ဧည့်စာရင်းကိုကြောက်နေရတဲ့ ရန်ကုန်မြို့ပြက လူငယ်များ
ရန်ကုန်မြို့ရဲ့ လမ်းမတွေထက်မှာ အာဏာမသိမ်းခင် ညပိုင်းထိ စည်စည်ကားကားရှိခဲ့ပေမယ့် အခုဆို ညရှစ်နာရီကျော်တာနဲ့ လူခြေတိတ်ပြီး ခြောက်ကပ် နေပါတယ်။ အာဏာသိမ်း စစ်တပ်ဟာလည်း ညအချိန်တွေမှာ ဧည့်စာရင်းဝင်စစ်ပြီး လူငယ်တွေကို စိတ်ထင်တိုင်း အဓမ္မဖမ်းဆီးနေတယ်လို့ ရန်ကုန်က လူငယ်တွေက ပြောကြပါတယ်။
-
စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2021-10-06 -
-
-
"ဘယ်အချိန်ဝင်ဖမ်းမလဲ၊ ဘယ်အချိန်ဧည့်စာရင်းစစ်မလဲ၊ ဘယ်အချိန် ဘယ်အချိန်ဆိုတာကြီးကိုပဲ ကျနော်တို့က ကြောက်ရွံ့နေရတယ်။ ည ခြောက်နာရီ ထိုးလို့ မှောင်လာရင် အကြောက်ဆုံးပဲ။ နေ့လယ် နေ့ခင်းဆိုရင် ဝင်ဖမ်းရင် ပြေးလို့ရသေးတယ်။ သတင်းကြားရင် ရှောင်တိမ်းလို့ရသေးတယ်၊ ညမှောင်ရင်ကျရင်တော့ မာရှယ်လောဆိုပြီး ရှိသေးတယ်"
ဒါကတော့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အသက် ၂၅ နှစ်အရွယ် ရန်ကုန်မြို့ခံ လူငယ်တစ်ဦး ပြောပြသွားတာပါ။ ညအချိန်တွေမှာ စစ်ကောင်စီက ဧည့်စာရင်း ဝင်စစ်ပြီး လူငယ်တွေကို စိတ်ထင်တိုင်း အဓမ္မဖမ်းဆီးနေတာကြောင့် အမြဲကြောက်ရွံ့နေရတယ်လို့ ဆိုပါတယ်။
"ဧည့်စာရင်း စစ်တော့ ပုန်းအောင်းခဲ့ရတဲ့ထဲမှာ ကျနော်ကိုယ်တိုင်ပါတယ်၊ ကိုယ့်အိမ်မှာကိုယ်မနေဘဲ မီးတွေအကုန်ပိတ်၊ နောက်ဖေးချောင်ထဲတွေမှာ ပုန်းနေရတာလည်းရှိခဲ့တယ်"
လူငယ်သဘာဝ အရင်က လွတ်လွတ်လပ်လပ် ပျော်ပါးခဲ့တဲ့ အချိန်တွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ ပျောက်ဆုံးသွားခဲ့ရတယ်လို့ ရင်ဖွင့်ပြောပြပါတယ်။
"ကျနော်က ကျောင်းသား တစ်ယောက်ဖြစ်လို့ သောကြာနေ့လို ညနေမျိုးဆိုရင် သူငယ်ချင်းတွေ အားလုံးစုပြီး ဘားသွားထိုင်တာတို့ ဘာတို့ရှိတယ်။ အဲ့ဒီ အချိန်တွေဆို တစ်ညလုံးမပြန်ဘဲ နောက်နေ့မနက် လေးနာရီ၊ ငါးနာရီလောက်မှ ရန်ကုန်မြို့မှာ လမ်းလျှောက်ပြီး အိမ်ပြန်တာတွေ ရှိတယ်။ အဲ့ဒီ အချိန်တုန်းက ဘယ်သူမှမစစ်ဘူး။ ပြန်ချင်သလို ပြန်လို့ရတယ်၊ အခုကျတော့ အဲ့ဒီလို လုံးဝမဟုတ်ဘူး။ ညမိုးချုပ်ပြီဆိုတာနဲ့ လူငယ်တွေအနေနဲ့ အပြင် မထွက်ရဲလောက်အောင် ကြောက်ရွံ့နေတယ်။ လူငယ်တွေ မြင်ရင် ဒီကောင်တွေက ဖမ်းတယ်ဆိုတဲ့ သတင်း။ အဲ့ဒီသတင်းကြောင့် လူငယ်တွေက ဒီကောင်တွေ ရှိတဲ့ဘက်ကို မဖြတ်ရဲတာတွေ၊ အရင်ကဆို laptop တို့ဘာတို့ အပြင်သွားရင် အလုပ်လုပ်ဖို့ သယ်သွားတာမျိုးတွေ ရှိတယ်။ အပြင်မှာ အလုပ်ကိစ္စ လုပ်မယ်ဆိုပြီး၊ အခုဆိုရင်တော့ Laptop လည်း မယူသွားရဲဘူး။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေမှန်သမျှ အကုန်သိမ်းတယ်။ ဟုတ် ဟုတ်၊ မဟုတ် ဟုတ်လည်း ဖမ်းနေတာကြောင့် ရန်ကုန်မြို့ကြီးမှာတောင် မလုံခြုံသလို ခံစားနေရတယ်"
ရန်ကုန်မြို့မှာ မလုံမခြုံ ခံစားနေရတာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ စစ်အာဏာသိမ်းတဲ့ အစောပိုင်းကာလတွေမှာ ရန်ကုန်က လမ်းမပေါ်ထွက် ဆန္ဒပြခဲ့တဲ့ လူငယ်တိုင်းလိုလိုဟာ ညဘက်ဆိုရင် လာဖမ်းမလားဆိုတဲ့ စိုးရိမ်ပူပန်စိတ်နဲ့ နေနေရတာပါ။
နောက်ထပ် အမည်မဖော်လိုတဲ့ ရန်ကုန်က လူငယ်အမျိုးသမီးတစ်ဦးကတော့ စစ်အာဏာသိမ်းပြီးချိန်မှာ လူငယ်အမျိုးသမီးတွေအတွက် ပိုပြီးအန္တရာယ် များလာနေတယ်လို့ ပြောပါတယ်။
"ကားပေါ်မှာ ကားပေါ်မှာအလျောက် ကြောက်နေရတယ်။ အိမ်မှာလည်း အိမ်မှာမို့လို့ ဘယ်အချိန်တက်ပြီး ဆွဲမလဲ.... နိုင်ငံရေးမလုပ်သည့်တိုင်အောင် ကြောက်နေရတယ်။ သူတို့ မျက်စိကျရင် ကျသလိုလုပ်နေတယ်၊ မိန်းမသားတွေဘဝက ယောကျားသားတွေထက် ပိုလုံခြုံမှု ကင်းမဲ့နေတယ်"
အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ကြီးမှာတောင် အိမ်အပြင်ဘက်ထွက်ဖို့ တော်တော်လေး ခက်ခဲလာတာမို့ လူငယ်တွေက ပျော်ရွှင်စရာတွေ ဆုံးရှုံးပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်လာနေတယ်လို့လည်း သူက ပြောပါတယ်။
"ကျနော်တို့ဟာ ကျောင်းပြီးရင် ဆရာဝန်ကြီးဖြစ်ရမယ်။ ဆရာမကြီးဖြစ်ရမယ်ဆိုပြီး ရည်မှန်းချက်တွေ အကုန်ရှိကြတယ်။ ဒါပေမဲ့ လူငယ်တွေ ပထမဆုံး ဆုံးရှုံးသွားတာကတော့ ပျော်ရွှင်မှုပါ။ ဒီပျော်ရွှင်မှုတွေကို ဘယ်လိုမှ ပြန်ရှာလို့မရဘူး၊ ဘာမှလည်း လုပ်လို့မရ၊ အလုပ်လည်း ကောင်းကောင်းလုပ်လို့မရတဲ့ အခြေအနေ ဖြစ်နေတယ်၊ ပြင်ပနဲ့ အဆက်အသွယ်ပျက်တဲ့ လောက ဖြစ်လာတယ်၊ တစ်နေ့တစ်နေ့ အိမ်ထဲမှာပဲ နေနေရလို့ ဗဟုသုတလည်း ကင်းမဲ့လာတယ်"
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်ရဲ့ လမ်းမတွေထက်မှာ အာဏာမသိမ်းခင်ညပိုင်းထိ စည်စည်ကားကားရှိခဲ့ပေမယ့် အခုဆို ညရှစ်နာရီကျော်တာနဲ့ လူခြေတိတ်ပြီး ခြောက်ကပ်နေပါတယ်။ အဲ့ဒီလို ညအချိန်မှာ လမ်းပေါ်မှာ သေနတ်ကိုင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ အရပ်ဝတ် စစ်တပ်သတင်းပေးတွေကိုပဲ မြင်ရတယ်လို့ဆိုပါတယ်။
ဧည့်စာရင်းလိုက်စစ်ရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရိုင်းရိုင်းပြပြ ပြောဆိုဆက်ဆံတဲ့ ဗီဒီယိုတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ မြင်နေရပါတယ်။
ရန်ကုန်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ်လူငယ်တစ်ဦးကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုင်းပြနေတာကို အခုလိုပြောပြပါတယ်။
"စစ်ကောင်စီရဲ့ စစ်သားတွေ အများကြီးဝင်လာတယ်။ ရဲတွေဝင်လာတယ်။ ပြီးရင် စစ်တဲ့အိမ်က လူတွေကို ကောင်းကောင်းမွန်မွန်ပြောတာလည်း မဟုတ်ဘူး။ သူတို့က လေသံမာမာနဲ့ မင်းတို့က ဘာကောင်လဲ ငါတို့က ဘာကောင်လဲဆိုပြီး မင်းမဲ့စရိုက်ဆန်ဆန် သူတို့လက်ထဲမှာ အာဏာ၊ သူတို့လုပ်ချင်တိုင်း လုပ်မယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်"
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ လူငယ်တွေကို ညဘက်အချိန်တွေမှာ ထင်ရင်ထင်သလို ဝင်ဖမ်းတဲ့သတင်းတွေနေ့တိုင်း သတင်း စာမျက်နှာတွေမှာ တွေ့နေရတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG က စစ်ကြေညာပြီးနောက် အချိန် တစ်လနီးပါးအတွင်း မှာတင် ဖမ်းဆီးခံရတဲ့သူ ၈၀၀ နီးပါးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။ အများစုက လူငယ်တွေ ဖြစ်ပါတယ်။
ဒီလူငယ်တွေကို ဖမ်းပြီးရင်တော့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ ဆက်သွယ်တယ်၊ စစ်အာဏာဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်တယ်၊ တိုင်းရင်းသား ဒေသတွေကို သွားပြီး စစ်သင်တန်း တက်ရောက်ခဲ့တယ်၊ ဒေသခံ ခုခံကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်တယ် ဆိုတဲ့ စွပ်စွပ်ချက်တွေနဲ့ စွဲချက်တင် အမှုဖွင့် အရေးယူနေတာ ဖြစ်ပါတယ်။ တချို့ကိုတော့ ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးတာလည်း ရှိပါတယ်။
ဘာကြောင့် အာဏာသိမ်းစစ်ကောင်စီက လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာပါလဲ။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူငယ်တစ်ဦး ဆက်ပြောပြတာက .....
"ဒါတွေ စဖြစ်ကတည်းက ကျနော်တို့ လူငယ်တွေဟာ လမ်းမပေါ်စထွက်ခဲ့တယ်။ နောက်ပိုင်း ပစ်ခတ်တော့လည်း လူငယ်တွေက သေတဲ့အထိ ဆက်ဆန္ဒပြခဲ့ကြတယ်၊ အခုလည်း သူတို့ မတရားလုပ်တာ မခံနိုင်လို့ လူငယ်တချို့က လွတ်မြောက်နယ်မြေ သွားပြီး စစ်သင်တန်းတွေ သင်ယူတယ်၊ ရန်ကုန်ကို ပြန်လာပြီး သူတို့ကို ပြန်ခုခံကြတယ်၊ အဲ့ဒီမှာ စစ်ကောင်စီဘက်က အထိနာလာတဲ့အတွက် ကျနော်တို့ လူငယ်တွေကို လူငယ်မှန်သမျှ ဘယ်သူ့ကို မဆို ဖမ်းချင်နေတယ်၊ လူငယ်တွေက သူတို့ကို ဒုက္ခပေးတဲ့သူတွေလို့ အမြဲတမ်း ထင်နေကြတယ်"
ဒီလို ဖမ်းဆီးနှိပ်စက်ဖိနှိပ်ခံရမှုတွေ မျိုးစုံရှိနေပေမယ့်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရမယ်လို့ ခံယူထားတဲ့ လူတွေလည်း ရှိကြပါတယ်။ သူတို့ကတော့ ဒီတကြိမ်စစ်အာဏာသိမ်းမှုဟာ မြန်မာပြည်မှာ နောက်ဆုံးဖြစ်စေရမယ်ဆိုတဲ့ စိတ်နဲ့ ဒီကနေ့အထိ စစ်အာဏာရှင်ကို အကြမ်းမဖက် ဆန္ဒပြနည်းနဲ့ရော လက်နက်စွဲကိုင်တော်လှန်နည်းနဲ့ပါ ဆန့်ကျင်နေကြတာကို တွေ့နေရပါတယ်။