လက်နက်ကြီးနဲ့ မိုင်းကြောင့် တစ်ရက်အတွင်း ဒေသခံတစ်ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ

စစ်ကိုင်းနဲ့ ကရင်မှာ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် ဇူလိုင် ၂၉ ရက်နေ့ တစ်ရက်တည်းမှာပဲ တစ်ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မုံရွာမြို့နယ်၊ မအူကျေးရွာရှိ နေအိမ်တစ်လုံးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်မှာ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်း ကြောင့် ဇူလိုင်လ ၂၉ ရက်နေ့ တစ်ရက်တည်းမှာပဲ အသက်မပြည့်သေးတဲ့ ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး အရပ်သား ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ထီးချိုင့်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ လက်နက်ကြီး ကြောင့် တစ်ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ပြီး  ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ တော့ မြေမြှုပ်မိုင်းကြောင့် ဒေသခံသုံးဦး ဒဏ်ရာရရှိခဲ့တာပါ။

လက်နက်ကိုင်ခုခံမှုတွေအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာဆိုရင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရင်  လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရှင်းလင်းနေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုရတာလို့ ဒေသခံတွေက ပြောပါတယ်။

"ဆန်ဝေနေကြတဲ့ ဘုန်းကြီးကျောင်းဝင်းနားမှာ အဲဒီဝေနေတဲ့ထဲကို လက်နက်ကြီးနဲ့ ပစ်ဝင် ဝင်ခဲ့ချိန်မှာ လက်နက်ကြီးကျလိုက်တာ"

ဇူလိုင်လ ၂၉ ရက်ကလည်း မုံရွာမြို့နဲ့ လေးမိုင်အကွာက မအူရွာထဲကို လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲတဲ့အတွက်  ၁၅ နှစ်အရွယ် မထက်အိကို သေဆုံးခဲ့ရပြီး အမျိုးသမီးသုံးဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လေးဦးထိတယ်ခင်ဗျာ။ သုံးဦးကတော့ ဆေးကုသမှုခံယူနေတယ်ခင်ဗျ။ နှစ်ဦးကတော့ စိုးရိမ်ဒဏ်ရာရ ပုံစံမျိုးပေါ့ခင်ဗျာ။ တစ်ဦးကတော့ နည်းနည်းထိခိုက်ဒဏ်ရာ၊ ပြင်းထန် ဒဏ်ရာရတာမျိုးတော့ မဟုတ်ဘူး။ ၁၅ နှစ် အရွယ် ကလေးမလေးကတော့ ဆုံးသွားပြီ ခင်ဗျ။ ဆုံးသွားတဲ့ကောင်မလေးနာမည်က ထက်အိကို ခင်ဗျ။ မ ချည်းပဲ လေးဦး။ ၁၅ နှစ် သမီးလေးကတော့ ဆုံးရှုံးသွားတယ်ပေါ့ခင်ဗျာ။ ရွာထဲမဝင်ဘူးခင်ဗျ။ စစ်ကောင်စီ မအူဂိတ်ကနေပဲ မအူရွာအနောက်ပိုင်းကို ပစ်မှတ်ထားပြီး ထုတယ်ပေါ့ခင်ဗျာ”

ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး သုံးဦးကတော့ ဆေးကုသမှုခံယူနေတယ်လို့ သူက ပြောပါတယ်။ ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

အလားတူ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီစစ်တပ်က ဇူလိုင် ၂၉ ရက် မနက်ပိုင်းမှာ အလယ်တောစံပြရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦး စုစုပေါင်းလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အလယ်တောစံပြရွာက ဒေသခံတွေဟာ စစ်ကောင်စီ စစ်ကြောင်းလာတာကို ကြိုတင် မသိဘဲ လက်နက်ကြီး ကျရောက်ချိန်မှာ ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“၂၈ ရက်နေ့က မြစ်ရဲ့ အနောက်ခြမ်း ဂန့်ဂေါတောင်ပေါ်မှာ စစ်ကြောင်းထိုးတယ်။ ၂၉ ရက်နေ့ မနက် ခုနစ်နာရီ၊ ရှစ်နာရီလောက်ကျတော့ အလယ်တောရွာထဲကို ရောက်တယ်။ ဒီက မရှိဆင်းရဲသားတွေ၊ မီးလောင်တဲ့သူတွေရော ဆန်ဝေနေကြတဲ့ ဘုန်းကြီးကျောင်း ဝင်းနားမှာ အဲဒီဝေနေတဲ့ထဲကို လက်နက်ကြီးနဲ့ ပစ်ဝင် ဝင်ခဲ့ချိန်မှာ လက်နက်ကြီး ကျလိုက်တာ၊ လေးယောက်က ဒဏ်ရာရတာလို့ပဲ ပြောတယ်ဗျ။ အသေအပျောက် ကတော့ မကြားရသေးဘူး အတည်ပြုလို့ မရသေးဘူး။ အခုလည်း အလယ်တောနား မှာက နည်းနည်း စစ်ကြောင်းက ပြန်ထိုးနေတာကြောင့်မို့”

စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတဲ့အတွက် အလယ်တောရွာအပါအဝင် ရွာပေါင်း ၁၀ ရွာ က ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သူက ပြောပါတယ်။

ဒီ့အပြင် ချင်းတွင်းမြစ်ကြောင်းအတိုင်းမောင်းနှင်လာတဲ့ စစ်ကောင်စီသင်္ဘောပေါ်ကနေ ဇူလိုင် ၂၉ ရက် ညနေပိုင်းမှာ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် မြစ်ကြောင်းအနီး ဆားလင်းကြီးမြို့နယ် ရွှေကုန်းရွာက ဒေသခံလေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ နယ်မြေရှင်းလင်းနေတာတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ ဦးစောနိုင်ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူနှစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: KNU)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အောင်မင်္ဂလာရွာက ဒေသခံအမျိုးသမီးသုံးဦးက တော့ ဇူလိုင် ၂၉ ရက်မှာ မျှစ်ချိုးရင်း မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

လက်နက်ကိုင်ခုခံသူတွေအများစု ခြေကုပ်ယူလှုပ်ရှားနေတဲ့ ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင် နေပြီး ကျေးရွာတွေအနီးမှာ မြေမြှုပ်မိုင်းတွေ ထောင်လေ့ရှိတယ်လို့ ကော့ကရိတ်မြို့နယ်အတွင်းလှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သစ်ခုတ် ဝါးခုတ်တဲ့သူတွေကို ဒီဘက်က ထောင်တဲ့သူတွေကျတော့လည်း အားလုံးအသိပေးထားရတာပေါ့။ ဘယ်နေရာမသွားနဲ့ ဘယ်နေရာမသွားနဲ့ဆိုပြီး။ တပ်ဘက်ကထောင်တဲ့ ကိစ္စတွေကျတော့လည်း သူတို့က အများအားဖြင့် စစ်ရေးအသုံးပြုတဲ့ လမ်းတွေမှာ လိုက်ထောင်တယ်။ အဓိက ရွာအစပ်တွေမှာ ထောင်တာများတာပေါ့ သူတို့က။ ရွာနဲ့အနီးနားမှာ လိုက်ထောင်တယ်။ မိုင်းကွဲလည်း သူတို့က မကြည့်၊ မိုင်းထောင်ပြီးသွားရင် မကြည့်တော့ဘူး သူတို့က”

ဒီအကြောင်းနဲ့ ပတ်သက်လို့ KNU တပ်မဟာ ၆ နယ်မြေက စစ်ရေးအခြေအနေကို မေးမြန်း နိုင်ဖို့ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖြေဆိုတာ မရှိပါဘူး။

ကရင်ပြည်နယ် ပြောခွင့်ရ ဦးစောခင်မောင်မြင့်ကတော့ မြေမြှုပ်မိုင်းပေါက်ကွဲတာကို အတည်ပြုပေမယ့် လုံခြုံရေးကိစ္စတွေကို အသေးစိတ်မသိဘူးလို့ RFA ကို ဇူလိုင် ၃၀ က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အရပ်သား ၈၆၀၀ ကျော်သေဆုံးခဲ့ပြီး ဒါဟာ ခေတ်မီလက်နက် တွေနဲ့ တိုက်ခိုက် နေကြတဲ့ ယူကရိန်းစစ်ပွဲအတွင်း အရပ်သားသေဆုံးတဲ့ အရေအတွက် ၈၈၀၀ နဲ့ တန်းတူနီးပါး ရှိနေတယ်လို့ အရပ်ဘက် သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ISP Myanmar က  ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်ရေးပဋိပက္ခကြောင့် လူ ၂၄၀၀ ကျော်သေဆုံးရတဲ့အပြင် စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ် လို့ရော စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲသတ်ဖြတ်ခံရတဲ့အတွက်ပါ အရပ်သားတွေ သေဆုံးရပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org