၂ဝ၂၂ သီတင်းကျွတ်လပြည့်နေ့ မြင်ကွင်းများ
အောက်တိုဘာလ ၉ ရက် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ရန်ကုန်၊ နေပြည်တော်၊ ပုဂံနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း က မြင်ကွင်းတွေ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအတွက် သီတင်းကျွတ်လပြည့်နေ့ဟာ နေ့ထူးနေ့မြတ်ဖြစ်ပြီး နတ်ပြည်ကနေ တရားဟောပြီး လူပြည်ကို ပြန်လည်ကြွချီလာတဲ့ မြတ်စွာဘုရားကို ဆီမီးနဲ့ပူဇော်တဲ့ ဓလေ့နဲ့ မီးထွန်းပွဲတော်ကို နှစ်စဉ်ဆင်ယင်ကျင်းပလေ့ရှိပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုအပြီး ရွှေတိဂုံစေတီတော် အပါအဝင် ထင်ရှားတဲ့ စေတီတော်တွေကို လာရောက်ဖူးမြော်တဲ့ ဘုရားဖူးပြည်သူတွေ နည်းပါးသွားခဲ့ပါတယ်။
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မှာဆိုရင် အရင်ရက်တွေထက် လာရောက်ဖူးမြော်သူ များပြားခဲ့ပြီး ဘုရားဖူးလာရောက်သူတွေနဲ့ ကြက်ပျံမကျ စည်ကားခဲ့ပါတယ်။
ဒီနေ့ကတော့ အများပြည်သူ ရုံးပိတ်ရက်ဖြစ်တာကြောင့် အထင်ကရနေရာဒေသတချို့မှာ လည်ပတ်သူတွေ များပြားခဲ့ပါတယ်။
နေပြည်တော်က အထင်ကရနေရာတွေမှာလည်း လည်ပတ်သူတွေ များပြားခဲ့ပြီး စေတီပုထိုးတွေမှာ ဆီမီးထွန်းပွဲတော်တွေ ရှိခဲ့ပါတယ်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က ရေပန်းဥယျာဉ်မှာလည်း သီတင်းကျွတ်လပြည့်နေ့ ညဈေးပွဲတော် ကျင်းပခဲ့ပါတယ်။
ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် ခရီးသွားဧည့်သည်အဝင်နည်းခဲ့တဲ့ ပုဂံမှာ ပြည်တွင်းခရီးသွားဧည့်သည်တွေ အခုလ ၈ ရက်နေ့ကစပြီး ပြန်လည်ဝင်ရောက်လာတာကြောင့် ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းတွေ အခန်းတွေပြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သီတင်းကျွတ်လပြည့်နေ့မှာတော့ ပုဂံက ဘုရားတွေ၊ စားသောက်ဆိုင်တွေမှာ လာရောက်လည်ပတ်သူတွေနဲ့စည်ကားနေပြီး ညောင်ဦးနဲ့ ပုဂံမြို့ဟောင်းကို သွားတဲ့လမ်းတစ်လျှောက်မှာလည်း ခရီးသွားကားတွေ ပြည့်နေပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က ထိန်းချုပ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ကျောက်တလုံးကြီးမြို့နယ်ခွဲက ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရားမှာလည်း လာရောက်ဖူးမြော်သူတွေ များပြားခဲ့ပါတယ်။