ဧရာဝတီမြစ်ရေ တက်နေတာကြောင့် မြစ်ကြီးနားမြို့ ရေဘေးကြုံနေ
2024.07.01
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဘက်မှာ မိုးအဆက်မပြတ် ရွာသွန်းနေပြီး ဧရာဝတီ မြစ်ရေ မြင့်တက်လာတာကြောင့် ဇွန်လ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့ ရပ်ကွက်တချို့ ရေကြီးရေလျှံ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီ မြစ်တစ်လျှောက်မှာရှိတဲ့ စီတာပူ၊ ကချင်စု၊ ကျွန်းပင်သာ၊ အလယ်ကုန်း၊ မလီယန်၊ ဇီးလွန်၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ ခေမာသီရိစတဲ့ရပ်ကွက်တွေ ရေကြီးနေတာပါ။
ဇူလိုင်လ ၁ ရက်နေ့ ဒီနေ့မှာလည်း ဧရာဝတီမြစ်ရေဟာ ဆက်လက်မြင့်တက်နေပြီး ရေကြီးရေလျှံဖြစ်နေတဲ့ ရပ်ကွက်တွေမှာ လူမှုကူညီရေးအသင်းတွေက ကူညီကယ်ဆယ်တာတွေ လုပ်ဆောင်နေပါတယ်။
ရေကြီးရေလျံဖြစ်ပြီး အိမ်ထဲမှာ ပိတ်မိနေသူတွေရှိနေသလို အများစုက ဘုန်းကြီးကျောင်းနဲ့ ကုန်းမြင့်ဘက်မှာရှိတဲ့ အသိမိတ်ဆွေတွေထံ ခိုလှုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးဦးစီးဌာနရဲ့ ဦးစီးအရာရှိ ဦးနိုင်လင်းထွေးကတော့ မြစ်ကြီးနားမြို့ရဲ့ ဧရာ၀တီမြစ်ရေဟာ ဇူလိုင်လ ၁ ရက် ဒီနေ့နေ့လယ် ၃ နာရီခွဲမှာ စိုးရိမ်ရေမှတ်အထက် ငါးပေခွဲဝန်းကျင်ကျော်လွန်ရောက်ရှိနေပြီလို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ဆက်လက်မြင့်တက်နေနိုင်တယ်လို့လည်း ဦးနိုင်လင်းထွေးက သတိပေးထားပါတယ်။