၂၀၂၂ မှာ အလုပ်သမားတွေကြုံတွေ့ခဲ့ရတဲ့ အထွေထွေအကျပ်အတည်းများ

ဝေမာထွန်း ( ဝါရှင်တန်ဒီစီ )
2022.12.26
၂၀၂၂ မှာ အလုပ်သမားတွေကြုံတွေ့ခဲ့ရတဲ့ အထွေထွေအကျပ်အတည်းများ အာဏာမသိမ်းခင်က ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းကနေ ထိုင်းနိုင်ငံဘက်ကို အလုပ်လုပ်ဖို့ လမ်းလျှောက်သွားနေကြတဲ့ အလုပ်သမားများကို တွေ့မြင်ရစဉ်။
Reuters

၂၀၂၂ တစ်နှစ်လုံးကို ခြုံကြည့်မယ်ဆိုရင် အလုပ်သမားတွေဟာ ဥပဒေရဲ့အကာအကွယ်မရတော့ဘဲ အလုပ်သမားအခွင့်အရေးတွေ ပြောင်ပြောင်တင်းတင်းချိုးဖောက်ခံခဲ့ရပြီး ဒါကအလုပ်သမားတွေ အတွက် အဆိုးဆုံး ပြဿနာရပ်ဖြစ်တယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေနဲ့ ကာယကံရှင် အလုပ်သမားတွေက တစ်ညီတစ်ညွတ်တည်း ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC)က ထုတ်ပြန်တဲ့ ၂ဝ၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအခွင့်အရေးအညွှန်းကိန်းအရ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ ကမ္ဘာ့အဆိုးဆုံး (၁ဝ) နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံပါဝင်ခဲ့ပါတယ်။

မြန်မာပြည်တွင်းက စက်ရုံအလုပ်သမားတွေ ဘယ်လိုအခွင့်အရေးတွေ ချိုးဖောက်ခံနေရတာပါလဲ။

လွတ်လပ်စွာထုတ်ဖော်ခွင့်တွေ ကန့်သတ်ခံထားရ

“စုပေါင်းတောင်းဆိုမှုတွေလုပ်ရင် လုံခြုံရေးအဖွဲ့အစည်းတွေက ပထမတော့ရောက်လာတယ်။ မင်းတို့အထဲထဲမှာပြ အပြင်ထွက်လာရင်တော့ ငါတို့ကဖမ်းမှာပဲ။ အထဲမှာလည်း မညှိလို့ ငြိမ်းငြိမ်းချမ်းချမ်းမပြလို့ရှိရင် တစ်ခုခုလုပ်တယ်ဆိုရင်လည်း ဖမ်းမှာပဲ။ အဲလိုမျိုးခြိမ်းခြောက်တဲ့ သဘောပါတဲ့ စကားလုံးတွေသုံးပြီးမှ ပြန်သွားတယ်။ တချို့နေရာတွေမှာဆိုရင် ပြန်သွားတာတော့မဟုတ်ဘူး စက်ရုံအပြင်မှာပဲ ဆက်ပြီးတော့နေနေတာတွေရှိတယ်။ တချို့စက်ရုံလုပ်ငန်းရှင်တွေဘက်ကလည်း အကူအညီတွေတောင်းကြတာတယ်။ ပြောရမယ်ဆိုရင် အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုကိစ္စရပ်တွေမှာ အုပ်ချုပ်ရေးပိုင်းက လုံခြုံရေးအဖွဲ့အစည်းတွေက ဝင်ရောက်စွက်ဖက်တယ်လို့ ပြောရမှာပေါ့။ ”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်တွင်းက အလုပ်သမားရေးဆောင်ရွက်နေသူတစ်ဦး ပြောပြသွားတာပါ။

လုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ဦး လုပ်နိုင်စွမ်းထက် အလွန်အကျွံခိုင်းစေမှု၊ အမြဲတမ်းဝန်ထမ်း တွေကို အချိန်ပိုင်းအဖြစ်ပြောင်းလဲခန့်ထားမှုတွေလို အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိတယ်လို့ ကာယကံရှင်လုပ်သားတွေနဲ့ ကူညီပေးကြသူတွေကပြောပေမယ့် အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုသံတွေကတော့ တိတ်ဆိတ်လို့နေခဲ့ပါတယ်။

2019-01-18T074143Z_1620557612_RC130B118D90_RTRMADP_3_MYANMAR-PROTESTS.JPG
အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့မှာ မြင်တွေ့ခဲ့ရတဲ့ အလုပ်သမားဆန္ဒပြပွဲတစ်ခု။ Photo:Reuters

အရပ်သားအစိုးရလက်ထက်ကလိုမဟုတ်ဘဲ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေ ဒီနှစ်ထဲမှာ မရှိသလောက် နည်းပါးသွားခဲ့တာက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ခံနေရတယ်ဆိုတဲ့ အချက်ကို မြင်သာစေတဲ့ သက်သေတစ်ခုဖြစ်ခဲ့ပါတယ်။

အာဏာမသိမ်းခင်က အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုစာရင်းမှာ မြန်မာနိုင်ငံမပါဝင်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်ကစလို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ကထုတ်ပြန်တဲ့ အလုပ်သမားအခွင့် အရေးချိုးဖောက်ခံရတဲ့ ကမ္ဘာ့အဆိုးဆုံး (၁ဝ) နိုင်ငံစာရင်းထဲမှာ မြန်မာဟာ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ တူရကီ၊ ဂွါတီမာလာ၊ ဘဲလာရုဒ်၊ ဘရာဇီး၊ ကိုလံဘီယာ၊ အီဂျစ်နဲ့ အဆွာတီနီ(ဆွာဇီလန်)တို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။

workers.jpg
၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံခဲ့ရသော မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsf) အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်။ (Photo: Citizen Journalist)

ကမ္ဘာကျော် Adidas ဖိနပ်တွေချုပ်တဲ့ ရွှေပြည်သာမြို့နယ်၊ မြန်မာပေါင်ချိန်စက်ရုံက အလုပ်သမား တစ်ဦးကလည်း အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက် အလုပ်သမားတွေကြုံတွေ့ရတဲ့ အခြေအနေတွေကို အခုလိုထုတ်ပြောပါတယ်။

“ကွာခြားတာတော့ ကွာခြားတယ်။ အရင်တုန်းက အလုပ်ကိုလွတ်လွတ်လပ်လပ်လုပ်လို့ရတယ်။ အပြောအဆိုလည်း လွတ်လွတ်လပ်လပ်ပြောလို့ရတယ်။ အခုဟာက အပြောအဆိုလည်း သိုသိုသိပ်သိပ်နဲ့ လုပ်နေရတယ်။ အကုန်လုံးကိုကြောက်နေရတယ်။ လွတ်လပ်မှုမရှိတဲ့ပုံစံ ပြီးလို့ရှိရင် တစ်ခုခုအမှားလုပ်တာဆိုလို့ရှိရင်လည်း စစ်တပ်နဲ့ အချိတ်အဆက်ရှိတာလို့ စစ်တပ်နဲ့ ကိုင်ပေါက်တာမျိုးပေါ့။ အဲ့ဒါမျိုးတွေရှိလာတယ်။”

■ ကုန်ဈေးနှုန်းနဲ့ ဒေါ်လာဈေးမြင့်တက်၊ အခြေခံလုပ်ခလစာ ပိုနည်းလာ

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က အလုပ်သမားတွေရဲ့ အနည်းဆုံးအခြေခံလုပ်ခလစာကို အစိုးရက တစ်ရက် ၄၈၀၀ကျပ် သတ်မှတ်ခဲ့ပါတယ်။

အဲ့ဒီအချိန်က အမေရိကန်တစ်ဒေါ်လာဟာ မြန်မာငွေ ၁၃၅၀ ကျပ်နဲ့ညီမျှခဲ့ပါတယ်။ ဒါကြောင့် အလုပ်သမားတွေ ရဲ့လစာဟာ အမေရိကန်ဒေါ်လာနဲ့တွက်မယ်ဆိုရင် အဲ့ဒီအချိန်က တစ်ရက်ကို ၃.၅ ဒေါ်လာ ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ဗဟိုဘဏ်ရဲ့တရားဝင်ငွေလဲလှယ်နှုန်းက အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေကျပ် ၂၁၀၀ သတ်မှတ်ထားပါတယ်။

အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာကို လေးနှစ်ကျော်တဲ့အထိ ပြောင်းလဲ မသတ်မှတ်နိုင် သေးတဲ့အတွက် လက်ရှိဗဟိုဘဏ်ရဲ့ငွေလဲနှုန်းထားနဲ့ပဲတွက်မယ်ဆိုရင်တောင် လက်ရှိမှာ မြန်မာအလုပ်သမား တွေရဲ့အနည်းဆုံးလစာက တစ်နေ့ကို ၂.၂ ဒေါ်လာသာ ရှိပါတော့တယ်။

တစ်ဖက်မှာလည်း အခြေခံကုန်စည်ဈေးနှုန်းတွေက နှစ်ဆကျော်သုံးဆမြင့်တက်လာနေတာကြောင့် အလုပ်သမားတွေဟာ လုပ်ခလစာတိုးမရလာဘဲ လျော့ကျသွားတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

workers-shwepyitha.jpg
ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန် အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

“အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ယောက်ကို သူရဲ့ထိုက်သင့်တဲ့လုပ်ခကို ရအောင်ဖန်တီးမပေးခြင်းဟာလည်း ကြီးမားတဲ့ချိုးဖောက်မှုပဲ။ အလုပ်လုပ်ရင်း ထမင်းငတ်တယ်ဆိုတာကလည်း ဒီထက်ကြီးမားတဲ့ ချိုးဖောက်မှုမရှိတော့ဘူး။ အလုပ်လုပ်နေရင်း လုပ်ခက တက်လာတာမဟုတ်တော့ဘဲ တစ်ဒေါ်လာလျော့ကျသွားတာ။ တစ်ဖက်ကတော့ လူနေမှုစားရိတ်နဲ့ ကုန်ဈေးနှုန်းတွေက ကြီးပြီးတက်လာတယ်။ အဲ့ဒါနဲ့ ပတ်သက်တဲ့ လိုက်လျောညီထွေတဲ့ လုပ်ခလစာစနစ်ကို မလုပ်ပေးနိုင်ခြင်းက အလုပ်သမားတွေကို ကြီးမားတဲ့ ဆင်းရဲမွဲတေမှုတွေ၊ လူမှုရေးအခက်အခဲတွေ အများကြီးကို ဖြစ်စေတာပေါ့။ ချိုးဖောက်မှုတွေကို ပြောမယ်ဆိုရင် လုပ်ငန်းခွင်ထဲက ချိုးဖောက်မှုတွေအပြင် ထိုက်သင့်တဲ့လုပ်ခကို မရတော့ဘဲ ကျေးကျွန်သာသာ စားလို့ရအောင်လေး လုပ်ခပေးပြီးခိုင်းတာကတော့ အကြီးမားဆုံးချိုးဖောက်မှုလို့ ပြောချင်တယ်ပေါ့နော်။”

အလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းပြောသွားတာပါ။

ရွှေပြည်သာစက်မှုဇုန်က စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတာ ခုနစ်နှစ်ရှိပြီဖြစ်တဲ့ အလုပ်သမားတစ်ဦးက ဒီနှစ်ထဲ စီးပွားရေး ကျပ်တည်းလာတာကို RFA ကိုရင်ဖွင့်ထားပါတယ်။

“လုပ်ခလစာကတော့ တစ်လ တစ်သိန်းခွဲပဲရတယ်။ ထွက်ငွေကတော့ တစ်သိန်းခွဲမက ထွက်နေတာပေါ့။ အိမ်လခဆို ခြောက်သောင်း၊ မီတာခက တစ်သောင်းနဲ့ဆို ခုနစ် သောင်းပေါ့။ ဒီကမိဘကလည်း ကျန်းမာရေး မကောင်းတဲ့အတွက် ကုရတဲ့ ဆေးဖိုးဝါးခ တွေနဲ့ ပြီးတော့ နယ်ကမိဘတွေကို ပြန်လွှဲပေးရတယ်။ တစ်နေ့ ဈေးဖိုးစရိတ်က အသီးအရွက်ဝယ်တာတောင် တစ်သောင်းကျော်ကုန်တယ်။ အဲဒါ မနည်းချို့ချန်စားနေရတယ်။ မလောက်ဘူးပေါ့နော်။ လုပ်ခလစာနဲ့ ဘယ်လိုမှကို မလောက်ဘူး”

စက်ရုံလုပ်သားအများစုက သူတို့ရဲ့ ထမင်းဝိုင်းမှာ အသားဟင်းဆိုတာ မမြင်ရတာနှစ်နဲ့ချီနေပြီလို့ ပြောကြပါတယ်။

Factory worker 4.jpg
ရန်ကုန်မြို့က စက်ရုံလုပ်သားမိသားစုတစ်စုရဲ့ ထမင်းဝိုင်း။ Photo:RFA

■ စီးပွားရေးကျပ်တည်းမှုနဲ့အတူ ပြည်ပထွက်ခွာသူတွေများလာ

ဒီလိုစီးပွားရေးကျပ်တည်းမှု၊ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာပြည်ကလူငယ်တွေဟာ ၂၀၂၂ ခုနှစ်ထဲ ပြည်ပကို တရားဝင်ကော၊ တရားမဝင်ပါ ထွက်ခွာမှုတွေ များခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO ရဲ့ထုတ်ပြန်ချက်အရ ၂၀၂၂ နှစ်ဆန်းပိုင်းမှာ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ တစ်သန်းကျော်ရှိခဲ့ပြီး နှစ်လယ်ပိုင်းမှာ ၁.၈ သန်းအထိရှိလာတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောထားပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင် ရှားပါးလာတဲ့ မြန်မာနိုင်ငံသားတွေဟာ လူကုန်ကူးသူတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

dubai.jpg
၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာကြသော ဒူဘိုင်းတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာအမျိုးသမီးများအား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်။ (Photo: Myanmar Military)

အလုပ်အကိုင်အခွင့်အလမ်းအတွက် ပြည်ပကို ဖြစ်တဲ့နည်းနဲ့ထွက်ခွာကြရင်း တရုတ်-မြန်မာနယ်စပ်က ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ဒေသအတွင်း တရုတ်နိုင်ငံသား အများစုပါဝင်ပတ်သက်နေတဲ့ ငွေလိမ်ဂိုဏ်းတွေမှာ မြန်မာလုပ်သားတွေ ရောင်းစားခံခဲ့ရတဲ့ အဖြစ်တွေနဲ့ ယူအေအီးနဲ့အိုမန်ရောက် မြန်မာလုပ်သားတွေ တိုင်းတစ်ပါးမှာ အဆင့်ဆင့်ရောင်းစားခံရတဲ့ ဖြစ်ရပ်ဆိုးတွေ ဒီနှစ်ထဲ ရင်နင့်စရာကြုံတွေ့ခဲ့ရပါတယ်။

ဒူဘိုင်းရောက် မြန်မာလုပ်သား မသိင်္ဂီစိုးက ပွဲစားတွေဆီကနေ အဆင့်အဆင့်ရောင်းတာခံရတာကို RFA ကို ပြောပြထားပါတယ်။

"ပြောရမယ်ဆိုရင်တော့ ရောင်းစားသလိုပေါ့နော်။ ပစ္စည်းတစ်ခုကိုလေ ဒီတစ်ယောက် ကိုရောင်းလိုက် ဒီတစ်ယောက်ကိုရောင်းလိုက်၊ ရောင်းစားသလိုပေါ့။ အိမ်ရှင်တွေကမကောင်းတော့လေ။ ပြီးလို့ရှိရင် အေးဂျင့်တွေကလည်း မကောင်းဘူး။ သူတို့ကမညှိပေးဘူး။ ပြန်မလာနဲ့။ သူတို့ပိုက်ဆံ ရရင်ပြီးရော ထိုးရောင်းသလိုမျိုးရောင်းထားခဲ့တာ။"

Theingi Soe 107.JPG
ဒူဘိုင်းရောက် မြန်မာနိုင်ငံသား မသိင်္ဂီစိုးက ပွဲစားတွေထံကနေ အဆင့်ဆင့်ရောင်းစားခံခဲ့ရတဲ့ အကြောင်း RFA ကိုပြောကြားနေစဉ်။ Photo:RFA

သူတို့အများစုရဲ့ နိုင်ငံကူးလက်မှတ်တွေကို ပွဲစားတွေက သိမ်းယူထားတာကြောင့် သူတို့ဟာ တရားမဝင် နိုင်ငံခြားသားတွေအဖြစ် နေထိုင်နေကြရပါတယ်။

ပြည်ပမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အဆင်မပြေတာတွေရှိပေမယ့် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းတွေကိုရှာဖွေပြီး လူငယ်တွေကတော့ ပြည်ပထွက်ဖို့ ကြိုးစားနေကြပါတယ်။

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ လျှောက်လွှာရဖို့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့က ရန်ကုန် ပညာရေးတက္ကသိုလ်မှာ လူငယ် ၅၀၀၀ ကျော် မနက် နှစ်နာရီလောက်မှာ ပြေးလွှားနေကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းကလည်း အရပ်သားအစိုးရတွေလက်ထက်မှာ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ မြင်ကွင်းမျိုးပါ။

ဒီမြင်ကွင်းကလူငယ်တွေ ပြည်တွင်းမှာအနာဂတ်ပျောက်နေလို့ ဆက်မနေလိုတော့တာကို မြင်သာ စေခဲ့သလို ကြည့်ရှုရသူတွေအဖို့လည်း တုန်လှုပ်စရာဖြစ်ခဲ့ပါတယ်။

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ၂၀၂၂ ခုနှစ်ထဲ ထိုင်း၊ မလေးနဲ့ ဂျပန်နိုင်ငံတွေကို မြန်မာလုပ်သားတွေ သွားကြတာများပြီး ဂျပန်နိုင်ငံဘက်ကလည်း မြန်မာလုပ်သားတွေကို အရင်နှစ်တွေထက်နှစ်ဆ ပိုတိုးခေါ်ခဲ့တယ်လို့ ပြောပါတယ်။

thai1.jpg
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထိုင်းနယ်စပ်တစ်နေရာမှ တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို ထိုင်း တာဝန်ရှိသူတစ်ဦးက စစ်ဆေးမေးမြန်းနေစဉ်။ (armyprcenter/Facebook)

ဒါပေမယ့် ပြည်ပကလုပ်သားခေါ်ယူမှုနှုန်းထက် သွားရောက်တဲ့နှုန်းကပိုများတယ်လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တည်ထောင်သူ ဦးထူးချစ်က ပြောပါတယ်။

“ခါတိုင်းဆိုရင် ဘယ်လောက်ပဲဆင်းရဲဆင်းရဲ နိုင်ငံခြားတိုင်းပြည်ကို မိသားစုတွေက ကိုယ့်သားသမီးကို မသွားစေချင်ကြဘူး။ အခုကျတော့ မသွားသွားအောင် မရှိရှိတာ ပေါင်နှံရောင်းချပြီး အဆက်အသွယ်တွေ လုပ်ပြီးသွားခိုင်းနေတာတွေရှိတယ်။ နေ့စဉ်ကျွန်တော်တို့ကိုဆက်သွယ်လာတယ်။ အကူအညီတောင်းလာတယ်။ အလုပ်အကိုင်ရှာဖွေခိုင်းလာတယ်။ ထိုင်းမှာအလုပ်သမားတွေက လိုအပ်နေတာကဟုတ်တယ်။ ဒါပေမဲ့ သူတို့လိုအပ်နေတာထက်ပိုပြီး ကျွန်တော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေက ပိုပြီးများနေတယ်။”

တစ်ဖက်မှာလည်း ပြည်တွင်းထဲက အလုပ်သမားတွေရဲ့ အနေအထားကို ပြန်ကြည့်မယ်ဆိုရင် တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေကနေ ရန်ကုန်မြို့ကိုတက်လာတဲ့ စက်ရုံလုပ်သားတွေ ခွဲခြားဆက်ဆံခံရတဲ့ ပြဿနာတစ်ရပ်လည်း ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ခဲ့ပါတယ်။

■ ရန်ကုန်ရောက် စစ်ကိုင်းနဲ့မကွေးက အလုပ်သမားတွေခွဲခြားဆက်ဆံခံခဲ့ရ

တော်လှန်ရေးအင်အားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကနေ ရန်ကုန်ကို လာရောက်အလုပ်လုပ်တဲ့ အလုပ်သမား ၁၀၀ ကျော်ကို ၂၀၂၂ ခုနှစ်ဩဂုတ်လလယ်ပိုင်း စက်ရုံတွေက အလုပ်ထုတ်တာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်ရုံးတွေက ဧည့်စာရင်းမပေးလို့ ရန်ကုန်မှာနေထိုင်ဖို့ အခက်အခဲဖြစ်တာ စတဲ့ပြဿနာတွေကို အလုပ်သမားတွေ ရင်ဆိုင်ခဲ့ရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကနေ တောင်ဒဂုံစက်မှုဇုန်က ဖိနပ်စက်ရုံတစ်ခုကို လာရောက်အလုပ်လုပ်ကိုင်တဲ့ မသီသီ (အမည်လွှဲ)က သူမဟာ ၈ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်သူ တစ်ဦးဖြစ်လို့ အလုပ်ပြုတ်ခဲ့ကြောင်း RFA ကိုပြောပါတယ်။

"ညီမတို့လိုင်းရဲ့ စာရေးမရှိတယ်လေ၊ စာရေးမက မှတ်ပုံတင်တွေ နောက်နေ့ယူခဲ့ပါလို့ ပြောလို့ သူတို့တောင်းတဲ့အတိုင်း ပေးလိုက်တာ၊ ပေးလိုက်ကာမှ သူတို့က ၈ မျဉ်းစောင်း၊ ၅ မျဉ်းစောင်း ကိုင်တဲ့သူတွေကို ခဏနားဖို့ပေါ့ နော် အဲလိုပြောတာ၊ အခြေအနေ ပြန်ပြီး ငြိမ်ရင် ပြန်ခေါ်မယ် အဲလိုပြောတာ"

sagaing-workers.jpeg
စစ်ကိုင်းနဲ့ မကွေးတိုင်း မှတ်ပုံတင်ကိုင်ဆောင်သည့် အလုပ်သမားများ ခွဲခြားဆက်ဆံခံနေရတဲ့အပေါ် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့က ယင်းမာပင်မြို့နယ်တွင် ဆန္ဒပြခဲ့ကြစဉ် (Photo: Citizen Journalist)

အလုပ်သမားတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တတ်နိုင်သလောက်ထောက်ပံ့တယ်ဆိုတဲ့ အမြင်နဲ့ အခုလိုဖိနှိပ်မှုတွေ လုပ်ခဲ့တာလို့ အလုပ်သမားတွေကပြောပါတယ်။ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကတော့ စစ်ကိုင်းနဲ့မကွေးတိုင်းက အလုပ်သမားတွေအပေါ် ဒီလိုခွဲခြားဆက်ဆံမှုတွေ မရှိဘူးလို့ တုံ့ပြန်ပါတယ်။

ဒီလိုအကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ အလုပ်သမားတွေဟာ အနည်းဆုံးလုပ်ခကို ခေတ်ကာလ ကုန်ဈေးနှုန်းနဲ့အညီရဖို့ လိုလားနေပါတယ်။

■ လုံလောက်တဲ့ အနည်းဆုံးလုပ်ခလစာပြင်ဆင်သတ်မှတ်ဖို့ မျှော်လင့်

စက်ရုံတချို့က လုပ်သားတွေကတော့ အခြေခံလုပ်ခလစာကို ကျပ် ၄၈၀၀ ကနေ ၈၀၀၀ တိုးပေးဖို့ တောင်းဆိုနေပါတယ်။

protesting workers.jpg
လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုဆန္ဒပြနေသူများအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒါက လက်ရှိဗဟိုဘဏ်ကပြဌာန်းထားတဲ့ ငွေလဲလှယ်နှုန်းနဲ့ တွက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၃.၈ ဒေါ်လာသာရှိတာမို့ ၂၀၁၈ ခုနှစ်က သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာကို ပြည့်မှီအောင် တောင်းဆိုတဲ့ သဘောသာဖြစ်ပြီး တိုးတောင်းတယ်လို့ ဆိုလို့မရကြောင်း အလုပ်သမားရေး ကျွမ်းကျင်သူတွေက မှတ်ချက်ပြုပါတယ်။

မိသားစုတစ်စု စားဝတ်နေရေးဖူလုံဖို့ လက်ရှိကာလပေါက်ဈေးအရ တစ်နေ့ဝင်ငွေ နှစ်သောင်းခွဲခန့် ရဖို့လိုအပ်တယ်လို့ ပြောကြပါတယ်။

ရွှေပြည်သာမြို့နယ်က စက်ရုံလုပ်သားတစ်ဦးက-

“အခုလောလောဆယ် ညီမတို့ စက်ရုံအတွင်းထဲမှာပဲကြားတာကတော့ ရွေးကောက်ပွဲမတိုင်ခင် နှစ်ကုန်ပြီးလို့ တစ်လပိုင်းမှာ ၄၈၀၀ ကနေ ၇၂၀၀ ပြောင်းပေးမယ်။ အဲ့ဒါကလည်း မဲဆွယ်တဲ့ ပုံစံမျိုးပဲနေမယ်။ စစ်တပ်နဲ့ ပေါင်းပြီးမဲဆွယ်တဲ့သဘောမျိုးပေါ့။ ညီမတို့ကို ၇၂၀၀ ပေးပြီး ညီမတို့က ဒီစက်ရုံထဲမှာပဲ မဲပြန်ထည့်ရမယ်။ အပြင်မှာတို့၊ ရပ်ကွက်ထဲမှာတို့ ကိုယ့်နယ်မှာတို့ မဲပြန်မထည့်ရဘဲ ဒီစက်ရုံထဲမှာပဲ သူတို့ရဲ့မဲကို ညီမတို့ပေးရမယ်။ အဲလိုမျိုးနဲ့ ၄၈၀၀ ကနေ ၇၂၀၀ တိုးပေးမယ်လို့ ညီမတို့ကြားတယ်ပေါ့နော်။ သူတို့အထက်ပိုင်းကပြောနေတဲ့ စကားသံညီမတို့က ကြားနေရတာပေါ့နော်။ ညီမတို့က အဲ့ဒါမျိုးကိုတော့ မလိုချင်ဘူး။ ကိုယ်ကိုတိုင် ၄၈၀၀ ကနေ ၈၀၀၀ တောင်းထားတဲ့ဟာကိုပဲ ညီမတို့တွေ လိုချင်တယ်။ သူတို့က အစိုးရနဲ့ တက်ပြီးကိုင်ပေါက်နေတယ်။”

အာဏာပိုင်တွေက လုပ်ခလစာတိုးမြင့်မသတ်မှတ်ဘူးဆိုရင် သက်သာတဲ့နှုန်းထားနဲ့ အလုပ်ရှင်တွေက အလုပ်သမားတွေကို အချိန်ပိုခိုင်းစေမှု၊ လုပ်အားခေါင်းပုံဖြတ်မှုတွေဖြစ်လာပြီး အလုပ်သမားတွေဘက်က အကျပ်အတည်းနဲ့ ကြောက်ရွံမှုတွေကြားက စားဝတ်နေရေးအတွက် စွန့်စားမယ့် အလုပ်သမားသပိတ်တွေကို လာမယ့်နှစ်တွေမှာ ပေါ်ထွက်လာလိမ့်မယ်လို့ အလုပ်သမားရေးကျွမ်းကျင်သူတွေကပြောပါတယ်။

တစ်ဖက်မှာလည်း ပြည်ပကို ထွက်ခွာတဲ့ အလုပ်သမားတွေများလာပြီး အမျိုးသမီးငယ်တွေ လူကုန်ကူးခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကြုံရနိုင်ပြီး အလုပ်သမားအရေးကနေ လူမှုရေးအကျပ်အတည်းအဆင့်အထိရောက်လာနိုင်တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေကတော့ လာမယ့် ၂၀၂၃ မှာ နိူင်ငံရေးအရစည်းရုံးမှုတွေမပါဘဲ ရသင့်ရထိုက်တဲ့ အနည်းဆုံးအခြေခံလစာ တိုးမြင့်ရဖို့ မျှော်လင့်ကြောင်း ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။