တရုတ်နဲ့ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ မတူညီတဲ့ တောင်းဆိုချက်

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာပြည်ခရီးစဉ်ကို ကြိုဆိုကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့က ကြေညာချက်တွေ အသီးသီးထုတ်ပြန်ရာမှာ UWSA၊ AA နဲ့ TNLA အဖွဲ့တွေက ခေတ်သစ်ပိုးလမ်းမစီမံကိန်း BRI ကို လက်ခံကြိုဆိုကြောင်း ပြောကြပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နိုင်ငံတော် သမ္မတ အိမ်တော်မှာ ၂၀၂၀၊ ဇန်နဝါရီ ၁၇ ရက်နေ့က တွေ့ရစဥ်

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာပြည်ခရီးစဉ်ကို ကြိုဆိုကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့က ကြေညာချက်တွေ အသီးသီးထုတ်ပြန်ရာမှာ UWSA၊ AA နဲ့ TNLA အဖွဲ့တွေက ခေတ်သစ်ပိုးလမ်းမစီမံကိန်း BRI ကို လက်ခံကြိုဆိုကြောင်း ပြောကြပါတယ်။

တစ်ဘက်ကလည်း ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်က အရပ်ဘက်အဖွဲ့တွေကတော့ သူတို့ဒေသတွင်း ပြုလုပ်မယ့် အကြီးစား တရုတ်စီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုကြပါတယ်။

တရုတ်နိုင်ငံနဲ့ ပတ်သက်မှု ရှိနေတဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့က တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာပြည် ခရီးစဉ်ကို ကြိုဆိုကြောင်း ကြေညာချက်တွေ အသီးသီးထုတ်ပြန်ရာမှာ KIA ကလွဲပြီး ကျန်တဲ့အဖွဲ့တွေကတော့ တရုတ်စီမံကိန်းကြီးတွေဟာ မြန်မာပြည်အတွက် အကျိုးဖြစ်ထွန်းနိုင်မယ်လို့ ယူဆကြောင်း ပြောကြပါတယ်။

UWSA၊ AA၊ TNLA အဖွဲ့ သုံးဖွဲ့လုံးက ပြောတဲ့အထဲမှာ တူတဲ့အချက်တစ်ခုကတော့ သမ္မတ ရှီကျင့်ဖျင် အကောင်အထည် ဖော်ဆောင်ရွက်လိုတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းဟာ ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

ရက္ခိုင့်တပ်တော် AA က တရုတ်နိုင်ငံရဲ့ BRI စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုလားတယ်လို့ ပြောသလို UWSA “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က ဒီစီမံကိန်းဟာ မြန်မာ ပြည်မြောက်ပိုင်းရဲ့ ခေတ်နောက်ကျနေတဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ အခြေခံဆောက်လုပ်ရေး ကဏ္ဍတွေမှာ အကျိုးသက်ရောက်မှုတွေရှိစေမယ်လို့ ဆိုပါတယ်။

တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA ကလည်း  BRI စီမံကိန်းတွေ အောင်မြင်ပြီး ပြည်သူအကျိုးကို ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

BRI ကိုထောက်ခံရတဲ့ အကြောင်းအရင်းကို TNLA က ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် ပြောတာက

အဓိကတော့ ဒီ BRI က ရှမ်းမြောက်မှာ ဖြတ်သန်းတဲ့အချိန် စီမံကိန်းက အောင်မြင်သွားလို့ရှိရင်တော့ ဖြတ်သန်းသွားတဲ့ ဒေသလည်း အကျိုးကျေးဇူးခံစားရလိမ့်မယ်။ အဲလိုတော့မြင်တာပေါ့။ အဓိက လူထုအတွက် တကယ်အကျိုးရှိဖို့တော့လိုတယ်။ နစ်နာတဲ့လူထုတွေအတွက် မှန်ကန်တဲ့ လျော်ကြေးရရှိဖို့တော့ လိုတယ်။ ကျနော်တို့ အမြင်ကတော့ တရုတ်က သူ့မှာတော့ စီမံခန့်ခွဲပိုင်ခွင့်မရှိဘူးထင်တယ်။ ကျနော်ထင်တာကတော့ အစိုးရနဲ့ပဲ သက်ဆိုင်တယ်ထင်တယ်။”

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ ထုတ်ပြန်ချက်မှာတော့ ပိုးလမ်းမစီမံကိန်းနဲ့ ပတ်သက်လို့ ထည့်သွင်း ပြောတာမရှိဘဲ နှစ်နိုင်ငံ သဘောတူညီချက်တွေဟာ နယ်စပ်လုံခြုံရေးနဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး ကို အထောက်အကူပြုနိုင်မယ်လို့သာ ပြောထားပါတယ်။

ဒါ့အပြင် အဖွဲ့အစည်းအသီးသီးရဲ့ ထုတ်ပြန်ချက်တွေဟာ မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ရှိနိုင် တာကြောင့် တရုတ်သမ္မတကြီးအနေနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ခံစားချက်ကို နားလည်ပေးဖို့နဲ့ လိုအပ်တဲ့ အကူအညီတွေပေးဖို့ မေတ္တာရပ်ခံတယ်လို့ KIO က ဆိုပါတယ်။

ဒါပေမဲ့လို့ KIA ရဲ့ ထုတ်ပြန်ချက်မှာ အများပြည်သူ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ KIA သဘောထားဘယ်လိုရှိတယ်ဆိုတာ ထည့်သွင်းပြောတာ မရှိသလို AA ကလည်း တရုတ်သမ္မတ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးဖို့ရှိတဲ့ ကျောက်ဖြူ အထူးစီပွားရေးဇုန်စီမံကိန်း သဘောတူညီချက်နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ပြောတာမရှိပါဘူး။

ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ကျောက်ဖြူစီမံကိန်းနဲ့ ပတ်သက်လို့ သဘောထား မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားတာမရှိသလို ကေအိုင်အိုက ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်ရာမှာလည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတွေကတော့ တရုတ်သမ္မတခရီးစဉ်အတွင်း မြစ်ဆုံ ရေကာတာစီမံကိန်း ရပ်ဆိုင်းပေးဖို့၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် လက်မှတ်ရေးထိုးမှုကို ရပ်ဆိုင်ပေးဖို့နဲ့ BRI စီမံကိန်းကို ကန့်ကွက်ကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်တာတွေရှိနေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြောဆိုချက်နဲ့ အရပ်ဖက်အဖွဲ့တွေရဲ့ တောင်းဆိုချက် ကွဲလွဲနေတဲ့အပေါ် ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်ခွန်ဂျာကို မေးကြည့်တော့

မတူတာရှိတာက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့နေရာဟာ တရုတ်နယ်စပ်နဲ့လည်း နီးစပ်နေတယ်။ နယ်စပ်မှာ အဆင်ပြေအောင်နေထိုင်နေရတဲ့ အခြေအနေတွေလည်းရှိတယ်။ အဲဒါတွေကို ကျမတို့နားလည် တယ်ပေါ့။ မြစ်ဆုံနဲ့ ပတ်သက်ပြီးတော့မှ ကချင်တွေရဲ့ ဆန္ဒ ကေအိုင်အိုရဲ့ ဆန္ဒ ဒါတွေကို ရှင်းရှင်းလင်းလင်း ပြောကြားပြီးဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုရင် မြစ်ဆုံကိစ္စကို စခဲ့တာ ကချင်ပြည်နယ်သူ ပြည်နယ်သားတွေရယ် ကေအိုင်အိုရယ်လည်း မဟုတ်ဘူး။ ပြီးလိုရှိရင် ဒီပရောဂျက်တွေနဲ့ ပတ်သက်လို့ ကန့်ကွက်လို့ရှိရင်လည်း တိုင်းရင်းသား လက်နက်ကိုင်တွေအတွက် မလွယ်ဘူးလို့ ယူဆပါတယ်။ တရုတ်-မြန်မာစီးပွားရေး စင်္ကြလမ်းဟာ နိုင်ငံတော်အစီစဉ်ဖြစ်တယ်။ ဒီဟာကို ဆန့်ကျင်သူသည် နိုင်ငံတော်ကို ဆန့်ကျင်သူဖြစ်တယ် အဲ့ဒါမျိုးဆိုရင် ကျမတို့ အတွက်က အရမ်းခက်ပါတယ်။”

ဒီနေ့မှာလည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ပါတယ်။

စီမံကိန်းတွေကို အကောင်အထည်ဖော်မယ်ဆိုရင် ဒေသခံတွေနဲ့ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေရဲ့ သဘောထား ရယူပြီးမှ ဆောင်ရွက်ဖို့နဲ့ ဗဟိုအစိုးရက လွှမ်းမိုးချုပ်ကိုင်ပြီး ဆောင်ရွက်မယ်ဆိုရင် ဒေသတွင်း ပဋိပက္ခတွေ ပိုများလာမယ် လို့ ပြောထားပါတယ်။

တရုတ်ရဲ့ စီးပွားရေးစီမံကိန်း အကောင်ထည်ဖော်ဆောင်ရွက်ရာမှာ မြေယာပြဿနာတွေနဲ့ ပတ်သက်လို့ စိုးရိမ်မိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးစိုင်းလိတ် ကပြောပါတယ်။

အမြန်မီးရထားလမ်းကြီး လုပ်တော့မယ်။ ကားလမ်းကြီးပါ ပါလာမယ်ဆိုရင် မြေက ရှမ်းပြည်မြောက်ပိုင်းကနေ မန္တလေးအထိ တောက်လျှောက် အသိမ်းခံရတော့မယ်။ အဲဒီမြေသိမ်းတဲ့ ကိစ္စတွေ နောက်ကျရင် မြေလွတ်မြေရိုင်း ဥပဒေနဲ့ လူထုကို ဒုက္ခမပေးဘူးလို့ ပြောလို့မရဘူးဗျ။ အဲ့ကိစ္စက လက်တွေ့လူထု ဒီနေ့ မနက်ဖြန် ကြုံတွေ့ရမယ့် အခက်အခဲ ပြဿနာ၊ ဒါလုံးဝကို ပေါ်လွင်ထင်ရှားတဲ့ ဥပမာတွေပါပဲဗျ။”

အရပ်ဘက်အဖွဲ့အစည်းတွေကတော့ တရုတ်-မြန်မာ နှစ်ဦးသဘောတူ စီမံကိန်းတွေ အကောင်အထည်ဖော်မယ် ဆိုရင် အစိုးရချင်း သဘောတူညီချက်နဲ့ ဆောင်ရွက်တာမျိုးမဟုတ်ဘဲ ဒေသခံတွေရဲ့ သဘောထားကို အရင်ဆုံး တောင်းခံဖို့၊ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဒေသခံတွေကို ပွင့်ပွင့်လင်းလင်းရှင်းပြဖို့၊ ဗဟို အစိုးရ တစ်ခုတည်းက ချုပ်ကိုင်တာမျိုး မလုပ်ဖို့၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုစီးပွားထိခိုက်မှုတွေကို ရှောင်ရှားဖို့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org