နိုင်ငံရေးအကျဉ်းသားတချို့အပါအဝင် အကျဉ်းသား ခြောက်ထောင်နီးပါးလွတ်

2022.11.17
နိုင်ငံရေးအကျဉ်းသားတချို့အပါအဝင် အကျဉ်းသား ခြောက်ထောင်နီးပါးလွတ် အင်းစိန်အကျဉ်းထောင်အတွင်းမှ အကျဉ်းသား၊ အကျဉ်းသူတချို့ကို တင်ဆောင်လာသည့် ကားများနှင့် ထောင်ရှေ့တွင် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်။
Photo : RFA

စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ နိုင်ငံတစ်ဝန်း အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတချို့အပါအဝင် အကျဉ်းသား စုစုပေါင်း ၅၇၇၄ ဦး လွတ်မြောက်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့လယ် ၂နာရီခွဲကစပြီး ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းကနေ ကား ကိုးစီးနဲ့ အကျဉ်းသား၊ အကျဉ်းသူတချို့ကို သက်ဆိုင်ရာမြို့နယ်တွေအလိုက် ပြန်ပို့ဆောင်ခဲ့ပါတယ်။

လွတ်ငြိမ်းသက်သာခွင့်နှင့် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသူများနှင့် စောင့်ဆိုင်းနေသည့် မိသားစုဝင်များကို တွေ့ရစဉ်။ (Photo: RFA)
လွတ်ငြိမ်းသက်သာခွင့်နှင့် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသူများနှင့် စောင့်ဆိုင်းနေသည့် မိသားစုဝင်များကို တွေ့ရစဉ်။ (Photo: RFA)

အင်းစိန်ထောင်က ပြန်လွတ်လာသူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်နဲ့ ဦးသိန်းဦး၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး၊ ရွှေညဝါဆရာတော်နဲ့ စာရေးဆရာ မောင်သာချို၊ ရန်ကုန်တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နဲ့ NLD ပါတီရဲ့ တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုး စတဲ့ ထင်ရှားသူတွေအပါအဝင် တခြားနိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးခံထားရသူတွေ ပါဝင်ပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် ဒေါက်တာမျိုးညွန့်။ (Photo: RFA)
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် ဒေါက်တာမျိုးညွန့်။ (Photo: RFA)

သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေကနေ အကျဉ်းသားတွေကို ဒီနေ့ အပြီးလွှတ်ပေးဖို့ စီစဉ်ထားတယ်လို့ အမည်မဖော်လိုတဲ့ အကျဉ်းဦးစီးဌာန အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအကျဉ်းထောင်ကနေ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ရှစ်ဦး၊ မြစ်ကြီးနားထောင်က လွတ်လာသူ ၇ဝ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦး၊ တနင်္သာရီတိုင်းက လွတ်မြောက်သူ ၁ဝဝ ကျော်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး ပါဝင်ပါတယ်။

ပြန်လည်လွတ်မြောက်လာသူများကို အင်းစိန်အကျဉ်းထောင်ရှေ့တွင်စောင့်ဆိုင်းနေကြသူများ။ (Photo: RFA)
ပြန်လည်လွတ်မြောက်လာသူများကို အင်းစိန်အကျဉ်းထောင်ရှေ့တွင်စောင့်ဆိုင်းနေကြသူများ။ (Photo: RFA)

နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးကနေ ပြန်လွတ်လာသူတွေထဲမှာ NLD အစိုးရလက်ထက်က စီးပွားရေးအကြံပေး မစ္စတာ ရှောင်တားနဲလ်၊ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာနဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးတို့လည်း ပါဝင်ပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး နှစ်နှစ်နီးပါးအကြာတွင် ပြန်လည်လွတ်မြောက်လာသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး။ (Photo: RFA)
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး နှစ်နှစ်နီးပါးအကြာတွင် ပြန်လည်လွတ်မြောက်လာသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး။ (Photo: RFA)

နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ နိုဝင်ဘာ ၁၇ ရက်နေ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၃ ယောက် ပါဝင်ပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး နှစ်နှစ်နီးပါးအကြာတွင် ပြန်လည်လွတ်မြောက်လာသည့် စာရေးဆရာ မောင်သာချို။ (Photo: RFA)
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး နှစ်နှစ်နီးပါးအကြာတွင် ပြန်လည်လွတ်မြောက်လာသည့် စာရေးဆရာ မောင်သာချို။ (Photo: RFA)

AAPP ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး နိုဝင်ဘာ ၁၇ ရက်နေ့အထိ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၂၉၇၆ ယောက်ရှိပြီး အဲဒီထဲမှာ ၁၆၂၀ ယောက်က ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။