ဒီးမော့ဆိုမှာ ကိုယ်ထူကိုယ်ထ ကျောင်းပေါင်း ၁ဝဝ ကျော်ဖွင့်လှစ်ထား
- 2022-06-17
-
-
-
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က မူလတန်းကလေးငယ်များ
Photo - MPA
ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ကြားကာလပညာရေးအဖြစ် ကိုယ်ထူကိုယ်ထ ကျောင်းပေါင်း ၁ဝဝ ကျော်ဖွင့်လှစ်ထားတယ်လို့ ကြားကာလ မြို့နယ်ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။
မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ပညာတွေကို CDM ဆရာ၊ဆရာမ တစ်ထောင်ကျော်က အခမဲ့ စာသင်ပေးနေပြီး ကျောင်းသားတစ်သောင်းကျော် ပညာသင်ကြားနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့ပေါ်ကလွဲလို့ ကရင်နီလက်နက်ကိုင်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ရွာတွေမှာ ကျောင်းတွေ အများစုဖွင့်ထားနိုင်တယ်လို့ ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လွတ်မြောက်တဲ့ နယ်မြေဆိုလို့ မရှိပါဘူး။ လေယာဉ်ပျံတွေ အမြဲတမ်းသွားလာနေတော့ လွတ်မြောက်နယ်မြေလို့ မသတ်မှတ်ထားပါဘူး။ စာတော့သင်နေကြတယ် အခက်အခဲတွေအများကြီးရှိတယ်”
တိုက်ပွဲတွေကြား ထွက်ပြေးရင် စာသင်နေကြရတာမို့ ကျောင်းသားတွေဟာ တာလပတ်မိုးကာ အဆောက်အအုံတွေမှာ ဖြစ်သလို စာသင်နေကြရတာ ဖြစ်ပါတယ်။
ကျောင်းသားတွေအတွက် စာရေးကိရိယာနဲ့ စာအုပ်မလုံလောက်တာကြောင့် အခက်တွေ့နေရသလို၊ ဆရာ၊ ဆရာမတွေအတွက်လည်း သင်ထောက်ကူ ပစ္စည်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆို ပညာရေးဘုတ်အဖွဲ့အနေနဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနတို့နဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့ အကူအညီတွေရဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။