၂ဝ၂၂ ခုနှစ် မြန်မာ့နိုင်ငံရေး ခရီးကြမ်း

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.12.26
၂ဝ၂၂ ခုနှစ် မြန်မာ့နိုင်ငံရေး ခရီးကြမ်း ၂ဝ၂၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က လွတ်မြောက်နယ်မြေ တစ်နေရာတွင် သံချပ်ထိုးနေကြသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကျောင်းသားလူငယ်များ။
AFP

၂ဝ၂၂ ခုနှစ်ဟာ မြန်မာပြည်သူတွေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရင်း ခါးခါးသီးသီး ဖြတ်သန်းခဲ့ရတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ ရှိစုမဲ့စု ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအားလုံး လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ နှစ်တစ်နှစ်၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း လူ့အသက်တွေ၊ ပိုင်ဆိုင်မှုတွေ၊ ဘဝတွေ ဆုံးရှုံးပျက်သုဉ်းကြရတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။

တစ်ကျော့ပြန် စစ်အာဏာရှင်လက်အောက်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရက်ရက်စက်စက် သေဒဏ်ပေး ကွပ်မျက်ခံရတာကို တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကြုံရတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။ ဒီနှစ်အတွင်း ဘာတွေ ဖြစ်ပျက်ခဲ့ပါသလဲ ....။

■ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်

ဒီ ၂ဝ၂၂ ခုနှစ် စစချင်းမှာပဲ အာဏာသိမ်းစစ်ကောင်စီဟာ ဖမ်းဆီးအကျဉ်းချထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ လေးဦးကိုသေဒဏ်ချမှတ်ကြောင်း ကြေညာပါတယ်။ စစ်ကောင်စီက ဒီလိုကြေညာပေမယ် တကယ်လက်တွေ့ ကွပ်မျက်မှာ မဟုတ်ဘူးလို့ မိသားစုဝင်တွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ယုံကြည်နေခဲ့ကြတာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း လက်တွေ့သေဒဏ်မပေးဖို့ ဖိအားတွေပေးခဲ့ပါတယ်။

kojimmy.jpg
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ။ (Photo: RFA)

ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ လက်တွန့်မသွားဘဲ နှစ်လယ်ပိုင်းမှာ တကယ်လက်တွေ့ ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး ကြိုးပေးကွပ်မျက်တဲ့ လုပ်ရပ်အဖြစ် အမဲစက် ထင်ကျန်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် သေဒဏ်ပေးခံထားရတဲ့သူ အယောက် ၁၄၀ နီးပါးထဲက လေးဦးကို ပထမဆုံးလက်တွေ့ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။

■ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်အချုပ်ထောင်

အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေဘက် ဆက်ကြည့်ရအောင်ပါ။ ဒီ ၂ဝ၂၂ ခုနှစ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နောက်ထပ်ရှစ်မှု ထပ်တိုးတရားစွဲလိုက်ပါတယ်။ အခုဆိုရင် သူဟာ အမှုစုစုပေါင်း ၁၉ မှု စွပ်စွဲခံထားရပြီး အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရပါတယ်။ ကျန်တဲ့ငါးမှုကိုတော့ စစ်ဆေးနေဆဲပါ။ ဒီနှစ်ထဲမှာပဲ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွှေ့လိုက်ပါတယ်။ သူနဲ့တွေ့ခွင့်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရော၊ အာဆီယံအထူးကိုယ်စားလှယ်ကပါ တောင်းဆိုကြပေမယ့် စစ်ကောင်စီဘက်ကတော့ ဒါကို သဘောမတူပါဘူး။

dassk1..jpg
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က အိန္ဒိယနိုင်ငံ ခရီးစဉ်တစ်ခုတွင် တွေ့ရစဉ်။ (Photo: AFP)

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကစားလိမ့်မယ်လို့ ဝါရင့်နိုင်ငံရေးသမားတွေဖြစ်တဲ့ ဦးသန်းစိုးနိုင်နဲ့ ရှေ့နေဦးကြီးမြင့်တို့က သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ဘာသတင်းစကားမှ မကြားရပေမယ့် ဒီနှစ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဆီက သတင်းစကားတချို့လည်း ထွက်လာပါတယ်။ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ သူတွေအတွက် ဂုဏ်ယူနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေကို ချီးကျူးနေကြောင်း ထောင်ထဲမှာ သူနဲ့တွေ့ခဲ့ရတဲ့ မစ္စတာရှောင်တာနဲလ်က ပြောပါတယ်။

■ NUG နဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု

စစ်တပ်အာဏာသိမ်းပြီး နှစ်လခွဲအကြာမှာ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ဒီနှစ်ထဲမှာလည်း နိုင်ငံတကာ အသိအမှတ်ပြုမှုရဖို့ ဆက်လက်ကြိုးပမ်းခဲ့ပါတယ်။ NUG အစိုးရကို မြန်မာနိုင်ငံရဲ့အစိုးရအဖြစ် သတ်မှတ်ကြောင်း ဘယ်နိုင်ငံကမှ တရားဝင်ထုတ်ပြန်တာ မရှိသေးပေမယ့် ကမ္ဘာ့အထင်ကရနိုင်ငံ ၈ နိုင်ငံမှာတော့ အစိုးရရုံးခန်းတွေ ဖွင့်လှစ်ခွင့်ပေးထားပါတယ်။ အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ပြင်သစ်၊ ချက်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ နော်ဝေနိုင်ငံတို့မှာ NUG ရုံးတွေ ဖွင့်လှစ်ထားတာပါ။

nug.jpg
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် ဖွင့်လှစ်သည့် NUG နိုင်ငံခြားရေးရုံးဖွင့်ပွဲတက်ရောက်လာသော NUG ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။ ( ဓာတ်ပုံ - NUG နိုင်ငံခြားရေးဝန်ကြီးဌာန)

ကုလသမဂ္ဂမှာ NUG ရော စစ်ကောင်စီရော အသိအမှတ်ပြုခွင့် လျှောက်ထားခဲ့ပေမယ့် စစ်ကောင်စီကိုယ်စားလှယ်ကို အသိအမှတ် မပြုဘဲ NUG ကိုယ်စားပြုသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ခန့်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေဘက် ကြည့်ရင် NUG နဲ့ တရားဝင်တွေ့ဆုံစကားပြောတာ မလေးရှားနိုင်ငံပဲ ရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးရာရပ်ဝန်းက ကြီးမှူးကျင်းပတဲ့ Global Townhall ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲမှာတော့ NUG ဝန်ကြီးတွေကို မြန်မာကိုယ်စားလှယ်အဖြစ် တက်ရောက်ဖို့ ဖိတ်ထားပြီးမှ ဖယ်ရှားခံခဲ့ရပါတယ်။ တစ်ဖက်မှာလည်း ကုလသမဂ္ဂလက်အောက်ခံတရားရုံးဖြစ်တဲ့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ရိုဟင်ဂျာကိစ္စ တရားစွဲခံထားရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ NUG အစိုးရတို့ ဖြေရှင်းခွင့် အပြိုင်တင်ခဲ့ကြပေမယ့် စစ်ကောင်စီဘက်ကို နိုင်ငံကိုယ်စားပြုအဖြစ် ဖြေရှင်းခွင့်ပေးထားတာဖြစ်ပါတယ်။

■ အာဆီယံနဲ့ ဘုံသဘောတူညီချက်ငါးရပ်

ဒီနှစ်ထဲ အာဆီယံက ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲတွေဘက်ကိုလည်း ပြန်ကြည့်ရအောင်ပါ။ အာဆီယံညီလာခံတွေမှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့် လုံးဝပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက ချမှတ်ထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်မှု မရှိသလောက်နည်းတယ်လို့ ထောက်ပြကြပါတယ်။

ဒီဘုံသဘောတူညီချက်တွေ အလုပ်မဖြစ်ဘူးဆိုပြီး နိုင်ငံတကာက မြန်မာ့အရေးလှုပ်ရှားသူတွေဘက်က ထောက်ပြနေကြပေမယ့် အာဆီယံက ဆက်လက်ကိုင်စွဲထားဆဲပါ။ ဒါပေမဲ့ စစ်ကောင်စီကို အရင်လို လွှတ်မထားတော့ဘဲ ဒီဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရမယ့် အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ဖို့ နိုဝင်ဘာလအစောပိုင်းက ကျင်းပတဲ့ ညီလာခံမှာ သဘောတူခဲ့ကြပါတယ်။

2022-05-13T160228Z_1659658212_RC2F6U9T07GU_RTRMADP_3_USA-ASEAN.JPG
၂ဝ၂၂ ခုနှစ် မေလ ၁၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ မပါဝင်သော အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံ မြင်ကွင်းတစ်ခု။ (Photo: Reuters)

ပြီးခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံမှာ သမ္မတဂျိုးဘိုင်ဒင်ကလည်း ဒီဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က လိုက်နာဖို့ ပြောခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ မလေးရှားက မြန်မာပြည် အရေးအတွက် NUG နဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းနေပါတယ်။ ဖိလစ်ပိုင်သမ္မတသစ်ဖြစ်လာတဲ့ အာဏာရှင် မားကိုစ့်ရဲ့သား ဖာဒီနန် မားကို့စ်ဂျူနီယာကလည်း စစ်ကောင်စီကို ဆွေးနွေးပွဲစကားဝိုင်းကို ပြန်ခေါ်ဖို့ တိုက်တွန်းနေပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားကတော့ ဘုံသဘောတူညီချက်တွေကို မလိုက်နာတဲ့ စစ်ကောင်စီကို ဝေဖန်အပြစ်တင်ထားပါတယ်။

■ စစ်ကောင်စီနဲ့ နိုင်ငံတကာစင်မြင့်

အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ တရုတ်နဲ့ ရုရှားလို နိုင်ငံတွေက လွဲလို့ နိုင်ငံတကာ အသိအမှတ်ပြုခံရတာ မရှိသလောက်ပါပဲ။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မပြုတာ နှစ်နှစ် ရှိသွားပါပြီ။ ဒါ့အပြင် ဝန်ကြီးအဆင့် အစည်းအဝေးတွေမှာလည်း စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မြထွန်းဦးကို ဒီနှစ်ထဲမှာ ပထမဆုံးအကြိမ် ဖယ်ထုတ်လိုက်ပါတယ်။ အဲလိဇဘက် ဘုရင်မကြီးရဲ့ ဈာပနအခမ်းအနားကိုလည်း စစ်ကောင်စီကို ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။

ပြည်တွင်းမှာ အခြေစိုက်နေတဲ့ ဗြိတိန်နဲ့ ဩစတြေးလျသံရုံးတွေက မြန်မာနိုင်ငံသံအမတ်တွေနေရာမှာ သံအမတ်ကြီးအဆင့် ထပ်မခန့်တော့ဘဲ သံတမန်အဆင့် လျှော့ချဆက်ဆံလာပါတယ်။ အခုနောက်ဆုံး အမေရိကန်ကလည်း မြန်မာနိုင်ငံ သံအမတ်ရာထူးအတွက် အသစ်ခန့်အပ်ခြင်းမရှိသေးဘဲ လစ်လပ်ထားပါတယ်။

စစ်ခေါင်းဆောင်ဟာ အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုကို မရတာကြောင့် ရုရှားဘက်ကို ဒီနှစ်အတွင်း သိသိသာသာ ချဉ်းကပ်ခဲ့ပါတယ်။ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ကတော့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေဟာ ဒီနှစ်အတွင်းမှာ မြန်မာစစ်တပ်ကို အခိုင်အမာ ကျောထောက်နောက်ခံ ပေးနေကြတယ်လို့ အစီရင်ခံစာထုတ်ပြန် ပြောဆိုထားပါတယ်။

■ လွတ်ငြိမ်းသက်သာခွင့်နဲ့ နိုင်ငံတကာဖိအား

ဒီနှစ်ထဲမှာ စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့် နှစ်ကြိမ်၊ စုစုပေါင်း အကျဉ်းသား ၈ဝဝဝ နီးပါး လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၄ဝဝ ကျော်ပဲ ပါတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။ ဒီနှစ်ပြန်လွတ်လာတဲ့သူတွေထဲမှာ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ လူမင်း၊ ပိုင်တံခွန်တို့လို နာမည်ကြီး၊ လူသိများသူတွေလည်း ပါပါတယ်။

Cele.jpg

နိုင်ငံရေးသမားတွေထဲမှာတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ စာရေးဆရာ မောင်သာချို၊ NLD ပြန်ကြားရေး ဒေါက်တာမျိုးညွန့်တို့ ပါပါတယ်။ ဖမ်းဆီးခံ နိုင်ငံခြားသားတွေဖြစ်တဲ့ NLD အစိုးရ စီးပွားရေးအကြံပေး ရှောင်တာနဲလ်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဂျပန်နိုင်ငံသား တိုရူကူဘိုတာတို့လည်း ပြန်လွတ်လာပါတယ်။ နိုင်ငံတကာဖိအားတွေကြောင့် စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသားတချို့ကို ပြန်လွှတ်ပေးတာလို့ ပြည်တွင်းနိုင်ငံရေးသမားတွေက ထောက်ပြပါတယ်။

■ စစ်ကောင်စီရဲ့ နျူကလီးယားအိပ်မက်

ကာလကြာရှည်မက်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး ကြိုးပမ်းချက်တွေဟာလည်း ဒီနှစ်ထဲမှာ သိသာထင်ရှားလာတာ တွေ့ရပါတယ်။ ဒီနှစ်ထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရုရှားနိုင်ငံကို နှစ်ကြိမ်သွားရောက်ခဲ့ပြီး နျူကလီးယားစက်ရုံဆောက်ဖို့ ရုရှားအစိုးရပိုင် Rosatom ကုမ္ပဏီနဲ့ စာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ အခုနောက်ဆုံး အသေးစား ဓာတ်ပေါင်းဖိုတည်ဆောက်ရေး စီမံကိန်းအတွက် ရုရှားပညာရှင်တွေ မြန်မာနိုင်ငံမှာ လေ့လာမှုတွေစဖို့ သဘောတူထားပါပြီ။

russia.jpg
၂၀၂၂ စက်တင်ဘာလ ၇ ရက်နေ့က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ FEFU Campus တွင် ကျင်းပသည့် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်လာသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်။ (Photo: Myanmar Military)

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ စစ်ကောင်စီဟာ ရုရှားနဲ့ပေါင်းပြီး နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ လုပ်နေတာကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မျက်ခြည်မပြတ်စောင့်ကြည့်ဖို့ ကုလသမဂ္ဂအစည်းအဝေးတွေမှာ သတိပေးပြောဆိုနေပါတယ်။

ဒီနှစ်ထဲမှာပဲ စစ်ခေါင်းဆောင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပါတယ်။ အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျုးကျော်စစ်ထိုးခဲ့တဲ့ သမ္မတပူတင်ကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေပေမဲ့ စစ်ခေါင်းဆောင်ကတော့… သမ္မတပူတင်ဟာ ကမ္ဘာကြီး တည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်နေတဲ့ "ကမ္ဘာ့ခေါင်းဆောင်" ဖြစ်တယ်လို့ နှစ်ဦးသားတွေ့ချိန်မှာ အမွှမ်းတင်ခဲ့ပါတယ်။

■ လေကြောင်းသုံး တိုက်ခိုက်မှုများ

ဒီနှစ်ထဲမှာ စစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်တဲ့အဖွဲ့တွေကို နှိမ်နင်းဖို့ မြေပြင်တပ်တွေသာမက ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေပါသုံးပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားတွေလည်း သေဆုံးခဲ့ရတာပါ။

စက်တင်ဘာလထဲမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာရှိတဲ့ စာသင်ကျောင်းကို စစ်ကောင်စီက တိုက်ခိုက်ခဲ့လို့ ကလေးငယ် ခုနစ်ဦးအပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ရပါတယ်။ အောက်တိုဘာလထဲမှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာမှာ ကချင်လွတ်မြောက်ရေးတပ် KIA နှစ်ပတ်လည်အခမ်းအနား ကျင်းပနေတုန်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၆ဝ ကျော် သေဆုံးခဲ့ရပါတယ်။

kachin1.jpg
KIA နှစ်ပတ်လည်ပွဲကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားသူများအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က မြေမြှုပ်သင်္ဂြိုဟ်ထားသည့် မြင်ကွင်း။ (Photo: The 74 Media)

ဒီဖြစ်ရပ်ဟာ ဒီနှစ်ထဲမှာ အဆိုးရွားဆုံးဖြစ်ရပ်ပါ။ လေကြောင်းအားကိုး တိုက်ခိုက်နေတဲ့ စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့မှု ပိတ်ဆို့ဖို့ အမေရိကန်၊ ဗြိတိန်နဲ့ နိုင်ငံတကာအသိုက်အဝန်းကို မြန်မာ့အရေးလှုပ်ရှားသူတွေက ဆော်ဩနေကြပါတယ်။ ဒီလို အရပ်သားအမြောက်အမြားထိခိုက်ရတဲ့ လေကြောင်းသုံး တိုက်ခိုက်မှုတွေကို နိုင်ငံတကာက ရှုတ်ချနေပေမယ့် စစ်ကောင်စီဘက်ကတော့ ရပ်မသွားပါဘူး။ ဒီဇင်ဘာလပိုင်းမှာတင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်က ကုန်းသာရွာကို လေကြောင်းကနေ ပစ်ခတ်ခဲ့လို့ တစ်ရွာလုံးနီးပါး ပျက်စီးခဲ့ပါတယ်။

■ စစ်ကောင်စီတပ်သားများလက်ချက်နဲ့ မီးရှို့၊ သတ်ဖြတ်ခံရမှုများ

အခုဆက်ပြီး နိုင်ငံတစ်ဝန်း မီးရှို့ခံရတဲ့ အခြေအနေတွေကို ကြည့်ရအောင်ပါ။ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ကြောင့် ဒီနှစ်ထဲမှာ နေအိမ်အလုံးပေါင်း ၃၆ဝဝဝ ကျော် မီးရှို့ခံခဲ့ရတယ်လို့ သုတေသနအဖွဲ့တစ်ဖွဲဖြစ်တဲ့ Data For Myanmar အဖွဲ့က ပြောပါတယ်။ အဲဒီထဲမှာ စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်ခုခံနေတဲ့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပါတယ်။

အခုလို နိုင်ငံတစ်ဝန်းမှာ အရပ်သားနေအိမ်တွေ မီးရှို့ခံရတာတွေနဲ့ ပတ်သက်လို့ ဒေသခံတွေက ရုပ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့တကွ ပြောဆိုနေကြပေမယ့် စစ်ကောင်စီကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ တစ်ချိန်လုံး ငြင်းဆိုထားပါတယ်။ နိုင်ငံရေးလေ့လာသူတွေကတော့ စစ်ကောင်စီဟာ ရန်သူစိုးမိုးတဲ့နယ်မြေမှာ နေအိမ်တွေ အဆောက်အအုံတွေကို ဖျက်ဆီး မြေလှန်မီးရှို့တဲ့ မူဝါဒ (scorched-earth policy) ကျင့်သုံးနေတာလို့ သုံးသပ်ပြောဆိုပါတယ်။

000_9Y768M.jpg
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း မီးလောင်ကျွမ်းအပြီး အပျက်အစီးများအား မြင်တွေ့ရစဉ်။ (Photo: AFP PHOTO / CHIN TWIN CHIT THU)

ဒီနှစ်အတွင်း စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးရတဲ့သူလည်း ထောင်နဲ့ချီ ရှိခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းတွေအရ အာဏာသိမ်းပြီးချိန်ကစလို့ ဒီနှစ်ကုန်ပိုင်းအထိ သေဆုံးသူ ၂၆ဝဝ ကျော်ရှိပါပြီ။ ဒီနှစ်တစ်နှစ်ထဲမှာတင် အယောက် ၁၂ဝဝ ကျော် သေဆုံးရတာဖြစ်ပါတယ်။

■ RFA က ဖော်ထုတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုများ

ဒီနှစ်ထဲမှာ လွတ်လပ်တဲ့အာရှအသံ RFA က စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို အထောက်အထား မှတ်တမ်းတွေနဲ့အတူ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ စစ်ကောင်စီတပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်တဲ့ ဓာတ်ပုံဗီဒီယို မှတ်တမ်းတွေကို အဲဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ စစ်သားတစ်ဦး ကျကျန်ခဲ့တဲ့ ဖုန်းထဲကနေ RFA က ရရှိခဲ့တာပါ။

အဲဒီပုံတွေထဲမှာ အရပ်သားတွေကို လက်ပြန်ကြိုးတုပ်ဖမ်းထားပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းအောက်မှာ စုပြီး ထိုင်ခိုင်းထားတဲ့ ပုံတွေ၊ ပစ်သတ်ခံထားရတဲ့ ဒေသခံတွေရဲ့ အလောင်းပုံတွေ ပါပါတယ်။ ဖုန်းပိုင်ရှင်စစ်သားနဲ့ ကျန်တဲ့သူနှစ်ဦးက ရွာသားတွေကို သူတို့ ဘယ်လိုဘယ်ပုံ သတ်ဖြတ်ခဲ့တဲ့အကြောင်း ဂုဏ်ပြိုင် ပြောဆိုနေတာကိုလည်း တွေ့ရပါတယ်။ RFA က စုံစမ်းဖော်ထုတ်ချက်တွေအရ အဲဒီဖြစ်ရပ်မှာ ရွာသား ၂၉ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

sagaing.jpg
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသားများအား လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးထားခဲ့သည့် ဘုန်းတော်ကြီးကျောင်းဝင်းထဲမှ သစ်သားကျောင်းဆောင်ကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ရိုက်ကူးထားသည့်ပုံ။ (Photo: RFA)

ဒါ့အပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းအစပ်က မိုးဗြဲဒေသမှာ စစ်ကောင်စီရဲ့ တပ်မ-၆၆ လက်အောက်ခံ ခြေလျင်တပ်ရင်း- ၁ တပ်ဖွဲ့ဝင်တစ်ဦးက တိုင်းရင်းသားတစ်ဦးကို လူမဆန်ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကိုလည်း RFA က ရရှိခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာ ဒေသခံတစ်ဦးရဲ့ မျက်စိတွေကို အဝတ်စနဲ့စည်းပြီး လည်ပင်းနဲ့လက်ကို နောက်ပြန်ကြိုးတုပ် ဖမ်းဆီးချုပ်နှောင်ထားတဲ့ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်သားတစ်ဦးက လူမဆန်ရိုက်နှက် စစ်ဆေးနေတာကို တွေ့ရပါတယ်။

■  နိုင်ငံတစ်ဝန်း တိုက်ပွဲများ

အခုနောက်ဆုံး တိုက်ပွဲတွေဘက် ကြည့်ရအောင်ပါ။ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိဆိုရင် နိုင်ငံတစ်ဝန်းတိုက်ပွဲပေါင်း ၈ဝဝဝ လောက် ဖြစ်ခဲ့တယ်လို့ ISP-Myanmar သုတေသနအဖွဲ့က ပြောပါတယ်။ ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲအများဆုံး ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ် PDF တွေကြား တိုက်ပွဲတွေ၊ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ရှိခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေ ပူးပေါင်းပြီး စစ်ကောင်စီကို ဝိုင်းတိုက်ခဲ့တာတွေလည်း ရှိပါတယ်။ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများနေတာကြောင့် စစ်ကောင်စီ ရေရှည်ရပ်တည်နိုင်တော့မှာ မဟုတ်ဘူးလို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောပါတယ်။

cobra column.jpg
မြဝတီ-ဝေါ်လေ လမ်းပိုင်း တောင်ဘက်အခြမ်း၊ သေ့ဘော့ဘိုးကျေးရွာအနီးတွင် Cobra စစ်ကြောင်းမှ တပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ရစဉ်။ ( Photo: Cobra Column)

ရခိုင်ပြည်နယ်ဘက်မှာတော့ ဒီနှစ်အစောပိုင်း တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပေမယ့် နိုဝင်ဘာလကုန်ပိုင်းလောက်ကစလို့ တရားဝင် အပစ်ရပ်ထားကြပြန်ပါပြီ။ အညာဒေသ စစ်ကိုင်းဘက်မှာလည်း တိုက်ပွဲတွေ နေ့တိုင်းရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ၅၂ ရာခိုင်နှုန်းကျော်ကို NUG လက်အောက်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထားပြီး၊ စစ်ကောင်စီက ၁၇ ရာခိုင်နှုန်းလောက်ကိုပဲ တည်ငြိမ်အောင် ထိန်းထားနိုင်တယ်လို့ ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့အရေးအထူးအကြံပေးကောင်စီ (SAC-M) က စက်တင်ဘာလထဲမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

တိုင်းပြည်ရဲ့ ၂၃ ရာခိုင်နှုန်းလောက်မှာတော့ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား နယ်မြေထိန်းချုပ်နိုင်ရေး အားပြိုင်နေတယ်လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အခုလာမယ့် ၂ဝ၂၃ ခုနှစ်မှာ တော်လှန်ရေးအဆုံးအဖြတ် ရယူမယ်လို့ ပြောထားပါတယ်။ စစ်ကောင်စီဘက်က ၂ဝ၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ လုပ်နေပေမယ့် နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ ၂ဝ၂၃ ခုနှစ်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ သတိပေးနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။