အာဏာသိမ်းနောက်ဆက်တွဲ အခြေအနေသစ်ကို ပြည်သူတွေ အသားကျနေပြီလား
ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ် ဝန်းကျင်အတွင်း တိတ်ဆိတ် ခြောက်ကပ်သွားတဲ့ ရန်ကုန်မြို့ကြီးဟာ အခုချိန်မှာ အနည်းငယ် ပြန်စည်ကားလာပါတယ်။
- 2022-04-07
-
-
-
ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ဝန်းကျင်အတွင်း တိတ်ဆိတ် ခြောက်ကပ် သွားတဲ့ ရန်ကုန်မြို့ကြီးဟာ စစ်ကောင်စီက ညမထွက်ရအမိန့်ကို ပြန်လျှော့ပေးတာ၊ ဆယ်တန်းစာမေးပွဲတွေ ဖြေခိုင်းတာ၊ လေကြောင်းလိုင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်တာ၊ မကြာခင် ကျရောက်မယ့် ရိုးရာအတာသင်္ကြန်ကို စည်စည်ကားကား ကျင်းပဖို့ ကြိုးစားနေတာတွေ ကြောင့် အခုချိန်မှာ အနည်းငယ် ပြန်စည်ကားလာပါတယ်။ ဒါပေမဲ့ ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ ပုံမှန်အခြေအနေကို အပြည့်အဝ ပြန်ရောက်နေတာတော့ မဟုတ်ဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။
တိုင်းပြည်တည်ငြိမ်လာလို့ ပြန်စည်ကားလာတာမဟုတ်ဘဲ အာဏာသိမ်းနောက်ဆက်တွဲ အသစ်ဖြစ်လာတဲ့ အခြေအနေကို အသားကျအောင် ကြိုးစားနေထိုင်ကြတာလို့ RFA က တွေ့ဆုံမေးမြန်းခဲ့တဲ့ အလွှာမျိုးစုံ ပြည်သူတွေက ပြောပါတယ်။
ဗုံးကွဲမှုနဲ့ လုံခြုံရေးအရ စစ်ဆေးမေးမြန်း ဖမ်းဆီးမှုတွေကြောင့် အပြင်မထွက်ရဲ ပေမယ့် လည်း စားဝတ်နေရေးအတွက် ကိုယ့်အသက်ကိုယ်ရင်းပြီး ရုန်းကန်ရှာဖွေ နေရတာလို့ ရန်ကုန်မြို့အနှံ့ ကြုံရာကျပန်းအလုပ် လှည့်လည် လုပ်ကိုင်နေသူ ကိုမြ (အမည်လွှဲ) က RFA ကို ပြောပါတယ်။
“အစ်ကိုတို့က နယ်ကနေပြီး ရန်ကုန်မှာ လာအလုပ်လုပ်ရတာ။ မိသားစု စားဝတ်နေရေး အတွက် ရှာဖွေရတာပေါ့။ ဟိုနေရာ ဗုံးပေါက်လိုက်၊ ဒီနေရာ ဗုံးပေါက်လိုက်ဆိုတော့ အစ်ကိုတို့ အပြင်လည်း သိပ်မထွက်ရဲဘူး။ မထွက်ရဲပေမဲ့ မိသားစု စားဝတ်နေရေးလည်း ရှိနေတော့ လူတွေလည်း နည်းနည်း အပြင်ပြန်ထွက်လာကြပြီ။ နည်းနည်းလေး ပြန်စည်လာချိန်မှာ အစ်ကိုတို့လည်း ကိုယ့်အသက်ကိုယ် မနှမြောဘဲနဲ့ မိသားစုဝမ်းရေး အတွက် ဖြေရှင်းဖို့ကို အပြင်ထွက်ပြီး ရုန်းကန်ရှာဖွေ စားသောက်နေရတာ”
စစ်ကောင်စီက တိုင်းပြည် ပြန်လည်တည်ငြိမ်နေပြီ၊ ပြည်သူတွေ နေ့စဥ် ပုံမှန်ဘဝကို ပြန်ရောက်ပြီး မြို့တွေ စည်ကားနေပြီဆိုတာကို ပြသချင်တာကြောင့် အရင်က ည ၁၀ နာရီကနေ မနက် ၄ နာရီ အထိ ညမထွက်ရ အမိန့် သတ်မှတ်ထားရာကနေ မကြာသေး ခင်ကပဲ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ပြောင်းလဲခဲ့ပါတယ်။
ဒီပြောင်းလဲချက်ကြောင့် ဘီယာဆိုင်တွေမှာ လူငယ်တချို့ကို ညဘက် တွေ့ရပေမယ့် အရင်လို ပုံမှန်စည်ကား နေတာမျိုးတော့ မဟုတ်ဘူးလို့ ရန်ကုန်တစ်မြို့လုံးအနှံ့ အငှားယာဥ် ပတ်မောင်းနေတဲ့ ကိုမြင့်ကျော်ဦးက ပြောပါတယ်။
“ တကယ်က ကာဖျူး ၁၂ နာရီဖြစ်သွားပေမယ့်လို့ ညဘက် ဘီယာဆိုင်တွေ၊ ဘားတွေမှာ သွားတယ်ဆိုတာ သူ့ကိုယ်ပိုင် အချိတ်အဆက်ရှိတဲ့ သူတွေပဲ သွားကြ၊ လာကြတာ ဆိုတော့လေ အပြင်ကို သွားတဲ့ လာတဲ့သူ နည်းတယ်ဗျ။ အဲဒီ ဘီယာဆိုင်တွေမှာလည်း အထိုင်တွေ ရှိပြီးသားဆိုတော့ သူ့ဖောက်သည်နဲ့သူပဲ သွားလာကြတာပေါ့။ နောက်တစ်ခု က အပြင်မှာက သူ့မယုံရ၊ ကိုယ့်မယုံရ အတိုင်းအတာမျိုး ရှိတယ်ပေါ့နော်။ တခြား ကိစ္စတွေလည်း ရှိနေသေးတော့ ကိုယ့်နီးစပ်ရာ တက္ကစီတွေနဲ့ပဲ သွားကြတယ်။ နီးစပ်ရာ ကိုယ်ပိုင်ကားတွေနဲ့ စုပြီး သွားကြတာ မျိုးတွေပဲ ရှိကြတယ်ပေါ့နော်။ များသောအားဖြင့် ပြည်သူတွေက သိပ်ပြီး မသွားကြပါဘူးဗျ။ ဒါ သူတို့ သုံးနိုင်သူတွေပဲ ဒီလောက် စီးပွားရေး အကျပ်အတည်းမှာ သုံးနိုင်တဲ့သူတွေလောက်သာလျှင် ဒီဆိုင်တွေမှာ သွားလာနေကြတာပါ ”
သူကိုယ်တိုင်လည်း နှစ်ဆကျော်မြင့်တက်သွားတဲ့ စက်သုံးဆီစျေးနဲ့ လုံခြုံရေး အားနည်းတဲ့ ကာလထဲ မိသားစု စားဝတ်နေရေးအဆင်ပြေဖို့ သတိထားပြီး နေ့စဥ် ကားမောင်း နေရတယ်လို့ ကိုမြင့်ကျော်ဦးက ဆိုပါတယ်။
အာဏာသိမ်း တစ်နှစ်ကျော်လာချိန်မှာ ရန်ကုန်မြို့ကြီး အနည်းငယ် ပြန်စည်ကားလာ ပေမယ့် ကုန်စျေးနှုန်းတက်ပြီး လုံခြုံရေးလည်း စိတ်မချရတာကြောင့် အရောင်းအဝယ် မကောင်းဘူးလို့ တောင်ဥက္ကလာပ နန္ဒဝန်စျေးမှာ ကုန်စိမ်းရောင်းနေတဲ့ မအေး (အမည်လွှဲ) က ပြောပါတယ်။
“အရင်တုန်းက ရောင်းရတာ လူတွေလည်း စည်တယ်။ စီးပွားရေးအခြေအနေလည်း ကောင်းတယ်။ ရောင်းရတာက သူ့ဟာနဲ့သူ ပုံမှန်လည်ပတ်တယ်။ အခုက စီးပွားရေး ကုန်ဈေးနှုန်းကလည်း အရင်ကထက်စာရင် တက်တယ်။ ရောင်းရတာလည်း ဈေးထဲမှာ လူမရှိဘူး။ အရောင်းအဝယ် ပါးတာပေါ့ ”
အရောင်းအဝယ်တွေ ပြန်ကောင်းဖို့ဆိုရင် အခြေခံလူတန်းစားတွေရဲ့ အလုပ်အကိုင် အဆင်ပြေမှုအပေါ်မှာ မူတည်နေတယ်လို့လည်း သူက ဆိုပါတယ်။
"ကိုယ့်အသက်ကိုယ် မနှမြောဘဲနဲ့ မိသားစုဝမ်းရေး အတွက် ဖြေရှင်းဖို့ကို အပြင်ထွက်ပြီး ရုန်းကန်ရှာဖွေ စားသောက်နေရတာ"
စစ်အာဏာသိမ်းမှုမဖြစ်ခင် တစ်နှစ်ကျော်ကတည်းက ကိုရိုနာကပ်ရောဂါကြောင့် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်မှာ နေ့စဥ်စားဝတ်နေရေးအပါအဝင် အထွေထွေ အကျပ်အတည်းနဲ့ ရင်ဆိုင် နေကြရတာပါ။
အာဏာသိမ်းပြီးတဲ့နောက်မှာ ကုန်စျေးနှုန်းက နှစ်ဆတက်သွားပေမယ့် အလုပ်အကိုင်က ပိုရှားသွားတယ်လို့ ရန်ကုန် ဘုရင့်နောင်စျေးက ကုန်ထမ်းအလုပ်သမား ကိုဌေးဝင်းက RFA ကို ပြောပါတယ်။
“ကွာခြားတာပေါ့၊ လုပ်ငန်းတွေက အဆင်မပြေတော့ဘူး။ သွားရေး လာရေး ကားခ ဆိုလည်း အရင်တုန်းက ၂၀၀ ဆိုရင် သွားလို့ရတယ်။ အခုက ၂၀၀ နဲ့ သွားမရတော့ဘူး။ ၃၀၀ ကျပ် ဖြစ်သွားပြီ။ အောက်ဆိုက်ကားဆိုရင် ၅၀၀ လောက်။ အလုပ်ကျတော့လည်း အရင်က ပန်းရန်လည်း လုပ်တယ် အဆင်မပြေဘူး။ အဲဒါကြောင့် လှည်းလာ တွန်းနေ တာ။ ရတဲ့အခါလည်း ရတာပေါ့၊ မရတဲ့အခါလည်း မရဘူးပေါ့ ”
သူဟာ အရင်က ရန်ကုန်မြို့ ဆောက်လုပ်ရေးဆိုက်တစ်ခုက ပန်းရန်ဆရာတစ်ယောက် ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် NLD အစိုးရလက်ထက်မှာ လုပ်ကိုင် ခဲ့တဲ့ ပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်း အတော်များများ ရပ်ဆိုင်းသွားတာမို့ အလုပ်ပြုတ် ပြီး အခုတော့ ဘုရင့်နောင်စျေးမှာ ကုန်စိမ်းထမ်းနေရတာပါ။
စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကတော့ ရန်ကုန်ဟာ လာမယ့် သင်္ကြန်ကာလ အလွန်မှာ အရင်အခြေ အနေတွေထက်တော့ အနည်းငယ် ပိုကောင်းလာမယ်လို့ မျှော်လင့်ကြောင်း RFA ကို ပြောပါတယ်။
“ ရုံးတွေ၊ ဘဏ်တွေ ပြန်ပြီး လည်ပတ်လာတယ်ပေါ့နော်။ နောက် ကျောင်းတွေလည်း ပြန်ဖွင့်တယ်။ အခုဆိုရင် ၁၀ တန်း စာမေးပွဲဖြေတာပေါ့နော်။ တစ်ဖက်မှာလည်း ကာဖျူးကို လျှော့လိုက်တယ်။ စားသောက်ဆိုင်တွေကလည်း ပုံမှန်ပြန်ဖွင့်လာတယ်။ လာမယ့် နှစ်ဆန်း တစ်ရက်နေ့မှာလည်း International Flight ကို ခွင့်ပြုမယ်ပေါ့နော်။ သူ့ဟာသူ ပုံမှန် Tourists ပြန်လည်ဝင်ရောက်လာနိုင်တယ်ပေါ့နော်။ အနေအထားအရ ပြောရရင်တော့ အားလုံးကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကထက်စာရင် သင်္ကြန်နှစ်သစ်ကူး ပြီးရင် ပိုကောင်းလာမယ်လို့ မျှော်လင့် ထားကြတာပေါ့ ”
လူတွေဟာ ကျပ်တည်းမှုနဲ့ မလုံခြုံမှု အခြေအနေသစ်ကို ယဥ်ပါးအောင် ကြိုးစားနေထိုင်ပြီး နေ့စဥ်ဘဝကို ဖြတ်သန်းနေကြတာလို့လည်း ဒေါက်တာစိုးထွန်းက ဖြည့်စွက်ပြောဆို ပါတယ်။
အာဏာသိမ်းနောက်ဆက်တွဲ နိုင်ငံတကာရဲ့ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေအပြင် နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေး ပြဿနာတွေနဲ့ လျှပ်စစ်မီး ပုံမှန်မရတာတွေကြောင့် ပြည်တွင်း အသေးစား၊ အလတ်အစား၊ စီးပွားရေးလုပ်ငန်းတွေ အရှုံးပေါ်ပြီး ချေးငွေပြန်မဆပ်နိုင်တာ၊ လုပ်ငန်းရပ်ဆိုင်းရတာတွေလည်း များလာတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အလုပ်အကိုင် ရှားပါးမှု၊ ဥပဒေစိုးမိုးရေး ကင်းမဲ့ပြီး ခိုးဆိုးလုယက်မှု၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအရ မျက်ခြည်မပြတ် စောင့်ကြည့်မှု၊ သံသယနဲ့ ဖမ်းဆီး စစ်ဆေးမှုတွေကြောင့် နေ့စဥ်သတိထား သွားလာ နေထိုင်ရပါတယ်။
စားဝတ်နေရေးအတွက် မဖြစ်မနေ ရုန်းကန်နေရတဲ့ ပြည်သူတွေဟာ နေထိုင်မှုပုံစံ အသစ်ထဲမှာ အသားကျအောင် ကြိုးစားနေထိုင်ကြပေမယ့် လက်ရှိအခြေအနေဟာ ပြည်သူတွေ အချိန်မရွေး အဖမ်းခံရနိုင်၊ အသတ်ခံရနိုင်တဲ့ အနေအထားအောက်ကတော့ မလွတ်မြောက်သေးဘူးလို့လည်း RFA က တွေ့ဆုံမေးမြန်းခဲ့တဲ့ ရန်ကုန်မြို့ခံတွေက ပြောပြကြပါတယ်။