စစ်ကြောင်းထိုးလို့ ရေဦးနဲ့ ကန့်ဘလူက ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးရ

ကန့်ဘလူနဲ့ ရေဦးမြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းတွေခွဲပြီး ကျေးရွာတွေကို တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းနေပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း ကန့်ဘလူနဲ့ ရေဦးမြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းတွေခွဲပြီး ကျေးရွာတွေကို တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းနေပါတယ်။

ဒါကြောင့် ကန့်ဘလူမြို့နယ်က ကျေးရွာ ၁၅ ရွာ နဲ့ ရေဦးမြို့နယ်က ကျေးရွာ နှစ်ဆယ်နီးပါးက အရပ်သား နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တစ်ခါပြေးရင် သုံးရက်၊ ငါးရက် အဲဒီလိုပြေးရတာ။ စိတ်ချရတဲ့ အခြေအနေက မရှိဘူး"

ကန့်ဘလူမြို့နယ်မှာဆိုရင် အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ချပ်ကြီးရွာကို ဖေဖော်ဝါရီလ ၉ ရက် ညနေ ၄ နာရီကျော်မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက် မနက် ၇ နာရီမှာတော့ ချပ်ကြီးရွာဘေးက ပလူသာရွာကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီစစ်ကြောင်းကြောင့် ချပ်ကြီး၊ ပလူသာ၊ ညောင်ကုန်း၊ တမာကုန်း၊ အင်ငုတ်တို၊ တောင်ယာဆိပ်၊ အင်းသာ စတဲ့ ရွာပေါင်း ၁၅ ရွာက အရပ်သားတွေ တိမ်းရှောင်နေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ချပ်ကြီးကို မနေ့ကထိုးပြီဆိုတာနဲ့ ဒီဘက်က ရွာစဉ်တွေ အကုန် ထွက်ပြေးတိမ်းရှောင်နေရတာလေ။ ဘုန်းကြီးကျောင်းတွေမှာလည်း ဆွမ်းတွေဘုန်းမယ့်သူလည်း မရှိတော့ဘူး။ အဲဒါဆိုတော့ အကုန်လုံးက ဒုက္ခရောက်နေတာပေါ့။ သံဃာတွေလည်း တောထဲမှာပဲ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ ရွာက အဲဒီ ချပ်ကြီးနားဝန်းကျင်ကနေ ဒီဘက် ကိုးထောင်ဘို့အထိ အကုန်လုံးရွာစဉ်တွေဆိုရင် ၁၅ ရွာလောက်ရှိတယ်။ ဒီဘက်က ခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေက အကုန်လုံးထုတ်ထားတော့ အကုန်လုံး ထွက်ပြေးနေတယ်"

ဒေသခံတွေဟာ စစ်ကြောင်းနဲ့ ကင်းလွတ်တဲ့ တောတောင်တွေနဲ့ လျှိုတွေထဲမှာ ပုန်းခိုနေကြရတာလို့ သူက ပြောပါတယ်။

အလားတူ ရေဦးမြို့နယ်မှာလည်း ဘီလူးစစ်ကြောင်းလို့ နာမည်ကြီးတဲ့ အင်အား တစ်ရာကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ တစ်ရွာဝင်၊ တစ်ရွာထွက် စီးနင်းတိုက်ခိုက်နေပါတယ်။

ဒါကြောင့် ငြုတ္တုံ၊ ပြည်တော်၊ မုတ်စီ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ဇဝ၊ ရွာမိဿာ၊ မူးဆုံ၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ၊ ထန်းတော၊ ထန်းပင်ကုန်း၊ အင်တော၊ ကြာပန်းညိုနဲ့ ပခုံးထမ်းတင် စတဲ့ ရွာပေါင်း နှစ်ဆယ်က ဒေသခံတွေ ထွက်ပြေးနေရပါတယ်။

ဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၀ ရက် မနက်မှာ ရေဦးမြို့နယ် တိုင်းရင်းဆေးရုံဘက်ကို ဦးတည်ရွှေ့လျားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ထွက်ပြေးနေရတဲ့ အင်တောရွာ ဒေသခံ အမျိုးသမီးတစ်ဦးကတော့ သူတို့ဟာ တစ်လအတွင်း လေးကြိမ်လောက် ထွက်ပြေးခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

"ရွာက ပြောမယ်ဆို မနက်ဝင်လိုက်၊ ညနေထွက်လိုက်နဲ့ စိတ်ချရတဲ့ အခြေအနေ မဟုတ်ဘူး။ သူတို့ ဝင်ချင်တဲ့ချိန်ဝင်လာ၊ အဲလိုတွေဆိုတော့ အစ်မတို့က အေးအေးဆေးဆေး နေလို့လည်း မရဘူး။ ဒီနေ့ဝင်ပြီး၊ တော်ကြာ ပြန်ထွက်ချင်ထွက်ရတာ။ အခုဝင်ပြီး၊ တော်ကြာ ပြန်ထွက်ချင်ထွက်ရတာ။ အစ်မတို့က အမှန်တိုင်းပြောရရင် စစ်ဘေးက တော်တော်လေး ဒုက္ခရောက်တယ်။ တစ်လတောင် မပြည့်သေးဘူး လေးကြိမ် ပြေးရတယ်။ တစ်ခါပြေးရင် သုံးရက်၊ ငါးရက် အဲဒီလိုပြေးရတာ။ စိတ်ချရတဲ့ အခြေအနေက မရှိဘူး။ အထုပ်အပိုးပြင်ပြီး ထွက်ရပြန်ရော အဲလိုတွေပါကွယ်"

စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေရဲ့ လက်ဝတ်ရတနာနဲ့ ငွေကြေးအပြင် စားနပ်ရိက္ခာတွေကိုပါ ယူဆောင်တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဒေသခံတွေအတွက် စားနပ်ရိက္ခာအပြင် အမိုးအကာတွေ လိုအပ်နေတယ်လို့ ရေဦးမြို့နယ်က စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"လိုအပ်ချက်ကတော့ အဓိကက သူတို့ အခုချိန်မှာဆိုရင် ဆေးဝါးတို့၊ စားနပ်ရိက္ခာတို့ အဲဒါတွေကတော့ အဓိက လိုအပ်နေတာပေါ့။ ဘာလို့လဲဆိုရင် သူတို့ သွားရလာရတာကလည်း ဒီဘက်တွေက ဆိုင်ကယ်နဲ့ ရှောင်ရတာကို။ စစ်ရှောင်ပြီဆိုရင် ရှောင်တဲ့စရိတ်ကအစ ကုန်တော့တာလေ။ ငွေကြေးပေါ့ သူတို့ အဓိက လိုတယ်။ အဲဒီဘက်နယ်တွေမှာက တခြားဒေသတွေလို မဟုတ်ဘူး။ ရှောင်ပြီဆို လူလွတ်ပဲ ရုန်းတော့တာလေ။ ပစ္စည်းတွေ ဘာတွေက ဘယ်သူမှ မသယ်တော့ဘူး။ အခုနောက်ပိုင်းက လုပ်ချင်တာလုပ်ဆိုပြီး ပစ်ထားခဲ့တော့တာ။ လူလွတ်ပဲ ရုန်းပြီးတော့ ဆိုင်ကယ်နဲ့ပေါ့။ အဲလိုမျိုးတွေ ရှောင်ကြတာဗျ"

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: People's Defense Comrade)

အရင်က စစ်ကောင်စီတပ်တွေက ရွာတစ်ရွာကို တစ်ရက်သာ တပ်စွဲနေထိုင်ပေမယ့် ဒီနှစ်အတွင်း လေးရက်လောက် တပ်စွဲနေထိုင်တာကြောင့် တောတောင်တွေထဲ ဒေသခံတွေ တိမ်းရှောင်ရတဲ့ရက်တွေ ပိုပြီးကြာလာတယ်လို့ ပြောပါတယ်။

ဒီနောက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ စစ်ရေးနည်းဗျူဟာ ပုံစံသစ်နဲ့ ရွာတွေကို စီးနင်းနေတာလို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကြောင်းထိုးလာတဲ့အခါ ကျွန်တော်တို့ ကာထားတယ်ဆိုရင်တောင် အခြားတစ်နေရာက သွားတာမျိုးတွေရှိတယ်။ ဘယ်အပေါက်က ဘယ်လိုပြန်ပြန်ဝင်လာမှန်း မသိဘူး။ မနက်လင်းခါနီးပိုင်းတွေမှာ လှုပ်ရှားတယ်၊ ညပိုင်းတွေ လှုပ်ရှားတယ်။ တစ်ဖက်လူကို စစ်ပန်းအောင် လုပ်ပြီးတော့မှ သူတို့က လှုပ်ရှားတယ်။ သုံးရက်လောက်ထိုင်ပြီး အဲဒီသုံးရက်အတွင်း ကာလိုက်ပြီဆို အဲဒီသုံးရက်အတွင်း ပင်ပန်းသွားပြီ။ ပြန်ခေါက်လောက်တယ်ဆိုတဲ့ အနေအထားရှိမှ သူတို့ စစ်ကြောင်း နောက်တစ်ရွာ ပြန်ကူးတာ။ ဗျူဟာအပြောင်းအလဲ လုပ်လာတာ"

ကျေးရွာတွေကို ဝင်ရောက်စီးနင်းတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း၊ စစ်ကောင်စီ ပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်း ပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၂.၆ သန်း ကျော်အထိ ရှိလာပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org