စစ်ခေါင်းဆောင် အာဏာစွန့်ဖို့ တရုတ်တိုက်တွန်းချက် အောင်မြင်နိုင်မလား

မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လက်ရှိစစ်ခေါင်းဆောင်တွေ မစွမ်းဆောင်နိုင်ဘူးဆိုတာ တရုတ်က လက်ခံလိုက်တာကြောင့် အခုလိုတိုက်တွန်းချက်ထွက်ပေါ်လာတာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံစဉ်။ Ministry of Foreign Affairs Myanmar Photo

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာစွန့်ပြီး ရွေးကောက်ပွဲအတွက် လမ်းခင်းပေးမဲ့ ကြားဖြတ်အစိုးရတစ်ခုဖွဲ့စည်းအောင် စည်းရုံးပေးဖို့ သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇွန်လကုန်လောက်က တွေ့ဆုံချိန်မှာ ပြောလိုက်တယ်ဆိုပြီး စင်ကာပူအခြေစိုက် Channel News Asia က မနေ့က ဖော်ပြပါတယ်။

မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လက်ရှိစစ်ခေါင်းဆောင်တွေ မစွမ်းဆောင်နိုင်ဘူးဆိုတာ တရုတ်က လက်ခံလိုက်တာကြောင့် အခုလိုတိုက်တွန်းချက်ထွက်ပေါ်လာတာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

၂၀၁၀ တုန်းက အခြေအနေမျိုး ပြန်တည်ဆောက်ဖို့ တရုတ်က ကြိုးစားတာ ဖြစ်နိုင်တယ်လို့ ဒေါက်တာစိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။

“ပိုးလမ်းမစီမံကိန်း တရုတ်ရဲ့ interest ကို ဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့အတွက် ကောင်းတဲ့ အခြေအနေ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ဒီဟာရဲ့ အကောင်းဆုံးထွက်ပေါက်က ၂၀၁၀ တုန်းက ပုံစံမျိုးပေါ့နော်။ အဲလိုမျိုးအသွင်ကူးပြောင်းမယ်။ ကြားဖြတ်အစိုးရနဲ့ ပြန်တည်မယ်။ ပြီးသွားရင် ရွေးကောက်ပွဲ ပြန်လုပ်ပြီးတော့ ပြန်ပြီးတော့ အရပ်ဖက်အစိုးရကို ပြန်လွှဲပေးလိုက်ပါတယ်ဆိုတဲ့ အခြေအနေမျိုး ပြန်ဆောက်ဖို့ လိုမယ်လို့ ယူဆကြတယ်လို့ ကျွန်တော်တို့ မြင်ရပါတယ်ခင်ဗျ“

လက်ရှိ မြန်မာပြည်အခြေအနေဟာ ၂၀၁၀ ရွေးကောက်ပွဲလို အနေအထားမျိုး ပြန်ရောက်ဖို့ဆိုတာ ဖြစ်နိုင်ချေ အတော်နည်းတယ်လို့လည်း သူက ထောက်ပြပါတယ်။

စစ်ခေါင်းဆောင်က လာမယ့် ၂၀၂၅ မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ဇွန်လလယ်လောက်မှာ ထုတ်ပြောခဲ့ပြီးနောက် တရုတ်ဘက်က အခုလို ရွေးကောက်ပွဲလမ်းကြောင်းနဲ့ သွားဖို့ ထုတ်ပြောလာတာလည်း ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအနှံ့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ စစ်ကောင်စီက ထွက်ပေါက်တစ်ခုအနေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲက မအောင်မြင်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြပြောဆိုနေပေမဲ့ စစ်ကောင်စီကတော့ ‌ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာတွေကို အရှိန်မြင့်ပြီး လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံသွားမည့် သမ္မတဟောင်း ဦးသိန်းစိန်နှင့်အဖွဲ့ကို တရုတ်သံအမတ်က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် နေပြည်တော်လေဆိပ်သို့ လိုက်ပို့စဉ်။ (Photo : Chinese Embassy in Myanmar)

ဦးသိန်းစိန်ကတစ်ဆင့် အာဏာစွန့်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်ဘက်က အခုလိုတိုက်တွန်းတာ အောင်မြင်နိုင်ပါ့မလား။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ CDM တပ်မတော်သား ဗိုလ်ကြီး ကောင်းသူဝင်း က “လက်ထဲမှာ တပ်လည်း မရှိဘူး၊ အာဏာလည်း မရှိတဲ့ သူတွေရဲ့စကားကို သေချာတာတစ်ခုကတော့ မင်းအောင်လှိုင်က‌တော့ လက်ခံမှာ မဟုတ်ဘူးပေါ့နော်။ သူလက်ခံလိုက်ပြီဆိုတာနဲ့ သူ့လည်ပင်းကို ကြိုးကွင်းစွပ်ပြီးသား ဖြစ်မယ်ဆိုတာ သေချာတယ်ပေါ့။ သူ့အနေနဲ့ နောက်ဆုတ်လို့မရတဲ့အတွက် ‌ရှေ့တိုးဖို့ပဲရှိတယ်ပေါ့နော်။ နောက်ဆုံး နေပြည်တော်ပဲ ကျန်တော့တယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်သွားပြီဆိုရင်တောင် ဆက်ပြီးတော့ ခုခံဖို့လုပ်နိုင်မယ့်အနေအထားမျိုးရှိတယ်။ ဦးသိန်းစိန်ပဲ ဖြစ်ဖြစ် ဦးသန်းရွှေပဲ ဖြစ်ဖြစ်၊ ဘယ်လိုပုဂ္ဂိုလ်တွေနဲ့ပဲ သူ့ကို ပြောပြောရမယ်ဆိုတဲ့အနေအထား မရှိဘူးလို့ မြင်ပါတယ်ခင်ဗျ“ လို့ ပြောပါတယ်။

တရုတ်နိုင်ငံအခြေစိုက် မြန်မာ့ရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော ကလည်း အလားတူ သုံးသပ်ပါတယ်။

“ကျွန်မသိသလောက်တော့လေ၊ စစ်တပ်မှာ ပင်စင်ယူသွားပြီဆိုတဲ့လူတွေရဲ့ ဟိုဒင်းကို နားမထောင်တတ်ပါဘူး။ အဲတော့ ဦးသိန်းစိန် ဖျောင်းဖျလို့ ရမယ်လို့ ကျွန်မ မထင်ဘူး“

တရုတ်ရဲ့ တိုက်တွန်းချက်ဖြစ်တဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ဆိုတဲ့အချက်ဟာ စစ်ကောင်စီမှာ လုပ်ပိုင်ခွင့်မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ထောက်ပြပါတယ်။

“စစ်ကောင်စီမှာ ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ အခွင့်အာဏာလည်း မရှိပါဘူး။ NUG နဲ့ တိုင်းရင်းသား မဟာမိတ်တွေ ဘုံသဘောတူညီချက်ထုတ်ထားတဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က ပူးတွဲကြေညာချက်မှာ အတိအလင်း ပါ ပါတယ်။ စစ်ကောင်စီသည် တရားဝင်အာဏာရှိတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ ထို့ကြောင့် ပြည်သူ့အစိုးရကို အာဏာလွှဲပေးဖို့လိုအပ်မယ်"

သမ္မတဟောင်း ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံစဉ်။ (Photo : Ministry of Foreign Affairs Myanmar)

ဒါ့အပြင် မြန်မာ့အရေးကို ဖြေရှင်းဖို့ တရုတ်နိုင်ငံက ဝိုင်းဝန်းကြိုးစားပေးတာကို အသိအမှတ်ပြု ကျေးဇူးတင်ပေမဲ့ မြန်မာပြည်သူတွေရဲ့ အသံကိုလည်း နားထောင်ပြီး ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဝိုင်းဝန်းကြိုးစားပေးဖို့လည်း ဦးကျော်ဇော် က တိုက်တွန်းပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရပါဘူး။

ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုနဲ့ ပေကျင်းမှာ ပြီးခဲ့တဲ့ ဇွန်လကုန်က ကျင်းပခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနားကို တက်‌ရောက်ခဲ့တာဖြစ်ပါတယ်။ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေဟောင်းဖြစ်တယ်လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပြီး အဲခရီးစဥ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဦးသိန်းစိန်တို့ သီးသန့်တွေ့ဆုံခဲ့တာပါ။

သမ္မတဟောင်းဦးသိန်းစိန် ခရီးစဥ်အပြီး စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းလည်း တရုတ်နိုင်ငံကို နှစ်ရက်ကြာ သွားရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org