မပြည့်မစုံဘ၀နဲ့ ကမ္ဘာ့အဆင့် တက်လှမ်းနိုင်ခဲ့တဲ့ ဆယ်ကျော်သက်အားကစားမယ်
2023.06.12

အသက် ၂၁ နှစ်အရွယ် ကာယအားကစားမယ် မသဲစုဟာ ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်းမှာပဲ အရှေ့တောင်အာရှအဆင့်မှာ ပထမဆု၊ အာရှအဆင့်မှာ ရွှေ၊ ငွေ အပါအဝင် ဆုသုံးဆုနဲ့ ကမ္ဘာ့အဆင့်မှာ တတိယဆုကို ရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သူပါ။
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်က ကျူးကျော်အိမ်လေးမှာနေထိုင်ရင်း ဆင်းရဲနွမ်းပါးလှတဲ့ ဘဝအခြေအနေကနေ ဒီအနေအထားထိ ခက်ခက်ခဲခဲ ကြိုးစားရုန်းကန် ခဲ့ရတယ်လို့ ဆိုပါတယ်။
အဘွားနဲ့ အဖေဖြစ်သူကလည်း မသဲစုအတွက် စျေးရောင်း၊ ဆိုင်ကယ်ကယ်ရီမောင်း၊ ကြုံရာကျပန်း အလုပ်မျိုးစုံလုပ်ပြီး ထောက်ပံ့ပေးခဲ့ကြတယ်လို့ ပြောပါတယ်။
၂၀၁၉ ခုနှစ် တစ်နှစ်အတွင်းမှာပဲ မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ (၁၆) ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလနဲ့ ကိုယ်ကာယ အားကစားပြိုင်ပွဲမှာ ပထမဆု၊ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၅၃) ကြိမ်မြောက် အာရှကာယဗလနဲ့ ကိုယ်ကာယ အားကစားပြိုင်ပွဲမှာ ရွှေ၊ ငွေ အပါအဝင် ဆုသုံးဆု ရရှိခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ (၁၁) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနဲ့ ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲမှာလည်း တတိယဆုရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက သူ့ရဲ့အသက်ဟာ ၁၈ နှစ်သာရှိပါသေးတယ်လို့ မသဲစုကပြောပါတယ်။
"ခုနှစ်တွေအများကြီးထဲမှာ ၂၀၁၉ လောက် ပျော်ခဲ့တဲ့ ခုနှစ်ဆိုတာမရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဆုတွေရတဲ့အချိန်မှာ စတိတ်စင်ပေါ်မှာပေါ့နော်၊ ပြိုင်ပွဲဝင်တဲ့စင်ပေါ်မှာ မြန်မာနိုင်ငံအလံကြီးကို ခြုံလိုက်ရတဲ့အခါမှာ ကိုယ့်ရင်ထဲကို အရမ်းအေးသွားတယ်"
ဒီမတိုင်ခင်မှာလည်း မြို့နယ်၊ ခရိုင်နဲ့ တိုင်း လက်ရွေးစင်ပြိုင်ပွဲတွေမှာ ဆုတံဆိပ်ပေါင်း ၂၀ ထက်မနည်းရရှိခဲ့ပြီး အဲဒီအထဲမှာ ပထမဆုက အများဆုံးလို့ မသဲစုက ဆိုပါတယ်။
သူပထမဆုံး အားကစားကို စပြီးစိတ်ဝင်စားခဲ့တာက ၂၀၁၄ ခုနှစ်မှာပါ။ ပဉ္စမတန်း နောက်ဆုံးစာမေးပွဲ ဖြေနေတဲ့နေ့မှာပဲ နွေရာသီအေရိုးဗစ်သင်တန်းခေါ်တာကို အကသင်တန်းထင်ပြီး သွားလျှောက်ရာကနေ ဒီအားကစားလောကထဲ ရောက်လာခဲ့တာပါ။
အဲဒီကနေ ခရိုင်အဆင့်၊ တိုင်းအဆင့်ထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့လို့ ဆုတံဆိပ်တွေရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ဝူရှူးကိုပါ တွဲဖက်လေ့ကျင့် ကစားခဲ့ပါတယ်။
ဝူရှူးကိုလည်း မြို့နယ်အဆင့်ကျောင်းပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေနဲ့ငွေ ဆုနှစ်ဆုရရှိခဲ့တယ်လို့ မသဲစုကပြောပါတယ်။
နောက်ပိုင်း သင်ပေးတဲ့ဆရာပြောင်းသွားလို့ ဝူရှူးကိုနားပြီး အေရိုးဗစ်ကိုသာ တစိုက်မတ်မတ် ကစားခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ရဲ့ လူရွေးပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ချိန် ဆရာမဖြစ်သူ ဒေါ်ရီရီဝင်းရဲ့ ခေါ်ယူမှုကြောင့် ကာယကြံ့ခိုင်မှု အားကစားဘက်ကိုရောက်ရှိခဲ့ပြီး မြန်မာ့လက်ရွေးစင် ဖြစ်လာခဲ့တာပါ။
မသဲစုကတော့ ဇွဲမလျှော့သေးဘဲ သူ့အိမ်မက်ဖြစ်တဲ့ နည်းပြကောင်းတစ်ယောက်ဖြစ်နိုင်ဖို့နဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲကို ထပ်မံဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမဆုရယူဖို့ ဆန္ဒတွေရှိနေပါတယ်။
ဒါ့အပြင် ကိုယ်ပိုင်အိမ်လေးရဖို့နဲ့ ကိုယ်ပိုင်အားကစားကလပ်ဖွင့်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက် တွေလည်း မသဲစုမှာ ရှိနေပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အခါအရ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် သူ့အိမ်မက်၊ သူ့ရည်မှန်းချက်တွေက ဝေးနေဆဲလို့ ပြောပါတယ်။
လေ့ကျင့်ရေးဆင်းတာနဲ့ Gym ဆော့ဖို့ သွားလာစရိတ်၊ အစာအဟာရအတွက်စရိတ်တွေ မတတ်နိုင်လို့ လေ့ကျင့်ရေးမလုပ်ဖြစ်တော့ဘဲ မျှော်လင့်ချက်တွေကို သိမ်းထားရတဲ့ အခြေအနေလို့ သူကပြောပါတယ်။
အခုတော့ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ရှားပါးလှတဲ့ အလုပ်အကိုင်နဲ့ ကျပ်တည်းလှတဲ့ စားဝတ်နေရေးကြား သူ့ရဲ့အနာဂတ်က မသေချာ၊ မရေရာတဲ့ အနေအထားနဲ့ ဆက်ပြီးရုန်းကန်နေရပါတယ်။