မြန်မာ့အရေးမှာ လုံခြုံရေးကောင်စီကို စိတ်ပျက်နေကြ
မြန်မာ့အရေးမှာ ကုလလုံခြုံရေးကောင်စီက အရေးယူဖို့ ပျက်ကွက်နေတဲ့အပေါ်မြန်မာနိုင်ငံသားတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ဥပဒေပညာရှင်တွေရဲ့ စိတ်ပျက်မှုတွေ၊ ဝေဖန်မှုတွေ မြင့်တက်လာ ပါတယ်။
-
RFA Burmese
2023-04-21 -
-
-
မြန်မာ့အရေးမှာ ကုလလုံခြုံရေးကောင်စီက အရေးယူဖို့ ပျက်ကွက်နေတဲ့အပေါ် မြန်မာ နိုင်ငံသားတွေ၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ ဥပဒေပညာရှင်တွေရဲ့ စိတ်ပျက်မှုတွေ၊ ဝေဖန်မှုတွေ မြင့်တက်လာ ပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှာ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီက အလစ်အငိုက် ဝင်ပြီး တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၃ဝ ကျော်အပါအဝင် လူနှစ်ရာလောက် သေဆုံးခဲ့ရပါတယ်။
ဒါကြောင့် လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ဗြိတိန်နိုင်ငံက အရေးပေါ်တောင်းဆိုခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့က တံခါးပိတ်ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီမှာ တရုတ်နဲ့ ရုရှားနိုင်ငံက ကန့်ကွက်လို့ ဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့ဘူးလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
“မြန်မာပြည်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ကျနော်တို့အားကိုး မျှော်လင့်နေလို့မရပါဘူး"
“လုံခြုံရေးကောင်စီကို NUG ဝေဖန်”
ဒါနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာ အောင် က ဧပြီလ ၁၅ ရက်နေ့မှာ ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲကနေ ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ခံစားနေရတဲ့ ဖိနှိပ်မှုတွေ၊ အကြမ်းဖက်ရက်စက်ခံရမှုတွေကို သိလျက်နဲ့ ပျက်ကွက်နေတာကိုက အင်မတန် ရှက်စရာ ကောင်းပြီး ကုလသမဂ္ဂအနေနဲ့ရော လုံခြုံရေးကောင်စီအနေနဲ့ပါ အထူးသဖြင့် ဗီတိုအာဏာ ကိုင်ထားတဲ့ နိုင်ငံတွေအနေနဲ့ ဒီကိစ္စမှာ ပိုတာဝန်ရှိတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါ တယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်မချနိုင် တာနဲ့ ပတ်သက်လို့ နာကျင်ခံစားရတယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
“လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ အားနည်းချက်”
မြန်မာ့အရေးမှာ လုံခြုံရေးကောင်စီအနေနဲ့ ထိထိရောက်ရောက် အရေးမယူနိုင်တာက နိုင်ငံတကာ ဥပဒေစံချိန် စံညွှန်းအပေါ် အလေးထားမှုအားနည်းနေတဲ့အတွက်ကြောင့်လို့ ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူးက သုံးသပ်ပါတယ်။
“နိုင်ငံတကာဥပဒေရဲ့ စံချိန်စံညွှန်းလို့ခေါ်တဲ့ (Jus Cogens) အဲဒီတော့ Jus Cogens သဘာဝအရ ဘာလဲဆို တော့ နိုင်ငံတကာမှာဖြစ်နေတဲ့ ပြင်းထန်ဆိုးရွားကြီးမားတဲ့ စစ်ရာဇဝတ်မှု၊ လူသား ဆန့်ကျင်ပြစ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုစတဲ့ဟာတွေကို ကျူးလွန် ပြီဆိုရင် ကျူးလွန်တဲ့ပုဂ္ဂိုလ်၊ အင်အားစု၊ အဖွဲ့အစည်းနဲ့ နိုင်ငံကို အရေးကို ယူရတယ်။ ခွင့်လွှတ်လို့မရဘူး။ ဒါ သူ့ရဲ့ ကျင့်ဝတ်ပဲ။ အဲဒီအပေါ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အာဆီယံ တို့က အလေးထားမှုအားနည်းသေးတယ်လို့ မြင်တယ်”
လုံခြုံရေးကောင်စီအနေနဲ့ ရှုတ်ချဖို့ ပျက်ကွက်ခဲ့ပေမယ့် အမေရိကန်၊ ဗြိတိန်၊ ဆွစ်ဇာလန်နဲ့ နော်ဝေအပါအဝင် တခြား ဒီမိုကရေစီနိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က စစ်ကောင်စီရဲ့လုပ်ရပ်ကို ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။
စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ကို ကြုံနေရတဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာက ချက်ချင်းအရေးယူဆောင်ရွက်ရမယ်လို့ ကုလသမဂ္ဂ အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအထူးအကြံပေးကောင်စီ SAC-M က လည်း တိုက်တွန်းထားပါတယ်။
အလားတူ MAGM လို့ အတိုကောက်ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဆာယက် ဟာမစ် အယ်လ်ဘာကလည်း မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေ ရပ်ဆိုင်းဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ချက်ချင်းအရေးယူဖို့ မုချလိုအပ်နေပြီလို့ ဧပြီလ ၁၃ ရက်နေ့က ပြောပါတယ်။
“မြန်မာ့အရေးအတွက် လုံခြုံရေးကောင်စီကို အားကိုးမရ”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ မြန်မာအရေးကို လုံခြုံရေး ကောင်စီအနေနဲ့ ဖြေရှင်းပေးနိုင်မှာ မဟုတ်တဲ့အတွက် တိုင်းသူပြည်သားတွေကိုယ်တိုင်ပဲ ဖြေရှင်းရမယ်လို့ RFA က ပြောပါတယ်။
“ဒီပဇီကြီးရွာမှာဖြစ်တဲ့ ပြဿနာပဲဖြစ်ဖြစ်ပေါ့နော် မြန်မာပြည်တွင်းက ပြဿနာကို ကျမတို့ ကိုယ့်တိုင်းသူပြည် သားတွေကပဲ ဖြေရှင်းလို့ရမယ်ထင်တယ်။ လုံခြုံရေး ကောင်စီက ဘယ်တုန်းကမှ ဘယ်ပြဿနာ ကိုမှ ဖြေရှင်းနိုင်ခဲ့တာမှ မဟုတ်ဘဲနော်။ အခု ယူကရိန်းကိစ္စမှာပဲကြည့်ကြည့်၊ အရင်တုန်းက အီရတ်တို့၊ အာဖဂန်နစ္စတန်တို့ကိစ္စတွေ မှာပဲ ကြည့်ကြည့် ဘယ်တုန်းကမှ သူတို့ မဖြေရှင်းပေးနိုင်ပါဘူး”
နိုင်ငံရေးလေ့လာသုံးသပ်သူ နောက်တစ်ယောက်ဖြစ်တဲ့ ဦးသန်းစိုးနိုင်ကလည်း မြန်မာ့ အရေး ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂကို အားကိုးလို့မရနိုင်ဘူးလို့ RFA ကို ပြောပါတယ်။
“မြန်မာပြည်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ကျနော်တို့အားကိုး မျှော်လင့်နေလို့မရပါဘူး။ ကုလသမဂ္ဂကိုယ်တိုင်ကလည်း အဲလို အားကိုးလို့မရတဲ့အခြေအနေ ဖြစ်နေလို့ အာဆီယံကို ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သဘောထားလွှဲပြောင်းပေးလိုက်တာပါ။ ဒီအဖွဲ့အစည်းတွေကို အားကိုး ပြီးတော့ ဒီပြသာနာကိုဖြေရှင်းလို့ အဆင်ပြေစရာအကြောင်းမရှိဘူးလို့ ယူဆပါတယ်”
လုံခြုံရေးကောင်စီရှုတ်ချဖို့ ပျက်ကွက်တဲ့အကြောင်း RFA က တင်ပြခဲ့တဲ့ သတင်းရဲ့အောက် မှာလည်း ပရိသတ် တွေရဲ့ ဝေဖန်ထောက်ပြတဲ့မှတ်ချက် ရာနဲ့ချီပြီး တွေ့ရပါတယ်။
“လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီ လျစ်လျူရှု”
စစ်ကောင်စီအနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေရပ်ဆိုင်းဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေအားလုံးလွှတ်ဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်ပြုဖို့ဆိုတဲ့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးကောင်စီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်တာမရှိဘဲ ဆက်ပြီးအကြမ်းဖက်နေတယ် လို့ မြန်မာ့အရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
အခုလို ထောက်ပြဝေဖန်တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သဘောထား သိရအောင် ပြောခွင့်ရသူ ကို ဆက်သွယ်မေးမြန်းပေမယ့် မရတဲ့အတွက် စစ်တပ်အရာရှိ ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကိုမေးကြည့်တဲ့အခါမှာတော့ သူက RFA ကို အခုလို ပြောပါတယ်။
“နိုင်ငံတကာမှာကိုက စိတ်မကောင်းပါဘူးဆိုတဲ့ စကားတစ်လုံးတည်းနဲ့ ပြီးသွားတာပဲ။ အဲတော့ ဒါက သီးသန့် ထပ်ပြီးတော့ ပိုပြီးတော့ (စစ်ကောင်စီအပေါ်) ဖိအားဖြစ်လာမယ် ဆိုတာဟာမျိုးတော့ ကျနော့် အနေနဲ့ မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သွားရတဲ့ လမ်းကြောင်းအရ အချုပ်အခြာအာဏာဆိုတဲ့အချက်ရယ် အကြမ်းဖက်တွေကို ရှင်းတဲ့ အချက်ရယ် အဲဒီနှစ်ချက်မှာတင်ပဲ ဒီဘက်က နယ်မြေရှင်းလင်း လုပ်တာမှာ ခိုင်မာတဲ့ အကြောင်းပြချက်က ရှိပြီးသားဖြစ်တာကို”
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့ တွေက အကြမ်းဖက် လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ ရည်ရွယ် ဖွင့်လှစ်တဲ့ ရုံးအဆောက်အအုံကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ စစ်ကောင်စီက ဧပြီလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
“နိုင်ငံတကာကြောင့် တွေ့ဆုံဆွေးနွေးနိုင်မလား”
မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရင် တရုတ်နိုင်ငံအတွက်ရော၊ အမေရိကန်နိုင်ငံအတွက်ပါ အကျိုးရှိမယ်ဆိုတာကို နှစ်နိုင်ငံလုံးက ယုံကြည်တဲ့အတွက် မြန်မာပြည်အရေးနဲ့ပတ်သက် ပြီး တရုတ်အစိုးရနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေး ချင်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်က ဧပြီလ ၁၃ ရက်နေ့က စင်ကာပူနိုင်ငံက တွေ့ဆုံ မေးမြန်းခန်းတစ်ခုမှာ ပြောထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဦးရဲထွန်းကတော့ လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာ့ အရေးကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်ဖို့ဆိုကတော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ဩဇာညောင်းတဲ့နိုင်ငံကြီးတွေက နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်အောင် ဝိုင်းဝန်းတိုက်တွန်းတာက အကောင်း ဆုံးဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။
“အကောင်းဆုံးကတော့ နှစ်ဖက်ကို နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်အောင် ဝိုင်းဝန်း တိုက်တွန်းတာပေါ့နော်။ စစ်ကောင်စီအပေါ်မှာ ဩဇာရှိတဲ့ တရုတ်လို၊ အိန္ဒိယလို နိုင်ငံ ကြီးတွေကရော နောက်တစ်ခါ NUG တို့၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေကို ဩဇာရှိတဲ့ အမေရိကန်တို့လို နိုင်ငံတွေထဲကရော အဲလိုနိုင်ငံကြီးတွေက ညီညီညွတ်ညွတ် နဲ့ နှစ်ဖက်စလုံးကို အဲဒီလမ်းကြောင်းပေါ်တင်ပေးနိုင်ရင်တော့ ဖြစ်နိုင်ခြေ ရှိတာ ပေါ့နော်”
“ပဇီကြီးရွာက ကျန်ရစ်သူတို့ရဲ့ ဆန္ဒ”
ပဇီကြီးရွာ တိုက်ခိုက်ခံရမှုမှာ မိသားစုဝင်ရှစ်ယောက် ဆုံးရှုံးလိုက်ရတဲ့သူကတော့ စစ်ကောင်စီကို ထိထိရောက် ရောက် အရေးမယူရင် ပြည်သူတွေတစ်ယောက်မှ ကျန်မှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
“သူတို့ကတော့ ဒီလိုထိထိရောက်ရောက်အရေးမယူဘူးဆို ကျနော်တို့ ပြည်သူတွေက တော့ တစ်ယောက်မှ ကျန်မှာမဟုတ်ဘူး။ ကျနော်တို့က တစ်ခုခုတောင်းဆိုရမယ်ဆိုရင် သူတို့ဒီလေယာဉ်တွေနဲ့ ဗုံးကြဲတာ တွေကို ရပ်တန့်ပေးဖို့ တောင်းဆိုချင်တယ်။ အဓိကက ပြည်သူလူထုတွေက လေယာဉ်သံတွေကြားရင်ကို တုန်နေပြီ။ ကြောက်ကုန်ကြပြီ။ ဂျက်ဖိုက်တာအသံတွေတို့၊ လေယာဉ်သံတွေကြားရင်ကို ပြည်သူလူထုတွေက ကြောက်နေကြပြီ”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပဇီကြီးရွာဒေသခံတစ်ဦးကလည်း သူတို့ရွာလို အဖြစ် ဆိုးမျိုး နောက်လူတွေ မကြုံရအောင် စစ်ကောင်စီကို အမြန်ဆုံးနဲ့ အပြင်းထန်ဆုံးအရေးယူ ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို အားကိုး တယ်လို့ RFA ကို ပြောပါတယ်။
“အားလည်းအားကိုးတယ်။ ကုလသမဂ္ဂရယ်မဟုတ်ပါဘူး။ နိုင်ငံတိုင်းကို အားကိုးတယ် နိုင်ငံတကာကိုလည်း။ အရေးယူဆောင်ရွက်စေချင်တယ်ဆိုတာက ပြင်းပြင်းထန်ထန် လျင်လျင်မြန်မြန်ပေါ့နော်။ ဘာလို့အရေးယူ ဆောင်ရွက်စေချင်တာလဲဆိုတော့ နောက်ထပ် နောက်ထပ်တွေ အဲလိုကျနော်တို့ အပြစ်မဲ့ပြည်သူတွေ မသေရအောင် ကျနော်တို့ ပဇီကြီးကျေးရွာလို အဖြစ်ဆိုးကြီးနဲ့ မကြုံရအောင်ပေါ့နော်”