ်။ ကျွန်တော်တို့ဘက်က ကမ်းလှမ်းတာ အခုတစ်ကြိမ်နဲ့ဆိုရင် နှစ်ကြိမ်ရှိပါပြီ။ ပထမတစ်ကြိမ်က နိုဝင်ဘာလ ၃၀ ရက်နေ့က တစ်ကြိမ် ကမ်းလှမ်းခဲ့ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့မှာ အဆင်မပြေတဲ့အကြောင်း ပြန်လာလို့ နောက်တစ်ကြိမ် ဒီဇင်ဘာ ၇ ရက်နေ့မှာ စာပြန်ပို့ခဲ့တာပါ”

ဒါပေမဲ့ နောက်ပိုင်းသိရှိရတာက အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီတွေ့ဆုံပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးတာဖြစ်ပါတယ်။

“ဒီအုပ်စုလေးစုမှာ စစ်ကောင်စီကို ပြန်တိုက်နေတဲ့ အဖွဲ့တွေ၊ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးယူဖို့ ဆောင်ရွက်နေတဲ့ အဖွဲ့၊ အပေးအယူ လုပ်ချင်တဲ့ အဖွဲနဲ့ ကြားနေအဖွဲ့တို့ဖြစ်တယ်”

ဒီအဖွဲ့တွေဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အကြောင်းပြပေမယ့် စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေမဟုတ်ဘူးလို့ တိုင်းရင်းသားအရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ငြိမ်းချမ်းရေးလှုပ်ရှားမှုလို့ ပြောရအောင် သူတို့တစ်ခါမှ တိုက်ပွဲမဖြစ်ခဲ့ဘူး။ လက်ရှိအခြေအနေပေါ် အကြောင်းပြုပြီး UWSA က ပြည်နယ် တောင်းတယ်။ စကစ ကလည်းပေးတယ်။ တကယ်က တောင်းလို့လည်းမရဘူး။ စကစပေးလို့လည်း မရဘူး။ ဖွဲ့စည်းပုံကလည်း ခွင့်မပြုဘူး လွှတ်တော်လည်းမရှိဘူး”လို့ပြောပါတယ်။

လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်တွေကို ပယ်ချပြီး အမျိုးသား ညီညွတ်ရေးအစိုးရ NUGနဲ့ လက်တွဲပြီး စစ်ကောင်စီကို ပြတ်ပြတ်သားသားတိုက်နေတာကတော့ ကရင်ပြည်နယ်မှာ စစ်ကောင်စီအာဏာသိမ်းပြီး အချိန်ကနေ ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းအထိ ထိတွေ့တိုက်ခိုက်မှုအကြိမ် ၇၀၀၀ ကျော်ရှိခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ KNLA တပ်ဖွဲ့၊ ကယားပြည်နယ်က KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကချင်ပြည်နယ်က KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ချင်းပြည်နယ်က CNF/CNA ချင်းအမျိုးသားတပ်ဦးတို့ ဖြစ်ကြပါတယ်။

KNU.jpg
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: KNU)

ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ NUG နဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တွန်းလှန်နေတာပါ။ လက်ရှိတိုက်ခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး KIC ကချင်လွတ်မြောက်ရေးကောင်စီ ဒုဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က စစ်ကောင်စီအနေနဲ့ ရေရှည်ရပ်တည်ဖို့ ခက်ခဲနေပြီလို့ ပြောပါတယ်။

“အခုအခြေအနေကတော့ အာဏာရှင်စနစ် အဆုံးသတ်မယ့်ပွဲ၊ အဆုံးသတ်မယ့်အပိုင်းလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကဆိုရင်တော့ တစ်နိုင်ငံလုံးမှာ အခုလို ခုခံတော်လှန်တဲ့ အနေအထားတွေ မရှိခဲ့ဘူး။ ဒီတစ်ကြိမ်မှာတော့ အကုန်လုံးဘယ်နေရာမှာမှ မကျန်ဘဲ တော်လှန်ရေးတွေ ခုခံစစ်တွေဖြစ်နေတယ်ဆိုတော့ ဒီအာဏာရှင်စနစ်အဆုံးသတ်မယ့်အချိန် အဆုံးသတ်မယ့်ပွဲလို့ ဒီလိုပဲမှတ်ယူလို့ ရပါတယ်”

အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် တစ်ပြည်လုံးခုခံတော်လှန်မှုတွေ ဖြစ်နေချိန် စစ်ကောင်စီရဲ့ ကြည်းတပ်တွေရဲ့ လှုပ်ရှားမှုတွေဟာ အကန့်အသတ် ရှိလာနေတာကြောင့် လေကြောင်းက တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်လာသလို စစ်ကိုင်းတိုင်း မကွေးတိုင်းလို လက်နက်အင်အားသိပ်မကောင်းတဲ့ PDF အဖွဲ့တွေ လှုပ်ရှားတဲ့ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေဟာ နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရွာတွေကို မီးရှို့နေပါတယ်။

၂၀၂၂ ခုနှစ်ရဲ့ ကုန်ဆုံးတော့မယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပထမဆုံး ဆုံးဖြတ်ချက် တစ်ရပ်ပေါ်ထွက်လာပါတယ်။ ဒီဆုံးဖြတ်ချက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အာဆီယံနဲ့ ရထားတဲ့ သဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့မဲဆန္ဒကို လေးစားလိုက်နာဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။