"ပြည်တွင်းစစ်ရေးရလဒ်တွေအပေါ် နိုင်ငံကြီးတွေ အာရုံစိုက်မှုကို သုံးသပ်ခြင်း"
2024.08.23
တစ်ကျော့ပြန် ၁ဝ၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် မြို့တစ်ခုလုံးကို စစ်ကောင်စီ လက်လွှတ်ခဲ့ရပါတယ်။ ဒါဟာ မြန်မာစစ်တပ်သမိုင်းမှာ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ စစ်ရေးရှုံးနိမ့်မှုကို သိသာထင်ရှားစေခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ယာယီအပစ်ရပ်ခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြန်လည်ပြင်းထန်လာပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတင်မကဘဲ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာပါ စစ်ကောင်စီက စစ်ရေးဖိအားပေးခံနေရပါတယ်။ ဒီအခြေအနေမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ် ရုတ်တရက်ပေါ်လာသလို အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အပြင် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ ခေါင်းဆောင်တွေနဲ့ အွန်လိုင်းကနေတွေ့ဆုံခဲ့ပါတယ်။ လက်ရှိ ပြည်တွင်းစစ်ရေးရလဒ်တွေအပေါ်မှာ တရုတ်နဲ့ အမေရိကန်လို အင်အားကြီးနိုင်ငံတွေက ဘယ်လိုရှုမြင်ကြသလဲ၊ ဘယ်လောက်ထိပါဝင်ပတ်သက်မှုရှိနေလဲဆိုတာ ဒီတစ်ပတ်ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ စည်းရုံးရေးနဲ့ နိုင်ငံရေးရှေ့ဆောင်ကိုယ်စားလှယ် နော်ဆဲဆဲ၊ တမ္ပဒီပ အင်စတီကျုရဲ့ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းနဲ့ စစ်ရေး နိုင်ငံရေးလေ့လာသူ ကိုဆိုရ်ဒါင်းတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။