ဖက်ဒရယ်ဘုံသဘောထားရပ်တည်ချက် ဘယ်လိုရယူကြမလဲ
စစ်ကောင်စီအာဏာသိမ်းတာကို တစ်နိုင်ငံလုံး ဆန့်ကျင်တော်လှန်နေတာ သုံးနှစ်ဆိုတဲ့ အချိန်ကို ရောက်ရှိလာပါပြီ။ ဒီအချိန်အတွင်းမှာ အဖွဲ့အစည်းအသီးသီးအနေနဲ့ ခိုင်မာတဲ့ နိုင်ငံရေး ဘုံသဘောတူညီချက်တစ်ရပ် ရှိထားဖို့လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ အခုနှစ်ဆန်းပိုင်းက K2C လို့ လူသိများတဲ့ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့က ဘုံသဘောထား ရပ်တည်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး တခြားအဖွဲ့အစည်းတွေနဲ့ပါ သဘောတူညီချက်ရဖို့ဆက်ပြီး ကြိုးပမ်းနေတဲ့အကြောင်း ဒီတစ်ပတ်စကား၀ိုင်းမှာ ဆွေးနွေးကြမှာပါ။
ပါဝင်ဆွေးနွေးမဲ့သူတွေကတော့ - ပအို၀်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဒေါ်နှင်းနှင်းမွှေးနဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက ဦးမိုဃ်းသွေးတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က စီစဉ်တင်ဆက်ထားပါတယ်။