ရှမ်းမြောက်တိုက်ပွဲ ရခိုင်အထိ ကျယ်ပြန့်လာမလား
2023.11.08
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့ပြီး စစ်ရေးပြင်ဆင်မှုတွေ၊ လှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့ ရက္ခိုင့်တပ်တော် (AA) ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ ၇ ရက် မနေ့ညက ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဆောင်ရွက်နေချိန်မှာပဲ အခုလို လှုပ်ရှားမှုတွေ ရှိလာတာလို့ ဆိုပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့က စစ်ကောင်စီတပ်က ရသေ့တောင်မြို့နယ် အငူမော် ဆိပ်ကမ်းကနေတစ်ဆင့် မောင်တောဒေသဘက်ကို လူအင်အားတွေ ပို့နေတာ တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အငူမော် ဒေသခံ မျက်မြင်တစ်ဦးက RFA ကိုပြောပါတယ်။
“သင်္ဘောကြီးတစ်စီးက မေယုမြစ်ဝက ဝင်လာပြီးတော့ ကျွန်တော်တို့ အငူမော်ဆိပ်ကမ်းမှာ ကပ်တယ်။ ပြီးတော့ အင်အားကတော့ လေးရာကျော် ငါးရာနီးပါးလောက် ရှိမယ်။ ကားအစီး နှစ်ဆယ် သုံးဆယ်လောက်က လာပြီး ပစ္စည်းပစ္စယတွေ တင်ပြီးတော့ မောင်တောဘက်ကို တက်သွားတာ မြင်လိုက်ရတယ်”
“ရခိုင်ဒေသမှာလည်း တိုက်ပွဲဖြစ်လာမယ့် အလားအလာတွေ တွေ့နေရတယ်”
ပုဏ္ဏကျွန်းမြို့နယ်မှာတော့ ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ ULA က ဒေသခံတွေကို ဗုံးခိုကျင်းတွေ အဆင်သင့် တူးထားကြဖို့ သတိပေးထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကိုပြောပါတယ်။
“အာရက္ခ အမျိုးသား အဖွဲ့ချုပ်အနေနဲ့ တိုက်တွန်းထားတာတွေ ရှိတယ်။ ကိုယ့်အသက် အန္တရာယ်တွေ မဆုံးရှုံး မနစ်နာအောင် ကတုတ်ကျင်းတွေ တူးပြီးတော့ သေသေချာချာ ကိုယ့်ဟာနဲ့ကိုယ် ပြင်ဆင်ထားဖို့ အဲဒါ အသိပေးထားတော့ရှိတယ်။ ကျန်တဲ့ဟာက ဘာမှပြင်ဆင်လို့လည်း ရမှာမဟုတ်ဘူး။ ကိုးလပိုင်းအစ ကိုးလပိုင်းလောက်ကနေ ကျွန်တော်တို့မှာ ပြောထားတာရှိတယ်”
ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြားမြို့နယ်တွေမှာလည်း ဗုံးခိုကျင်းတွေ တူးထားကြဖို့ ရက္ခိုင့်တပ်တော်ရဲ့ ULA အဖွဲ့ က ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရော ရက္ခိုင့်တပ်တော် (AA) ကပါ စစ်ရေးအတွက် ပြင်ဆင်တာတွေ ရှိနေတာကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်မီးဟာ ရခိုင်ဒေသအထိ ကူးစက်လာနိုင်ခြေရှိတယ်လို့လည်း ရသေ့တောင်မြို့နယ်မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရှမ်းမြောက်မှာဖြစ်နေတဲ့ တိုက်ပွဲကတော့ ရခိုင်ကိုတော့ ကူးစက်မယ်လို့တော့ ထင်နေကြတာပါပဲ။ အနီးစပ်ဆုံး ဖြစ်နိုင်ခြေတော့ ၇၅ ရာနှုန်းလောက် ရှိတယ်လို့။ အခုက နှစ်ဖက်။ စစ်ကောင်စီတပ်ကလည်း စစ်ဆင်လာတာရှိသလို အေအေဖက်ကလည်း စစ်ရေးပြင်ဆင်လာတာတွေ ရှိတယ်။ တစ်ဖက်ကလည်း စစ်ကောင်စီက နည်းနည်း အသွား အလာလေးတွေ ကန့်သတ်တာလေးတွေ ရှိတယ်။ နောက်ပြီး ကုန်ပစ္စည်းတွေကို ကန့်သတ်တာတွေ ရှိတယ်”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာလ ၂၆ ရက်နေ့ကစလို့ ယာယီ အပစ်အခတ် ရပ်စဲထားတာပါ။ နှစ်ဖက် သဘောတူညီချက်တွေထဲမှာ ပိတ်ဆို့ကန့်သတ်ထားတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပြန်ဖွင့်ပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်သူတွေကို ပြန်လွှတ်ရေးအချက်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်က ကတိကဝတ်တွေကို ချိုးဖောက်တာတွေ ရှိခဲ့သလို လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းတာတွေပဲ ဆောင်ရွက်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဗီဒီယို အွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခက ပြောဆိုခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ ရဲ့ စစ်ဆင်ရေးနဲ့အတူ ရခိုင်ဒေသမှာလည်း တိုက်ပွဲဖြစ်လာမယ့် အလားအလာတွေ တွေ့နေရတယ်လို့ ရခိုင်ဝါရင့် နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ဦးဖေသန်းက သုံးသပ်ပါတယ်။
“ဒီဘက်မှာလည်းပဲ စစ်ဆင်ရေးတွေ လုပ်လာတယ်။ စစ်ဆင်ရေးတွေအနေနဲ့ လက်နက် စမ်းသပ်ပစ်ခတ်တာတွေ လုပ်လာတယ်။ အစစ်အဆေးတွေ ကြမ်းတာတွေ လုပ်လာတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ဆိုတော့ ခြုံပြီးပြောရရင်တော့ ဒီလာမယ့်တိုက်ပွဲတစ်ခု ဖြစ်လာနိုင်ခြေရှိတယ်ဆိုတာ နှစ်ဖက်စလုံးက အဲဒီလို သဘောထား ရှိကြတယ်။ ဒါကြောင့်လည်းပဲ သူတို့ ခံကတုတ်တွေကို အခိုင်အမာ လုပ်တာတို့ စစ်ရေးပြင်ဆင်မှုတွေ လုပ်ထားကြတယ်ပေါ့။ စစ်ကောင်စီဖက်က အဲဒီလို တင်းတင်းကျပ်ကျပ် လုပ်လာတဲ့အပေါ်မှာလည်း ဒါစစ်ရေးအရ ဒီဘက်ကလည်း ပြန်ပြီးတော့ လက်တုံ့ပြန်ခြေ ရှိလာနိုင်တာပေါ့။ ခြုံပြီးပြောရရင်တော့ ဖြစ်လာနိုင်တယ်။ နှစ်ဖက်စလုံးက တင်းမာတဲ့ အနေအထားမျိုးရှိတယ်။ စစ်ရေးကိုပြင်ဆင်ထားတဲ့ အနေအထားမျိုးလို့ ပြောချင်ပါတယ်”
ဒေသခံတွေကတော့ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့ရင် စိုက်ပျိုးထားတဲ့ စပါးတွေကို ပြန်မရိတ်သိမ်းနိုင်လိုက်မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ စပါးတွေကို မရိတ်သိမ်းနိုင်ခဲ့ရင် ဒေသခံတွေ အခက်အခဲ ပိုကြုံလာရနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
“မိုခါနဲ့လည်း ဒုက္ခရောက်နေတယ်ဆိုတော့ စပါးတွေ ဘာတွေတော့ နည်းနည်း ရိတ်သိမ်းလိုက်ချင်တာပေါ့။ အဲဒီလောက်ပါပဲ။ အဓိက ကတော့ ဒီရခိုင်မှာက စစ်ဖြစ်မယ်ဆိုတယ်။ အခက်အခဲဒုက္ခဆိုတာကတော့ ရခိုင်တွေအတွက်တော့ သိပ်မထူးဆန်းတော့ပါဘူး”

ရခိုင်ဒေသက စစ်ရေးအခြေနေတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒီကိစ္စအပေါ် သူတို့အနေနဲ့ တစ်စုံတစ်ရာ ထုတ်ပြောဖို့မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
နိုဝင်ဘာလ ၇ ရက် မနေ့ကတော့ မြောက်ဦးမြို့မှာ အရပ်ဘက်ကားနဲ့ လှည့်လည်သွားလာတဲ့ စစ်ကောင်စီဩဇာခံ ရဲတပ်ဖွဲ့ဝင်အချို့ကိုတော့ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ ထုတ်ပြန်ပြောဆိုချက်အပြင် ရခိုင်ဒေသက အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာလည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကစပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။ အဲဒီ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ဒေသခံတွေထဲက လူပေါင်း ငါးသောင်းကျော်ဟာ ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောဆိုထားပါတယ်။