အမေရိကန်အစိုးရရဲ့ လေယာဉ်ဆီပိတ်ဆို့မှု ဒီမိုကရေစီလှုပ်ရှားသူတွေ ကြိုဆို

စစ်ကောင်စီအတွက် လက်နက်ဝယ်ပေးနေသူတွေနဲ့ လေယာဉ်ဆီရောင်းချနေတဲ့ ကုမ္ပဏီတွေကို မေရိကန်အစိုးရက အရေးယူဒဏ်ခတ်လိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် တပ်မတော်(လေ) ၏ ဖွဲ့စည်းတည်ထောင်မှု (၇၅) နှစ်မြောက်နေ့တွင် တွေ့ရစဉ်။ Myanmar Military

စစ်ကောင်စီအတွက် လက်နက်ဝယ်ပေးနေသူတွေနဲ့ လေယာဉ်ဆီရောင်းချနေတဲ့ ကုမ္ပဏီတွေကို အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်လိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ပြောပါတယ်။

မြန်မာစစ်တပ်အတွက် လက်နက်ပွဲစား လုပ်ပေးနေတဲ့ ဦးထွန်းမင်းလတ် အပါအဝင် လူပုဂ္ဂိုလ်နှစ်ဦး၊ လက်နက်နဲ့ လေယာဉ်ဆီရောင်းချ သယ်ယူပေးနေတဲ့ စုစုပေါင်း ကုမ္ပဏီခြောက်ခုကို အရေးယူဒဏ်ခတ် ပိတ်ဆို့လိုက်ကြောင်း အမေရိကန်အစိုးရက မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ထုတ်ပြန်တဲ့ အရေးယူပိတ်ဆို့ စာရင်းမှာ ဦးထွန်းမင်းလတ်နဲ့ ဇနီး ဒေါ်ဝင်းမင်းစိုး၊ သူတို့ပိုင်ဆိုင်တဲ့ ရန်ကုန်နဲ့ နေပြည်တော်မှာရှိတဲ့ Star Sapphire ကုမ္ပဏီလုပ်ငန်းစု နှစ်ခု၊ စင်္ကာပူနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ Star Sapphire ကုမ္ပဏီ၊ စစ်ကောင်စီ လေယာဉ်ဆီနဲ့ စက်ပစ္စည်းတွေရဖို့ အဓိကထောက်ပံ့ပေးနေတဲ့ Asia Sun ကုမ္ပဏီအုပ်စု၊ Asia Sun ထရိတ်ဒင်း ကုမ္ပဏီ၊ စစ်ကောင်စီထံ လေယာဉ်ဆီရောက်အောင် ကုန်တင်ကားတွေနဲ့ သယ်ပေးနေတဲ့ Cargo Link Petroleum Logistics ကုမ္ပဏီတွေ ပါဝင်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီပိတ်ဆို့မှုအပေါ် ကြိုဆိုတယ်လို့ ပြောပါတယ်။

“အင်မတန်မှ ကျေးဇူးတင်ဖို့ကောင်းပါတယ်။ ဆန်ရှင်ရဲ့ သဘောတရားအရတော့ တစ်ရစ်ချင်းရစ်ရတာပေါ့ဗျာ။ ကျနော်တို့ ဒီချက်ချင်းကြီး သွေးကြောမျှင်တွေကို ကျနော်တို့က တစ်ခုချင်း တစ်ခုချင်းလိုက် ဖြတ်တောက်ရတဲ့ သဘောပေါ့နော်။ အကြမ်းဖက်စစ်အုပ်စုဆီ စီးဝင်နေတဲ့လမ်းကြောင်းတွေ ပြီးတော့ သူတို့ဆီကို တင်သွင်းနေတဲ့ လေယာဉ်ဆီ လမ်းကြောင်းတွေ ဒါတွေကို တစ်ခုချင်း တစ်ခုချင်းလိုက် ဖြတ်တောက်ပြီး တစ်ရစ်ချင်း တစ်ရစ်ချင်း ရစ်ပြီးတော့ သူတိုရဲ့ လုပ်ကိုင်နိုင်စွမ်းပေါ့၊ ဒါ ပြည်သူလူထုကို သတ်ဖြတ်နေတယ်၊ သတ်ဖြတ်မှုတွေကို လျော့ကျသွားအောင် ဒါကျနော်တို့က ဝိုင်းဝန်း ကြိုးစားရတဲ့ အခြေအနေဖြစ်ပါတယ်”

စစ်တပ်အရာရှိဟောင်းတွေ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ လေယာဥ်ဆီကို နေရာအနှံ့က ဝယ်လို့ရတဲ့အတွက် အခုလို ပိတ်ဆို့အရေးယူမှုက ဘာမှ ထိရောက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူတယ်ဆိုတာ အကြိမ်ပေါင်း မြောက်မြားစွာဖြစ်နေပြီ။ နေရာတိုင်းမှာလုပ်တာ ဖြစ်နေတယ်။ အဲတော့ ဘာလောက်ပဲလုပ်လုပ် မြန်မာက အသားကျပြီးသား ဖြစ်တဲ့အတွက် ဘာမှတော့ထူးခြားတဲ့ သက်ရောက်မှု ရှိမှာမဟုတ်ဘူး။ စီးပွားရေးတုံ့နှေးတယ်ဆိုတဲ့အပိုင်းလေး ရာခိုင်နှုန်းတစ်ခုလောက် ဖြစ်ကောင်း ဖြစ်နိုင်တယ် ဒီလောက်ပါပဲ။ ရှင်းရှင်းလေးပဲပြောပြမယ် လေယာဉ်ဆီက အဲဒီပိတ်ဆို့တဲ့ နေရာတစ်နေရာတည်းက ကျနော်တို့က ဝယ်နေတာမဟုတ်ဘူး နေရာအနှံ့ကနေ ဝယ်လို့ရတယ်။ အဲဒါကြောင့်မို့ ပိတ်ဆို့တယ်ဆိုတာက လေယာဉ်ဆီက တစ်နေရာတည်းက ထုတ်တာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ အမေရိကန်နဲ့ သက်ဆိုင်တဲ့ နိုင်ငံတွေက ထုတ်တာဆိုရင်တော့ ကျနော်တို့ပြဿနာတက်ကောင်း တက်နိုင်တယ်။ အမေရိကန်တစ်နိုင်ငံတည်းက လေယာဉ်ဆီ ထုတ်တာမဟုတ်တဲ့အတွက် အဲဒီပြဿနာ ဘာမှတက်စရာ အကြောင်းမရှိပါဘူး”

စစ်အာဏာသိမ်းပြီး နှစ်နှစ်အကြာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လက်နက်ကိုင်ခုခံမှု မြင့်တက်လာတာနဲ့အမျှ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကလည်း နှစ်ဆကျော်ထိ မြင့်တက်လာခဲ့တာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရုံးရဲ့ မတ်လ ၃ ရက် အစီရင်ခံစာအရ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၂၅ ကြိမ်ပဲ ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ ၃၀၁ ကြိမ်ထိ နှစ်ဆကျော်မြင့်တက်လာပါတယ်။

"အခြားခြားသောကုမ္ပဏီတွေ မလုပ်ရဲအောင် ဒါလည်းဖိအားပေးတဲ့တစ်နည်းလို့ ကျနော်တို့ပြောလို့ရတယ်"

အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာလည်း ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစလို့ မြန်မာ စစ်တပ်ဟာ ကိုယ့်ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ကျူးလွန်နေဆဲဖြစ်ပြီး၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုကို ကြိုဆိုရမှာဖြစ်ပေမယ့် တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ရုရှား တို့ ရှိနေသ၍ စစ်ကောင်စီက လေယာဉ်ဆီ ရရှိနေဦးမှာပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ဒါတွေက သဘောထား ဖော်ပြမှုသက်သက်သာ ဖြစ်ပြီးတော့ တကယ်တမ်း ထိရောက်တဲ့ ပိတ်ပင်တားဆီးမှုတွေ လုပ်နိုင်မယ့် အခြေအနေမရှိဘူးလို့ ကျနော်တော့ ခြုံငုံသုံးသပ်ပါတယ်။ ဘာလို့ဆိုတော့ ခုနက အိမ်နီးချင်းနိုင်ငံ သုံးနိုင်ငံ (တရုတ်၊ ထိုင်း၊ အိန္ဒိယ)နဲ့ ရုရှားတို့အနေနဲ့ ဒါတွေ တင်ပို့နိုင်တဲ့အကြောင်း အချက်အလက်တွေ၊ လမ်းကြောင်းတွေ ရှိနေတဲ့အောက်မှာ အမေရိကန်က အဲဒီကုမ္ပဏီတွေကိုပိတ်လည်း ကျနော်တို့ လေယာဉ်ဆီတွေကတော့ မြန်မာပြည်ကို ရောက်နေဦးမယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်”

အမေရိကန် အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ လုံလောက်မှုမရှိသေးဘဲ ဒီထက်ပိုထိရောက်ဖို့ လိုသေးတယ်လို့ CDM လေတပ်ဗိုလ်ကြီး ဇေသူအောင်က ပြောပါတယ်။

“ကျနော်တို့ အမေရိကန်က ပိတ်ဆို့အရေးယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆီ(လေယာဉ်ဆီ) တင်သွင်းမှုတွေ အရေးယူတယ်။ ဒဏ်ခတ်တယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဒဏ်ခတ်ဒဏ်ခတ် စစ်ကောင်စီရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဒီစီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ကျောက်စိမ်းတွေ၊သဘာ၀ဓာတ်ငွေ့တွေ၊ ဆီသွားတာတွေ အကုန်လုံးက ရပ်တည်နိုင်နေသေးတယ်။ သူတို့ဆီမှာ ငွေကြေးတွေလည်း အများကြီးရှိနေသေးတယ်။ နောက်ပြီးသူ့ကို ထောက်ပံ့နေတဲ့ ရုရှား တစ်နိုင်ငံလုံးလည်း ရှိနေသေးတယ်။ နောက်ပြီးတရုတ်ကလည်း အတိုင်းအတာတစ်ခုထိ ထောက်ပံ့နေတယ်။ ဆိုတော့ သူတို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ စစ်ကောင်စီအတွက် လုံလောက်မှုမရှိဘူးလို့ပဲ ကျနော်ယူဆပါတယ်”

မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်ပို့ရောင်းချရာမှာ ဗြိတိန်ကုမ္ပဏီတွေ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပါဝင်ခြင်း မရှိအောင် ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့ ဗြိတိန်အ‌ခြေစိုက် Burma Campaign UK နဲ့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) အပါအဝင် ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၅၁၆ ဖွဲ့က ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးထံ စာရေးတောင်းဆိုခဲ့ပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆိုင်မိုင်ရွာအနီးတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ တိုက်လေယာဉ် နှစ်စင်းအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Myu Tsaw Kasa)

ဒီလိုတောင်းဆိုခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာ ပါဝင်ခဲ့တဲ့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ညွှန်ကြားရေးမှူး ကိုဗညားကတော့ အမေရိကန်အစိုးရရဲ့ အရေးယူဆောင်ရွက်မှုဟာ အကျိုးအမြတ် အများကြီးရှိတယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အနေနဲ့ ပြောမယ်ဆိုရင်တော့ အကျိုးအမြတ် အများကြီးရှိပါတယ်။ ပုံစံကို ကြည့်မယ်ဆိုရင် နံပါတ်တစ်အချက်က အနည်းဆုံး နိုင်ငံတကာမှာ စစ်ကောင်စီက ထောက်ပံ့နေတဲ့ ဝန်ဆောင်မှုပေးနေတဲ့ ဒီကုမ္ပဏီတွေကို အရေးယူခြင်းက ဒါစစ်ကောင်စီကို တိုက်ရိုက်ပေါ့နော် နာမည်ပျက်စေတယ်။ နောက်ပြီးတော့ ကုမ္ပဏီကိုလည်း ကျနော်တို့ခုနပြောသလို အပြစ်ဒဏ်ခတ်တဲ့ပုံစံမျိုးပေါ့။ အခြားခြားသောကုမ္ပဏီတွေ မလုပ်ရဲအောင် ဒါလည်းဖိအားပေးတဲ့တစ်နည်းလို့ ကျနော်တို့ပြောလို့ရတယ်”

အာဏာသိမ်း နှစ်နှစ်အတွင်း စစ်ကောင်စီတပ်က ကယားပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှုပေါင်း ၁၉၇ ကြိမ် လုပ်ခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေပါ မကျန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) ရဲ့ မတ်လ ၁ ရက် ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အမေရိကန်အစိုးရရဲ့ မတ်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ကုန်ပိုင်းမှာ စစ်ကိုင်းတိုင်းက လက်ယက်ကုန်းကျောင်းမှာ ကျောင်းသားတွေ၊ ဆရာဆရာမတွေ စာသင်နေချိန် စစ်တပ်က လေကြောင်းသုံး ဗုံးကြဲသွားလို့ ကလေးတွေ သေဆုံးရတဲ့ဖြစ်ရပ်၊ ကချင်ပြည်နယ်က ဂီတဖျော်ဖြေပွဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ လူအယောက် ၈ဝ လောက် သေဆုံးရတဲ့ ဖြစ်ရပ်ဆိုးတွေကို ထောက်ပြထားပါတယ်။

စစ်ကောင်စီကို လေယာဉ်ဆီရောင်းချနေတဲ့ ကုမ္ပဏီကြီးတွေကအစ လေယာဉ်ဆီ သယ်ယူပေးနေတဲ့ ကုမ္ပဏီတွေနဲ့ အာမခံကုမ္ပဏီတွေအဆုံး ပိတ်ဆို့ဒဏ်ခတ်အရေးယူဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AI)၊ Global Witness နဲ့ Burma Campaign (UK) တို့ကလည်း မတ်လ ၁ ရက်နေ့က အစီရင်ခံစာထုတ်ပြီး တိုက်တွန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org