တစ်လမပြည့်ခင်စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာခန့် လက်နက်ချအလင်းဝင်
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာ ၂၁ ရက်နေ့အထိ လက်နက်ချအလင်းဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာလောက်ရှိခဲ့ပါတယ်။
-
RFA Burmese
2023-11-28 -
-
-
မြောက်ပိုင်းညီနောင်သုံးဖွဲ့ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး တစ်လမပြည့်ခင် နိုဝင်ဘာ ၂၁ ရက်နေ့အထိ ပြည်နယ်ငါးခုမှာ စစ်ကောင်စီဘက်က တပ်ရင်းနှစ်ရင်းအပါအဝင် လက်နက်ချ အလင်းဝင်တဲ့ စစ်တပ်နဲ့ ရဲအင်အား သုံးရာလောက် ရှိလာပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၆၈ ယောက်၊ ချင်းပြည်နယ်မှာ ခုနစ်ယောက်၊ မွန်ပြည်နယ်မှာ ၂၃ ယောက်၊ ကယားပြည်နယ်မှာ ၃၂ ယောက်နဲ့ ရခိုင်ပြည်နယ်မှာ ၃၀ နီးပါးဖြစ်ပါတယ်။ အဲဒီအပြင် ချင်းပြည်နယ် ရိခေါ်ဒါရ် တိုက်ပွဲအပြီးနဲ့ သီးဘွာလ် တပ်စခန်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ပြီးတဲ့အချိန်မှာ အိန္ဒိယနိုင်ငံ ထဲကို ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော်ရှိတယ်လို့ အိန္ဒိယအခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။
ဒီစာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ၊ RFA က စုံစမ်းမေးမြန်းချက်တွေအရ ငါးဦးနဲ့အထက် လက်နက်ချ အလင်းဝင်တဲ့သူ အရေအတွက်ကိုပဲ RFA က ပြုစုထားတာဖြစ်ပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ကံမိုင်းဒေသမှာ အင်အား ၄၁ ယောက်ပါဝင်တဲ့ (ခလရ -၁၄၃) တပ်ရင်းတစ်ရင်းလုံး မြောက်ပိုင်းညီနောင် သုံးဖွဲ့ဆီမှာ လက်နက်ချခဲ့ပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်အထူးဒေသ ရှီးရှမ်းခရိုင်၊ မန်လော်မြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၁၂၉) တပ်ရင်း တစ်ရင်းလုံးဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို ဆက်သွယ်ပြီး လက်နက်ချ ပူးပေါင်းခဲ့တယ်လို့ MNDAA ပြောခွင့်ရှိသူက RFA ကို အတည်ပြုထားပါတယ်။ အဲဒီအဖွဲ့မှာ တပ်ရင်းမှူးအပါအဝင် အင်အား ၁၂၇ ယောက် ပါဝင်ပါတယ်။
အဲဒီနေ့မှာပဲ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး အပါအဝင် ခုနစ်ယောက်က ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီမှာ လက်နက်ချ အဖမ်းခံခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက နိုဝင်ဘာ ၁၃ ရက်နေ့မှာ RFA ကို အတည်ပြုထားပါတယ်။
မွန်ပြည်နယ်မှာလည်း ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၂၃ ယောက် နိုဝင်ဘာ ၁၃ ရက်နေ့က လက်နက်ချအညံ့ခံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က အဲဒီနေ့မှာပဲ ထုတ်ပြန်ပါတယ်။
ကယားပြည်နယ်မှာတော့ လွိုင်ကော်တက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၂ ယောက်က နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ဆီမှာ လက်နက်ချခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က နိုဝင်ဘာ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာလည်း အပေါက်ဝရွာရဲစခန်းက စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဆယ်လောက်ဟာ ရက္ခိုင့်တပ်တော် (AA) ဆီမှာ လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာ ၁၃ ရက်နေ့က လက်နက်ချခဲ့တယ်လို့ မျက်မြင်တွေက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ NUG အစိုးရကနေကြိုဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေကလည်း ကြိုဆိုတယ်"
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခုလို လက်နက်ချအလင်းဝင်လာတာတွေကိုကြိုဆိုပြီး နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ NUG အစိုးရကနေကြိုဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေကလည်း ကြိုဆိုတယ်။ ကျွန်တော်တို့အနေနဲ့က ဂျနီဗာကွန်ဗင်းရှင်းနဲ့အညီ ဖမ်းဆီးမိတဲ့စစ်သုံ့ပန်းတွေကို ကျွန်တော်တို့တွေ ကောင်းကောင်းမွန်မွန် ထားရှိတယ်၊ ပြုစုတယ်။ ဆေးဝါးကုသပေးတယ်ဆိုတာလည်း အားလုံးကို တွေ့ရှိနေကြပြီ ဖြစ်တယ်"
စစ်ကောင်စီဘက်က တိုင်းရင်းသားနယ်မြေတွေမှာ အလွယ်တကူ စစ်ကူ မပေးနိုင်တာကြောင့် အခုလို စခန်းစွန့်ခွာထွက်ပြေးတာ၊ လက်နက်ချအလင်းဝင်တာတွေ များလာတာလို့ CDM လေတပ်ဗိုလ်ကြီး ဇေသူအောင်က သုံးသပ်ပါတယ်။
"အဓိက ကတော့ ဒီတိုင်းရင်းသားနယ်မြေတွေမှာရှိနေတဲ့တပ်စခန်းတွေကို စစ်ကောင်စီ အနေနဲ့ လွယ်လင့်တကူ စစ်ကူပေးနိုင်မှုမရှိဘူး။ သူတို့မှာ စစ်ကူ ပေးနိုင်တာက လေကြောင်းနဲ့ အမြှောက်ပဲ ရှိတာပေါ့။ အဲလိုမျိုးဆိုတော့ သူတို့တိုက်ပွဲမှာ ကြာရှည် တောင့်ခိုင်နိုင်မှုမရှိတာရော၊ ပြီးရင် စစ်ကောင်စီရဲ့ ကိုယ့်ရဲ့လက်အောက်ငယ်သားတွေ အပေါ်မှာ စာနာစိတ်မရှိတာရော၊ အဲဒီအချက်တွေကြောင့်မို့လို့ လက်နက်ချမှု ပိုများတယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ရပါတယ်"
အခုလို လက်နက်ချအလင်းဝင်တဲ့အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်နေတဲ့ ဒေါက်တာ အောင်မျိုးကို မေးမြန်းတဲ့အခါ တပ်ရင်း တစ်ရင်းလုံး လက်နက်ချအလင်းဝင်တဲ့ ဖြစ်ရပ်ဟာ မိသားစုဝင်တွေ အကျပ်ကိုင်ခံရတာကြောင့်လို့ ပြောပါတယ်။
"အဲဒါကပြောရမယ်ဆိုရင်တော့ လက်နက်ချတဲ့ပုံစံကိုကြည့်လိုက်မယ်ဆိုရင် ပထမတစ်ချက်က မိသားစုပေါ့နော်။ ဒီကလေးတွေကို အကျပ်ကိုင်လိုက်တာကြောင့် အဖေတွေ လက်နက်ချလိုက်ရတာကို သွားတွေ့တယ်လေ။ အဲဒီတော့ ဒါက မဆန်းတဲ့ဖြစ်စဉ်ပေါ့နော်။ သူ့သားသမီး၊ ကိုယ့်သားသမီး အကုန်လုံးက ဒီလိုပဲ ဖြစ်မှာပေါ့နော်။ အဲဒီတော့ တစ်ခုရှိတာက နောင်ကိုတော့ ဒီလိုမဖြစ်အောင်က နောင်ဌာနချုပ်တွေကို အဲလိုမျိုးတွေမှာတော့ (မိသားစုဝင်တွေ) ထားဖို့ မသင့်တာပေါ့"
ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရုံးက နိုဝင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ လက်နက်ကိုင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့၊ ဖမ်းဆီးရမိထားတဲ့ သူတွေကို လူသားဆန်ဆန် ဆက်ဆံဖို့နဲ့ လက်စားချေတာ မလုပ်ဖို့၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Jeremy Laurence က တိုက်တွန်းထားပါတယ်။
လွတ်လပ်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာလူ့အခွင့်အရေးကွန်ရက် (BHRN) အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကလည်း တော်လှန်ရေးအင်အားစုတွေအနေနဲ့ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေတွေကို လိုက်နာဖို့အရေးကြီးတယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့ လူ့အခွင့်အရေးရှုထောင့်ကပြောရမယ်ဆိုရင်ပေါ့နော်၊ ဒီမှာ ဂျနီဗာကွန်ဗင်းရှင်းဆိုတာ ရှိတယ်ပေါ့နော်။ စစ်မြေပြင်မှာဖြစ်လာတဲ့ ဒီတိုက်ပွဲတွေ၊ နောက်ရလာတဲ့ ဒီသုံ့ပန်းတွေ၊ အဲဒါတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာဥပဒေတွေ ရှိတယ်ပေါ့ဗျာ။ ဒီဥပဒေတွေကိုတော့ နှစ်ဖက်လုံးက လိုက်နာကျင့်သုံးဖို့ လိုအပ်တယ်"
တိုင်းရင်းသားဒေသတွေမှာ ဖမ်းမိထားတဲ့ စစ်တပ်ကအရာရှိတွေနဲ့တပ်ဖွဲ့ဝင်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံထိမ်းသိမ်းထားတဲ့ ရုပ်သံဖိုင်တွေ၊ ဓာတ်ပုံတွေလည်း ဆိုရှယ်မီဒီယာတွေမှာ ပေါ်ထွက်နေတာတွေ့ရပါတယ်။ နောက်ထပ်လည်း ပြည်သူ့ဘက်ကိုပါလာမယ့် တပ်ဖွဲ့ဝင်တွေရှိနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်သလို၊ ပါဝင်လာဖို့ တိုက်တွန်းထားတဲ့ ကြေညာချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။