လက်တွေ့ကျတဲ့ တွေ့ဆုံဆွေးနွေးရေး
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုပြီး စက်တင်ဘာ ၂၆ ရက်နေ့က စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ကြေညာချက်ထုတ်ပြီး ဖိတ်ခေါ်လိုက်ပါတယ်။ ဒါဟာ နိုင်ငံရေးပြဿနာကို လက်နက်နဲ့ အာဏာသိမ်း ဖြေရှင်းခဲ့တဲ့ စစ်ကောင်စီရဲ့ ပထမဆုံးအကြိမ် ကမ်းလှမ်းချက်လည်း ဖြစ်ပါတယ်။ တစ်ဖက်သတ်လုပ်မဲ့ ရွေးကောက်ပွဲမှာ လူစည်ဖို့သက်သက်၊ စာရွက်ပေါ်မှာ ဟန်ပြသက်သက်၊ ဖိတ်ခေါ်တာထက် လက်တွေ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာဖို့ စစ်ကောင်စီအနေနဲ့ ဘာတွေ တကယ်လုပ်ဖို့လိုပါသလဲ ဆိုတာဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၁) မဇူးပဒုမ္မာ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) ရဲ့ စစ်ဦးစီးအဖွဲ့ဝင် ကိုစိုးသူရဇော်နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ CDM ဗိုလ်ကြီး ကောင်းသူဝင်း တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မသီရိမင်းဇင် စီစဉ်တင်ဆက်ထားပါတယ်။