ထီးချိုင့် တိုက်ခိုက်မှုအတွင်း အရပ်သား နှစ်ဆယ်နီးပါး သေဆုံး
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ လတ်တလောရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2023-11-15 -
-
-
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ဖို့ကြိုးစားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုဝင်ဘာလ ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိ သေဆုံးသူ အရပ်သား ၁၉ ဦးအထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက် တစ်ရက်တည်းမှာတင် ထီးချိုင့်မြို့နယ် အလယ်တောရွာဘက်မှာ စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဆယ်ဦး သေဆုံးခဲ့သလို အလယ်တောရွာနဲ့ တစ်မိုင်နီးပါးပဲဝေးတဲ့ အင်းတိန်ရွာမှာလည်း အမျိုးသား သုံးဦး သေဆုံးခဲ့တဲ့အတွက် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့တယ်လို့ ထီးချိုင့်မြို့နယ်ထဲက အခြေအနေတွေကို ရေးသားဖော်ပြနေတဲ့ Tigyaing Revolution အဖွဲ့ ပြန်ကြားရေး တာဝန်ခံက RFA ကိုပြောပါတယ်။
"အလယ်တောမှာ သူတို့ (စစ်ကောင်စီ) ဘက်က ဘာသတင်းရလို့လဲတော့ မသိဘူး။ ချကြဲသွားတာ။ တစ်နေရာတည်းကိုမှ ဆယ်ယောက်လောက်အထိ ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျန်တဲ့လူတွေကတော့ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ သူတို့ကတော့ အပြင်မှာထိုင်နေပြီးတော့မှ စကားပြောနေတဲ့နေရာကို ကျသွားတာ။ အင်းတိန်ကျတော့ ဆိုင်ကယ်စီးနေတဲ့ ယောကျ်းလေးနှစ်ယောက်အပေါ် ကျသွားတာ"
အလယ်တောရွာက သေဆုံးသူ ဆယ်ဦးထဲမှာ အသက် ဆယ်နှစ်အောက် မိန်းကလေးတစ်ဦး အပါအဝင် အမျိုးသမီး သုံးဦး ပါဝင်ပြီး ကျန် ခုနစ်ဦးကတော့ အမျိုးသားတွေဖြစ်တယ်လို့ သူကပြောပါတယ်။
"အလယ်တောမှာ သူတို့ (စစ်ကောင်စီ) ဘက်က ဘာသတင်းရလို့လဲတော့ မသိဘူး။ ချကြဲသွားတာ။ တစ်နေရာတည်းကိုမှ ဆယ်ယောက်လောက်အထိ ပွဲချင်းပြီး သေဆုံးသွားတယ်"
နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း ကိုးတဲရွာဘက်မှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ အသက် ငါးနှစ်အောက် ကလေး သုံးဦးသေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ထီးချိုင့်ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။
"ကမ်းနီတိုက်နယ်၊ ကိုးတဲရွာမှာ နေ့လယ် ၁၂ နာရီလောက်မှာ ဗိုက်ကြီးသည် တစ်ယောက် သေတယ်။ ကလေးပေါက်စ သုံးယောက်သေတယ်။ အရပ်သား ဒဏ်ရာရတာ အကုန်လုံး ရှစ်ယောက်ရှိတယ်။ ပစ်လိုက်လို့ စာသင်ကျောင်းက သုံးခန်း ပျက်စီးတယ်"
နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း သခွတ်ချောင်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အသက် တစ်နှစ်ခွဲအရွယ် ယောကျ်ားလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုအများစုကို Mi 35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီနေရာတွေဟာ နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ နေထိုင်ကြတဲ့ရွာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့်မြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးကတော့ ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်အင်အား အများအပြားနဲ့ အထိုင်ချတပ်စွဲထားပြီး နိုဝင်ဘာလ ၁၅ ရက် မနက်ပိုင်းမှာလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ RFA ကိုပြောပါတယ်။
"ထီးချိုင့်မြို့အခြေအနေမှာတော့ သူတို့ (စစ်ကောင်စီ) က အထိုင်တပ်အနေနဲ့ ထိုးထားတယ်။ အင်အား အလုံးအရင်းနဲ့ ဖြည့်ထားတယ်။ ဖြည့်ထားပြီးတော့မှာ ထီးချိုင့်မြို့နယ်ဧရာ အရှေ့ခြမ်း၊ အနောက်ခြမ်းကို သူတို့ (စစ်ကောင်စီ) ဘက်ကနေပြီးတော့မှ သတင်းထောက်တွေလွှတ်ပြီးတော့မှ GPS တပ်ပြီးမှ နေရာ Location ထောက်ပြီးမှ အဲနေရာကို လေယာဉ်နဲ့ တိုက်ခိုက်မှုတွေလုပ်တယ်။ ဧရာအရှေ့ခြမ်းရဲ့ ထိတွေ့မှုတိုက်ပွဲကတော့ ဒီမနက် ကိုးနာရီ လေးဆယ့်ငါးလောက်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီးတော့မှ အခုနားထားတယ်။ အခြေအနေက ဆိုးနေတယ်"
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထီးချိုင့်မြို့ကို ပြန်လည် ထိန်းချုပ်ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတဲ့အကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့မှာ နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့် ပြောထားပါတယ်။
"စစ်ကိုင်းဘက်မှာတော့ ထီးချိုင့်ကို ပြန်လည်ထိန်းသိမ်းနိုင်တဲ့အခြေအနေ ရှိတယ်။ ထီးချိုင့်နား အနီးတစ်ဝိုက်မှာတော့ ဆုတ်ခွာသွားတဲ့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ရှိနေနိုင်တယ်။ ဒါတွေကို ကျွန်တော်တို့ လိုက်လံချေမှုန်းလျက်ရှိပါတယ်"
ဒါပေမဲ့ အရပ်သားတွေထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့တော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တစ်စုံတစ်ရာ ထည့်သွင်း ပြောဆိုတာမရှိပါဘူး။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးရတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ထီးချိုင့်မြို့ပေါ်နဲ့ အနီးတစ်ဝိုက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထု သုံးသောင်းနီးပါး နိုဝင်ဘာလ ၁၅ ရက် ဒီကနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။