အရေးပေါ်အခြေအနေကြေညာချိန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁၃ ဦိးရှိ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို နိုင်ငံတကာစိုးရိမ်ဖွယ် အရေးပေါ် အခြေအနေအဖြစ် ကြာသပတေးနေ့ ညနေမှာ သတ်မှတ်ကြေညာလိုက်ပါပြီ။

တရုတ်ပြည်ကနေ ပြန်ဝင်လာသူများကို မူဆယ်နယ်စပ်ဂိတ်မှာ Thermal Scanner နဲ့ ၂၀၂၀ ဇန်နဝါရီ ၂၈ ရက်နေ့က စစ်ဆေးစဉ် Photo: Kan Thar/RFA

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို နိုင်ငံတကာစိုးရိမ်ဖွယ် အရေးပေါ် အခြေအနေအဖြစ် ကြာသပတေးနေ့ ညနေမှာ သတ်မှတ်ကြေညာလိုက်ပါပြီ။

ဒီဗိုင်းရပ်စ် အဆုပ်ရောင်ရောဂါ ကြောင့် တရုတ်ပြည်မှာ သောကြာနေ့ မနက်ပိုင်းအထိ သေဆုံးသူ အနည်းဆုံး ၂၁၃ ဦးရှိပြီး ကမ္ဘာတဝန်း ကူးစက်သူ ၉၈ဝဝ ခန့်ရှိလာနေချိန်မှာ WHO က အခုလို ကြေညာလိုက်တာပါ။

တရုတ်ပြည်က ပြန်လာသူတွေကတဆင့် တခြားကမ္ဘာ့နိုင်ငံ ၁၈ ခုမှာ လတ်တလော ကူးစက်ဖြစ်ပွားနေသူ ၈ဝ ကျော်ရှိပါတယ်။ အဲဒီနိုင်ငံခြားတိုင်းပြည်တွေမှာတော့ အခုအချိန်ထိ သေဆုံးသူ မရှိသေးပါဘူး။  တရုတ်ပြည်မှာ လက်ရှိ ဒီဗိုင်းရပ်စ်ကူးစက်နေသူအဖြစ် သံသယရှိတဲ့အတွက် စစ်ဆေးနေဆဲ လူနာဦးရေ ၁၂ဝဝဝ ကျော်ရှိနေသေး တယ်လို့ WHO က ထုတ်ပြန်ထားချက်အရ ဖြစ်ပွားသူအရေအတွက် ထပ်မံတိုးပွားလာမယ်လို့ ယူဆရပါတယ်။

အခုကြေညာချက်အရ WHO အနေနဲ့ ကမ္ဘာ့နိုင်ငံတွေကို ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ထိန်းချုပ်ရေး၊ ဆေးဝါး စမ်းသပ်ရေးနဲ့ ဖြန့်ဖြူးရေးလုပ်ငန်းတွေမှာ ကူညီမှာဖြစ်ပါတယ်။ တပြိုင်နက်မှာပဲ တရုတ်ပြည်အပါအဝင် နိုင်ငံ အားလုံး ဒီဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံး WHO ကို အသိပေးဖို့ တာဝန်ရှိကြောင်း သတိပေးလိုက်ပါတယ်။

WHO ညွန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus မစ္စတာ ဂယ်ဘရိုက်စပ် က အခုလို အရေးပေါ် အခြေအနေကြေညာရတဲ့ အဓိကအချက်က ကျန်းမာရေးစနစ်အားနည်းတဲ့ တခြားနိုင်ငံတွေကို ဒီဗိုင်းရပ်စ်ကူးစက် ပြန့်ပွားခဲ့ရင် မနိုင်မနင်းဖြစ်မှာကို စိုးရိမ်ရတဲ့အတွက်ပါပဲလို့ ပြောပါတယ်။

လတ်တလောမှာ တရုတ်နဲ့ နယ်နမိတ်ခြင်း ဆက်စပ်နေတဲ့နိုင်ငံတွေ အထူးသတိထားဖို့လိုပါတယ်။ ရုရှားနိုင်ငံက သူတို့နိုင်ငံနဲ့ မိုင် ၂၆ဝဝ ဆက်စပ်နေတဲ့ တရုတ်နယ်စပ်တလျှောက်လုံးကို အခု ပိတ်ထားလိုက်ပါပြီ။   အလားတူ မွန်ဂိုလီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံတွေကလည်း တရုတ်ပြည်နဲ့ သူတို့နယ်စပ်တွေကို ပိတ်ထားပြီးပြီ ဖြစ် ပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေအနက် ထိုင်းနိုင်ငံမှာ ဒီဗိုင်းရပ်စ်တွေ့ရှိသူ ၁၄ ဦး ရှိတဲ့အတွက် အများဆုံးဖြစ်ပါတယ်။  တရုတ်နိုင်ငံနဲ့ ကူးလူးဆက်ဆံမှု အလွန်များတဲ့ မြန်မာနိုင်ငံမှာ တရားဝင်စာရင်းတွေအရ ဒီဗိုင်းရပ်စ်ကူးစက်သူ မရှိသေးပေမယ့် အင်မတန်စိုးရိမ်ရတယ်လို့ အမေရိကန်ပြည်ထောင်စုရှိ ဆရာဝန် ဒေါက်တာ ဦးတင့်ဆွေက ပြောပါတယ်။

ဆေးပညာရှင်တွေ အဓိက စိုးရိမ်နေကြတဲ့အချက်က တရုတ်ပြည်ကနေ ဒီ ဗိုင်းရပ်စ် ရရှိလာသူတွေထံကတဆင့် ကမ္ဘာတဝန်း ထပ်မံကူးစက်မယ့်အချက်ပါပဲ။ ဒီ ဗိုင်းရပ်စ်ဟာ ကူးစက်ဖြစ်ပွားတဲ့ လက္ခဏာတွေ မပေါ်သေးခင် ရောဂါပျိုးတဲ့အဆင့်မှာပဲ  တခြားသူတယောက်ကို ကူးစက်သွားနိုင်တယ်လို့ တရုတ်ပညာရှင်တွေက ပြောတဲ့ အတွက် ဒါဟာလည်း သတိထားရမယ့်အချက်ဖြစ်တယ်လို့ ဒေါက်တာ တင့်ဆွေ ကပြောပါတယ်။

ဗုဒ္ဓဟူးနေ့အထိ နိုင်ငံခြား တိုင်းပြည်တွေမှာ ဒီဗိုင်းရပ်စ်ကူးစက်နေကြောင်း တွေ့ရှိရသူအားလုံးဟာ တရုတ်ပြည်က ပြန်လာသူတွေဖြစ်ပေမယ့် မနေ့က ကြာသပတေးနေ့မှာတော့ တရုတ်ပြည်က ပြန်လာတဲ့ အမေရိကန် နိုင်ငံသူ တဦးထံကနေ သူမရဲ့ ခင်ပွန်းကို ကူးစက်နေကြောင်း ပထမဆုံးအကြိမ် တွေ့ရှိရပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန်လေကြောင်းလိုင်းတခုဖြစ်တဲ့ American Airlines ( AA ) လေယာဉ်မှူးတွေက တရုတ်ပြည်ကို ပျံသန်းနေတဲ့ ခရီးစဉ်အားလုံး ရပ်ဆိုင်းဖို့ သူတို့ ကုမ္ပဏီကို မနေ့က တရားစွဲတောင်းဆိုလိုက် ပါတယ်။ တခြား အမေရိကန်လေကြောင်းလိုင်းတွေဖြစ်ကြတဲ့ United နဲ့ Delta လေကြောင်းလိုင်းတွေက တရုတ်ပြည်ခရီးစဉ်တွေကို ရပ်ဆိုင်းပြီးဖြစ်ပေမယ့် AA က အကန့်အသတ်နဲ့ ဆက်လက်ပျံသန်းနေလို့ ဖြစ်ပါတယ်။  အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနက တရုတ်ပြည်ကို မလွဲမရှောင်သာသူတွေမှအပ သွားလာခြင်း မပြုကြပါနဲ့လို့ အကြံပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org