ရသေ့တောင်မြို့ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် အရေးပေါ် အကူအညီလိုနေ

RFA Burmese
2023.05.26
ရသေ့တောင်မြို့ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် အရေးပေါ် အကူအညီလိုနေ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ် စေတီတောင်အရှေ့ စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ မိုခါ မုန်တိုင်းဒဏ် အပြင်းအထန် ကြုံခဲ့ရတာကြောင့် စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်ဟာ အပျက်အစီးတွေကြား ကိုယ်ထူကိုယ်ထ ရုန်းကန်တည်ဆောက်နေရပါတယ်။

သူတို့ရဲ့တဲအိမ်တွေ ပြန်လည်တည်ဆောက်ရာမှာ အသုံးပြုကြတဲ့ သစ်၊ ဝါး၊ တာပေါ်လင်စ၊ သွပ်နဲ့ သံတွေကို ပုံမှန်ထက် ဈေးကြီး ပေးဝယ်သုံးနေကြရတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် စေတီတောင်အရှေ့ စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦး မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတာတွေကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က ရှင်းလင်းနေစဉ်။ (Photo : RFA)
ရသေ့တောင်မြို့နယ် စေတီတောင်အရှေ့ စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦး မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတာတွေကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က ရှင်းလင်းနေစဉ်။ (Photo : RFA)

အပျက်အစီးတွေကြားက သစ်တို၊ ဝါးစအဟောင်းတွေစုပြီး မိသားစုနေထိုင်နိုင်ဖို့ တဲအိမ်တစ်လုံး တည်ဆောက်ဖို့ ကြိုးစားနေတဲ့ စေတီတောင်အရှေ့ စစ်ဘေးရှောင်စခန်းက အသက် ၄၃ နှစ်အရွယ် ဒေါ်ဦးနုရီကတော့ လက်ရှိ မိုးရွာရင် ထီးတစ်ချောင်းနဲ့ မိသားစု ခိုနေရတယ်လို့ ပြောပါတယ်။

"အကူအညီတွေက တစ်ခုမှ မရောက်သေးပါဘူး။ အခုက ရှိတဲ့အဟောင်းကရတဲ့ ဟိုအပိုင်း ဒီအပိုင်းလေးတွေနဲ့ ဆောက်နေတယ်။ မိုးကလည်း ရွာနေတော့လေ။ မိုးက တစ်ရက်မှာ နေ့ခင်းမရွာရင် ညရွာတယ်လေ။ အကူအညီတွေကလည်း မရောက်သေးဘူး။ ကိုယ့်ဟာနဲ့ ကိုယ်ဆောက်နေတာပါ။ မိုးရွာရင်လည်း မလုံပါဘူး။ ဟိုဘက်ကနေ ဒီဘက်ရွှေ့နေတာပေါ့။ အပေါက်တွေနဲ့ဆိုတော့။ နေစရာမရှိရင် ထီးတစ်ချောင်းနဲ့ မိသားစု ခိုနေကြရတာပေါ့"

ရသေ့တောင်မြို့နယ် စေတီတောင်အရှေ့ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)
ရသေ့တောင်မြို့နယ် စေတီတောင်အရှေ့ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)

စစ်ဘေးဒုက္ခသည်တွေရဲ့ အိမ်သာအားလုံးလည်း ပျက်စီးသွားတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေ အားထားနေရတဲ့ ရေတွင်း၊ ရေကန်တွေဆိုရင်လည်း မုန်တိုင်းကြောင့် ရေငံတွေ ဝင်ရောက်ထားလို့ တခြားမုန်တိုင်းသင့် နေရာတွေလိုပဲ ရေအခက်အခဲတွေ ရှိနေပါတယ်။

ရသေ့တောင်မြို့နယ် စေတီတောင်အရှေ့ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)
ရသေ့တောင်မြို့နယ် စေတီတောင်အရှေ့ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)

အပြည်ပြည်ဆိုင်ကြက်ခြေနီကော်မတီ (ICRC)က တစ်လတစ်ခါ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ လက်ဖက်ခြောက်နဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို သုံးသုတ်ခွဲပြီး ကူညီထောက်ပံ့နေပေမယ့် မုန်တိုင်းမတိုင်ခင် ပထမဆုံးရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ဆန်တွေကတော့ ရေငံတွေထိသွားတာကြောင့်ပျက်စီးသွားလို့ ကျန်တဲ့ဆန်တွေကို မျှဝေစားနေကြတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ်ကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)
မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ်ကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)

နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ကတော့ မေလ ၂၃ ရက်ကစပြီး လူတစ်ဦးကို ရေသန့် ၅ လီတာ ထောက်ပံ့ပေးနေတာ ရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရသေ့တောင်မြို့နယ်အခြေစိုက် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးရန်ပိုင်စိုးက RFA ကိုပြောပါတယ်။

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ် စေတီတောင်အရှေ့ စစ်ဘေးဒုက္ခသည်စခန်း ပျက်စီးသွားတာကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)
မိုခါမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ် စေတီတောင်အရှေ့ စစ်ဘေးဒုက္ခသည်စခန်း ပျက်စီးသွားတာကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)

လက်ရှိ ရသေ့တောင်မြို့နယ်မှာ စစ်ဘေးဒုက္ခသည်စခန်း ၂၈ စခန်းရှိပြီး အိမ်ခြေပေါင်း လေးထောင်နီးပါး ၃၉၄၁ ရှိနေပါတယ်။ စစ်ဘေးဒုက္ခသည်ဦးရေကတော့ နှစ်သောင်းကျော် ၂၀၈၇၂ ဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။