ထိုင်းက ပြန်နှင်ထုတ်တဲ့ မြန်မာဒုက္ခသည်တွေ နယ်စပ်မှာ သောင်တင်နေ

မယ်ဟောင်ဆောင်ခရိုင်ကို ထွက်ပြေးခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည်တွေထဲက ၆ဝဝ ကျော်ကို ထိုင်းအာဏာပိုင်တွေက စက်တင်ဘာလမှာ နေရပ်ပြန်ပို့ခဲ့တာပါ။

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ကရင်နီစစ်ဘေးဒုက္ခသည်များအား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။ Citizen Journalist

ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇွန်လက ကရင်နီတော်လှန်ရေးအင်အားစုတွေ နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ဒေသခံ ငါးထောင်ကျော် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။

ဒီစစ်ဘေးဒုက္ခသည်တွေထဲက ၆ဝဝ ကျော်ကို ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလက နေရပ်ပြန်ပို့ခဲ့ပြီးနောက် ကျန်တဲ့သူတွေကိုလည်း ဖိအားပေးတာတွေကြောင့် အခုနိုဝင်ဘာလဆန်းမှာ စစ်ဘေးဒုက္ခသည်တွေအားလုံး မြန်မာပြည်ဘက် ပြန်လာခဲ့ကြပါတယ်။

ဒါပေမဲ့ နေရပ်ကို မပြန်ရဲတဲ့အတွက် မြန်မာနယ်စပ်က စခန်းတွေမှာပဲ နေထိုင်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ မမီးမီးက ပြောပါတယ်။

“၂၀၂၂ ကတည်းက ရှောင်လာတာပေါ့နော်။ လွိုင်ကော်ကနေ ဖားဆောင်း၊ ဖားဆောင်းဘက်ကနေ မယ်စဲ့ အဲဒီကနေ တိုက်ပွဲဖြစ်လို့ ထိုင်းနိုင်ငံဘက်ကို ရှောင်လာတာ။ အခုတော့ ပြန်လာကြပြီပေါ့နော်၊ စစ် စစရှောင်တုန်းကဆို ရွာထဲမှာ ပေးနေတယ်၊ တချို့ကျတော့လည်း တစ်ပတ်လောက်ပဲ ပေးနေတယ်။ ပြီးရင် ပေးမနေချင်တော့ဘူး။ တခြားနေရာကို ရွှေ့ခိုင်းတယ် ရွာထဲမှာနေတာ မကြိုက်တာတို့ စျေးရောင်းတာတွေ မကြိုက်တာတို့ တချို့ဆို မောင်းပြန်ကြတယ်။ ကျွန်တော်တို့ဆို စစချင်း အဲဒီရွာခံက အိမ်တစ်အိမ်မှာနေတာပေါ့နော်။ လူတွေက ကြာလာတော့ အလုပ်မရှိတော့ စျေးတွေ ဘာတွေရောင်းကြရော။ အဲဒီတော့သူတို့က အမြင်မကြည်ရော အမြင်မကြည်တော့ ပေးမနေချင်ကြရော ပေးမနေချင်တော့ မောင်းထုတ်၊ အဲဒီတော့ စစ်ရှောင်တွေက တဲတွေ ထိုးပြီးနေကြတော့ သူတို့က မကြိုက်ပြန်ဘူး။ တဲတွေဖျက်ရမယ်ဆိုတော့ ကျွန်တော်တို့လည်း မြန်မာပြည်ဘက် ပြန်လာခဲ့ကြတာပေါ့။ ရွာလဲ မပြန်ရဲကြတော့ မြန်မာနယ်စပ်မှာပဲ တဲလေးထိုးပြီး နေကြတာပေါ့”

စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ မယုယု ကလည်း ထိုင်းအာဏာပိုင်က ပြန်ခိုင်းလို့သာ ပြန်လာခဲ့ကြပေမဲ့ မြန်မာပြည်ဘက်ခြမ်းမှာလည်း သူတို့စစ်ဘေးဒုက္ခသည်တွေ မလုံခြုံမှုနဲ့ စားဝတ်နေရေး အခက်အခဲ၊ ကျန်းမာရေးအခက်အခဲတွေ ကြုံနေရတယ်လို့ ပြောပါတယ်။

“ထိုင်းအာဏာပိုင်တွေက ပြန်ခိုင်းတာ သူတို့ပြန်ခိုင်းလို့သာ ကျွန်မတို့ စစ်ရှောင်တွေ အကုန်လုံးပြန်ရတယ်။ စစ်ရှောင်မှာပဲ နေရတာပေါ့။ တချို့ကျတော့လည်း အိမ်ပြန်နေကြတယ်။ ခပ်များများကတော့ ဒီမှာ တဲဆောက်ပြီး နေနေကြတယ်။ အခုကတော့ နေရာထိုင်ခင်း အခက်အခဲ တွေ့ရတယ်။ အခက်အခဲရှိတာပေါ့။ နေရာထိုင်ခင်းရော စိတ်မလုံခြုံမှုရော။ ပြီးခဲ့တဲ့ နှစ်ရက်ကဆို လာဝဲသွားတယ်။ စားဝတ်နေရေးပိုင်းမှာတော့ ဆန်တော့ ဖူလုံပါတယ်၊ ပညာရေး အခက်အခဲရှိတယ်၊ အရွှေ့အပြောင်းမှာလည်း တုပ်ကွေးတွေဖြစ်နေကြတော့ ဖျားနာကြတယ်။ အဓိက လိုအပ်တာက ဆေးဝါးပေါ့နော်။ ဆေးအဓိက လိုချင်တယ်”

လက်ရှိမှာ ဒီ စစ်ဘေးဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်ခြားအမှတ် B14 နား ဟိုစဲ့ရွာက စစ်ရှောင်စခန်းတွေမှာ တဲထိုးနေနေကြရတယ်လို့ ဆိုပါတယ်။ အဲဒီမှာ ထိုင်းနိုင်ငံဘက်ခြမ်းက ပြန်လာတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ အရင်ကတည်းက ရှိနေတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း ခုနစ်ထောင်နီးပါး ရှိတယ်လို့ ဆိုပါတယ်။

သူတို့ စစ်ဘေးဒုက္ခသည်တွေအတွက် ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ စတာတွေ ကူညီထောက်ပံ့တာတွေ ရှိပေမဲ့ တခြားလိုအပ်ချက်တွေ ရှိနေသေးတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးကလည်း ပြောပါတယ်။

စားနပ်ရိက္ခာရယူရန် တန်းစီစောင့်ဆိုင်းနေသည့် ကရင်နီစစ်ဘေးဒုက္ခသည်ကလေးများအား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီစစ်ဘေးဒုက္ခသည်တွေကို မြန်မာနယ်စပ်ထဲအထိ သွားရောက်ကူညီပေးနေတဲ့ မယ်ဟောင်ဆောင်မြို့က ရှမ်းတိုင်းရင်းသူ မယင်းမိုလာက ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာသာမက ပညာရေး၊ ကျန်းမာရေးအတွက်လည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။

“အခုက စစ်ဘေးရှောင်တွေ ပြန်သွားတဲ့သူတွေနဲ့ အဲဒီထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေပေါ့နော်။ အနွေးထည်တွေ စောင်တွေ အစားအစာတွေ၊ ပြီးတော့ ကလေးနဲ့ လူကြီးတွေအတွက် အာဟာရတွေ မုန့်တွေလိုတယ်၊ ပြန်သွားတဲ့လူတွေက လူအိုနဲ့ ကလေးတွေ များတယ်။ အခုက ဖျားနာတာ တော်တော်ဖြစ်ကြတယ်။ ချောင်းဆိုးတာတွေ ဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် ကူးကြတာတွေ၊ ကလေးတွေအတွက်ဆိုရင်လည်း စာသင်ဖို့ စာအုပ်တွေ ခဲတံတွေလိုတယ်၊ ”

ဒီစစ်ဘေးဒုက္ခသည်တွေဟာ အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲတွေကြောင့် နေရပ်ကို ပြန်ချင်ကြပေမဲ့ ကရင်နီပြည်နယ်အတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။ မမီးမီးကတော့ စစ်ရှောင်နေရတဲ့ဘဝ ခက်ခဲလွန်းတဲ့အတွက် အိမ်အမြန်ဆုံး ပြန်ချင်နေပါပြီလို့ ပြောပါတယ်။

“စိတ်ထဲမှာ ဒီလိုမျိုး စစ်ထပ်ရှောင်မနေချင်တော့ဘူး။ တစ်ခါတစ်ခါ စစ်ရှောင်ရတာ အရမ်းခက်ခဲပင်ပန်းတယ်။ ဖြစ်ချင်တာတော့ အိမ်ပြန်ချင်တာပေါ့နော်။ ကိုယ့်အိမ် ကိုယ့်ရွာကိုပဲ ပြန်ချင်တယ်”

ကရင်နီ (ကယား) ပြည်နယ်မှာ လူဦးရေ သုံးသိန်းနီးပါးရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲနီးပါး ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org