ကျိုရစ်ခ် (မြန်မာ) အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေနစ်နာနေတယ်လို့ဆို
အင်းစိန်မြို့နယ်က ကျိုရစ်ခ်(မြန်မာ) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
-
RFA Burmese
2024-01-03 -
-
-
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ကနောင်မင်းသားကြီးလမ်း၊ စက်မှုဇုန်အမှတ် (၄) မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင်၊ ကျိုရစ်ခ် (မြန်မာ) အထည်ချုပ်စက်ရုံ (ZHONGRUN (MYANMAR) GARMENT COMPANY LIMITED) မှာ အချိန်ပိုဆင်းခိုင်းပြီး လုပ်အားခမပေးတာတွေ၊ အချိန်ပိုမဆင်းရင်လည်း အလုပ်ထုတ်တာတွေရှိနေတယ်လို့ အဲဒီစက်ရုံက အလုပ်သမားတွေက RFA ကို ပြောပါတယ်။
လူဦးရေ ခုနစ်ဆယ်ရှိတဲ့အထည်ချုပ်လိုင်းမှာ ၁၀ နာရီအတွင်း အထည် ခြောက်ရာ ပြီးအောင် ချုပ်ကြရတဲ့အတွက် မပြီးတဲ့ရက်တွေမှာ အချိန်ပိုလုပ်ရပြီး လုပ်အားခမရဘူးလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ အလုပ်သမားတစ်ယောက်က ပြောပြပါတယ်။
"အထည်ချုပ်စက်ရုံ၊ ဂျာကင်စက်ရုံဆိုတော့ဗျာ တစ်နာရီကို အထည် ခြောက်ဆယ် ချုပ်ရပါတယ်၊ ၁၀ နာရီကို အထည် ခြောက်ရာချုပ်ရပါတယ်။ အဲဒီ ၁၀ နာရီအတွင်းမှာ အထည် ခြောက်ရာမပြီးဘူးဆိုရင် တစ်နာရီဆိုလည်း ဟုတ်တယ်၊ နှစ်နာရီဆိုလည်း ဟုတ်တယ်၊ အချိန်ပိုဆင်းရတယ်၊။ ခြောက်ရာပြည့်မှပြန်ရတယ်၊ မပြီးရင် မပြန်ရဘူး။ မပြည့်မချင်း ဆက်ချုပ်ရတယ်။ အဲဒီလိုဆင်းရတဲ့ အချိန်ပိုကြေးလည်း ခံစားခွင့် လုံးဝမရဘူး။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် အလုပ်ဆင်းပေးရတယ်။ တကယ်လို့ မဆင်းဘူးဆိုရင် နောက်နေ့ အလုပ်ထုတ်ခံရတာများပါတယ်။ ဘယ်သူ့ကို တိုင်လို့တိုင်ရမှန်းလည်း မသိပါဘူး၊ အလုပ်သမားရုံးကိုတိုင်တော့လည်း တိတိကျကျ ဖြေရှင်းပေးတယ်ဆိုတာလည်း မရှိပါဘူး"
အဲဒီစက်ရုံကို ၂၀၁၅ ခုနှစ် မတ်လ ၁၀ နေ့ကတည်းက ဖွင့်ခဲ့ပြီး၊ အလုပ်သမား တစ်ထောင်ကျော် ရှိပါတယ်။ အော်ဒါတွေလက်ခံပြီး ချုပ်လုပ်ပေးတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။ အလုပ်သမားတွေကတော့ တစ်နေ့ကို ပုံမှန်လုပ်အားခ ၄၈၀၀ နဲ့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ ထောက်ပံ့ကြေး တစ်ထောင်၊ စုစုပေါင်း တစ်နေ့ ၅၈၀၀ ကျပ်ပဲ ရကြတာလို့ ဆိုပါတယ်။
"ဘယ်သူ့ကို တိုင်လို့တိုင်ရမှန်းလည်း မသိပါဘူး၊ အလုပ်သမားရုံးကိုတိုင်တော့လည်း တိတိကျကျ ဖြေရှင်းပေးတယ်ဆိုတာလည်း မရှိပါဘူး"
အလုပ်ချိန်ထက်ပိုပြီးလုပ်ရတာကို စက်ရုံဘက်ကခိုင်းတာမဟုတ်ဘဲ အလုပ်သမားတွေရဲ့ သဘောဆန္ဒအတိုင်းလုပ်တာပါဆိုတဲ့ လက်မှတ်နဲ့ အကျပ်ကိုင်ထားတယ်လို့လည်း အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ယောက်က ပြောပါတယ်။
"သူတို့ဘက်က အထည်မပြည့်ရင် OT ခေါ်တယ်၊ ပိုက်ဆံမရဘူး။ အထည်ပြည့်တဲ့အချိန် မှ အိပ်ရတယ်၊ တစ်နေ့လုံး တစ်ညလုံးဆင်းရတယ်။ တနင်္ဂနွေနေ့ဆိုရင်လည်း ဆင်းရတယ်၊ တစ်ရက်မှ မပိတ်ဘူး။ တစ်ခါတလေကျရင် တစ်ပတ်ကို သုံးရက်လောက် ပဲ အိမ်ပြန်ရတယ်၊ စက်ရုံမှာ နေရတာများတယ်။ အထည်အရေအတွက် မပြည့်ဘူး ဆိုရင် ထမင်းလည်းမစားရဘူးပေါ့၊ ရေလည်းမသောက်ရဘူး၊ အဲဒါကတော့ သူတို့ဘက်က မစားခိုင်း၊ မသောက်ခိုင်းတာမဟုတ်ပါဘူး၊ သူတို့ပြောတာခံရမှာစိုးလို့ အလုပ်ဇောနဲ့ ထမင်းမစား၊ ရေမသောက်တာပါ။ အပေါ့အပါးဆိုလည်း ပြန်ခါနီးမှ တချိုးတည်းပြေးရတယ်၊ အထည်မပြည့်ရင် အပြောအဆိုခံရမယ်၊ ဖိနှိပ်ခံရမယ်။ ပြောရင် လည်း လူလိုမပြောဘူးလေ၊ ခွေးပြော၊ ဝက်ပြော ပြောတယ်။ အဲဒါတွေမခံနိုင်ကြလို့ ပင်းပန်းတာခံလိုက်မယ်၊ အပြောဆိုမခံနိုင်တဲ့အတွက် သူတို့ကခေါ်တာမဟုတ်ပါဘူး ဆိုတဲ့အကြောင်း စာရွက်မှာ လက်မှတ်ထိုးပေးထားရတယ်"
စက်ရုံမှာအလုပ်သမားသမဂ္ဂ မရှိသလို၊ သက်ဆိုင်ရာ အင်းစိန်မြို့နယ်က အလုပ်သမား ရုံးတွေကို တိုင်တာ မထူးခြားတာကြောင့် RFA ကို ပြောရတာဖြစ်တယ်လို့လည်း အလုပ်သမားတစ်ယောက်က ပြောပါတယ်။
"တရုတ်နိုင်ငံသားပိုင် ကျိုရစ်ခ် (မြန်မာ) စက်ရုံမှာ အလုပ်သမားတွေကို အမြဲတမ်း ဖိနှိပ်ခိုင်းစေပါတယ်၊ အမြဲတမ်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ပါတယ်၊ အလုပ်သမားတွေရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ ရသင့်ရထိုက်တဲ့ အလုပ်သမားတွေရဲ့ လုပ်အားခတွေကို လုံးဝမရပါဘူး။ အဲဒီလိုပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်"
အလုပ်သမားအများစုက နှုတ်ဆိတ်နေကြတာကြောင့် အခုလို မတရားမှုတွေ ကြီးထွားလာရတာလို့ သွေးစည်းညီညွတ်သောအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
"OT ဆိုတာက ဆင်းချင်မှဆင်း၊ မဆင်းချင်ရင် မဆင်းနဲ့။ စံချိန်ဆိုတာလည်း ပေးချင်ပေး၊ မပေးချင်ရင် မပေးနဲ့။ စံချိန်မပေးနိုင်လို့ အလုပ်ထုတ်တယ်ဆိုတာ ထုံးစံမရှိဘူး။ ဒါပေမဲ့ အလုပ်သမားက ကြောက်တယ်၊ ကြောက်တဲ့အခါကျတော့ လုပ်တယ်ပေါ့။ တစ်ထောင်ရှိ တစ်ထောင်လုံးက တုံ့ပြန်ဖို့လိုတယ်။ အဲလိုမဟုတ်ဘဲနဲ့ မျက်နှာရအောင်၊ Super က မျက်နှာသာပေးအောင်၊ လုပ်ငန်းခွင်ထဲကဟာတွေ နှုတ်ပိတ်နေမယ်ဆိုလို့ရှိရင် မတရားမှုကြီးက ကြီးသထက် ကြီးကြီးလာမှာ"
အလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံနေရတာနဲ့ပတ်သက်လို့ ကျိုရစ်ခ် (မြန်မာ) အထည်ချုပ် စက်ရုံမန်နေဂျာကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
အင်းစိန်မြို့နယ် အလုပ်သမားရုံး တာဝန်ရှိသူတစ်ယောက်ကတော့ စက်ရုံက တိုင်စာ တင်ထားတာမရှိသလို လက်ခံစာရင်းမှာလည်း မတွေ့ဘူးလို့ ပြောပါတယ်။
"အလုပ်သမားရုံးကပါ၊ လူမှုဖူလုံရေးကတော့မဟုတ်ဘူး။ ကျွန်တော့အရာရှိကို လာရင် မေးလိုက်ဦးမယ်ခင်ဗျ။ အခုက အစည်းအဝေးသွားနေတာ၊ ပြန်လာမှပဲ မေးလို့ရမှာ၊ တိုင်စာကလာလည်း မလာဘူး၊ တင်လည်း တင်မထားဘူး။ Labor စာရင်းမှာလည်း ဖော်မပြဘူး၊ ဝင်စာလည်းမရှိဘူး"
အချိန်ပိုလုပ်ခိုင်းပြီး လုပ်အားခမပေးတာဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေ သတိထားဖို့လိုတယ်လို့ ခုံသမာဓိကောင်စီဝင် - ဗဟိုရဲ့ အလုပ်သမား ကိုယ်စားလှယ် ဦးမောင်မောင်အေးက ပြောပါတယ်။
"ဒါက အလုပ်သမားကို အဓမ္မခိုင်းစေမှုမြောက်တယ်၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက် ၂၉ အရလည်း သွားထိတယ်လေ၊ ၂၉ က Forced Labor ပါ။ အဓမ္မခိုင်းစေမှု၊ အလုပ်ရှင်တွေဘက်က ဒါကိုသတိထားဖို့လိုတယ်။ နောက် သူတို့ပြောပြောနေတဲ့ No Work No Pay ပြောပြီးတော့ တကယ့်တကယ်ကျတော့ အလုပ်သမားတွေကို ခိုင်းပြီး အလုပ်သမားတွေက ရသင့်သလောက် မရကြဘူးလေ။ ဒါတော့မကောင်းဘူးပေါ့ဗျာ။ ဒါကို သက်ဆိုင်ရာမှာ ဆွေးနွေးဦးမှာပါ"
အဓမ္မလုပ်အားခိုင်းစေမှုမျိုးမဖြစ်အောင် အစိုးရတိုင်းက လုပ်ပေးရမယ့်တာဝန်လည်း ရှိတယ်လို့လည်း သူကပြောပါတယ်။
ILO ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက် အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားဦးရေ ၄၁ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ ဖော်ပြထားပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂၉.၅ ရာခိုင်နှုန်းပဲ နစ်နာကြေးရရှိကြပြီး အမျိုးသမီးတွေနဲ့ အသက် ၁၅ နဲ့ ၂၄ ကြား လူငယ်တွေကတော့ အမျိုးသားတွေနဲ့ ဝါရင့်အလုပ်သမားတွေ ထက် နစ်နာကြေးရတာ ပိုနည်းတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ထုတ်ပြန်ချက် အရ နိုင်ငံတစ်ဝန်း အထည်ချုပ်လုပ်ငန်းရှင်အသင်းဝင် စက်ရုံ ၈၁၇ ခုရှိပြီး အဲဒီအထဲက ၅၄၆ ရုံက လည်ပတ်နေပေမယ့် ကျန် ၂၇၁ ရုံက လည်ပတ်မှု ရပ်ဆိုင်းထားတယ်လို့ ဖော်ပြထားပါတယ်။
လည်ပတ်နေတဲ့ စက်ရုံ ၅၄၆ ခုထဲက စက်ရုံ ၃၁၁ ခုဟာ တရုတ်နိုင်ငံသားတွေပိုင်တဲ့ အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အဝတ်အထည်ထုတ်လုပ်တဲ့ ဖက်ရှင်အမှတ်တံဆိပ်လုပ်ငန်းတွေဟာ အလုပ်သမား အခွင့်အရေး ကာကွယ်ပေးဖို့ ပျက်ကွက်နေပြီး အခုနှစ် ဇူလိုင်လအထိ အမှု သုံးရာကျော်ရှိတယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့ဖြစ်တဲ့ Business & Human Rights Resource Centre (BHRRC) က နိုဝင်ဘာ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။