အသွားအလာကန့်သတ်တဲ့ မြို့နယ်တချို့မှာ ဒေသခံတွေ အခက်အခဲနဲ့ ရင်ဆိုင်ရ

ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ များလာတာကြောင့် နေအိမ်မှာပဲ နေထိုင်ကြရေး အစီအစဉ်မှာ ထည့်သွင်းလိုက်တဲ့ မြို့နယ် ၁၀မြို့နယ်မှာ အဝင်အထွက် ပိတ်ဆို့တာတွေကြောင့် သွားလာရေးနဲ့ စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

အသွားအလာကန့်သတ်ခံရတဲ့ မြို့နယ်တွေထဲမှာပါတဲ့ ရန်ကုန်မြို့ တာမွေမြို့နယ်က အောင်တေဇလမ်းထိပ်မှာ လူတွေစောင့်နေတာကို တွေ့ရစဉ် Photo: CJ

ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ များလာတာကြောင့်  နေအိမ်မှာပဲ နေထိုင်ကြရေး အစီအစဉ်မှာ ထည့်သွင်းလိုက်တဲ့ မြို့နယ် ၁၀မြို့နယ်မှာ အဝင်အထွက် ပိတ်ဆို့တာတွေကြောင့် သွားလာရေးနဲ့ စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ ဧပြီ ၂၉ရက် မနက်အထိ အတည်ပြုလူနာ အယောက် ၁၅၀ ရှိနေပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းက ၁၁၆ ယောက် ပါဝင်တဲ့အတွက် အရေအတွက် အများဆုံးဖြစ်ပါတယ်။

အဲဒီလိုတွေ့ရှိခဲ့တဲ့ ရန်ကုန် ၂၆ မြို့နယ်ထဲက လူနာအများဆုံး ၁ဝ မြို့နယ် ဖြစ်တဲ့ တောင်ဥက္ကလာ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း ၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ တာမွေနဲ့ ဗိုလ်တထောင်တို့ကို  အသွားအလာ ကန့်သတ်ပိတ်ဆို့တဲ့အမိန့် အစိုးရက ထုတ်ပြန်ပြီး ပိုးကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နေပါတယ်။

ရပ်ကွက်တချို့မှာ လမ်းတွေကို လုံးဝပိတ်လိုက်တာ၊ ပြင်ပကနေ အစားအသောက် လာပို့တာတွေကိုတောင် အဝင်မခံတာ၊ အခြားရပ်ကွက်က လူတွေကို အဝင်မခံတာမျိုးတွေကြောင့် ရပ်ကွက်နေပြည်သူတွေ အခက်အခဲ ဖြစ်နေပါတယ်။

တာမွေမြို့နယ်မှာ နေထိုင်တဲ့ ကိုသက်ဆွေဝင်းက သူတို့ဆီမှာ အလားတူ ရင်ဆိုင်နေတယ်လို့  ပြောပါတယ်။

“အမိန့်ကြေညာချက် ထွက်ထွက်ပြီးချင်း ညဘက်မှာထင် ကျောက်မြောင်းဘက်မှာရော တာမွေမြို့နယ်က ရပ်ကွက်အတော်များများမှာ အကုန် Lockdown လုပ်တယ်ဆိုပြီး အကုန်လိုက်ပိတ်လိုက်တယ်၊ ပိတ်တယ်ဆိုတာ တခြားမြို့နယ်တွေလို့ မောင်းတံနဲ့ ပိတ်တာမဟုတ်ဘဲ လမ်းတွေမှာ လူသွားလို့မရ ကားသွားလို့မရအောင် အသေပိတ်လိုက်တာမျိုးတွေ ဖြစ်ကြတယ် နေရာအတော်များများမှာ၊ အဲနေ့ညကတည်းက ပြဿနာတွေတတ်ကြတယ်၊ နောက်ရက်တွေမှာလည်း လူတွေပြောကြတာတွေဖြစ်တယ်၊ သွားဖို့လာဖို့အတွက်ကို ခက်ခဲကုန်ကြတယ်၊ တချို့ရပ်ကွက်တွေဆို လွန်လွန်ကျူးကျူး လုပ်ပါလိုက်တာတွေရှိတယ်၊ လူတွေဈေးသွားဖို့အတွက် ထွက်လို့မရတာမျိုးတွေရှိတယ်၊ အပြင်ကလူတွေ အထဲဝင်လိုမရတာမျိုးတွေရှိတယ်၊ အစားအစာလာပိုတဲ့သူတွေ ပစ္စည်းလာပို့တဲ့လူတွေ ဘယ်သူမှ ဝင်လို့မရတာမျိုးတွေရှိတယ်၊ ”

လမ်းထဲဝင်ထွက်ဖို့ ဝင်ပေါက်တခုပဲ ဖွင့်ထားတဲ့ တာမွေမြို့နယ် ဗျိုင်းကွက်သစ်ရပ်ကွက်ထဲက လမ်းတစ်လမ်းမှာ ဆိုရင် အဲဒီဝင်ပေါက်မှာ လူတွေ တခါတရံ စုပြုံနေတတ်တာကြောင့် ပိုးကူးစက်ဖို့ လွယ်ကူတဲ့အခြေအနေ ဖြစ်နေတယ်လို့ ရပ်ကွက်နေထိုင်သူတစ်ဦးက ထောက်ပြပါတယ်။

“ကျနော်တို့ သွားဖို့ကျ နီးရပ်နဲ့ဝေးသွားတယ်၊ အမှိုက်ပစ်ဖို့အတွက် ထွက်လိုက်ရင် ဘာမှမလျောက်ရတဲ့နေရာက လမ်းပိတ်လို့ အဝေးကြီးကို လျှောက်ရတယ်၊ လူတောထဲသွားနေရတယ်၊ လူစည်တဲ့ဘက်ကို ရွှေ့လိုက်သလိုဖြစ်နေတယ်၊ ရပ်ကွက်ထဲဈေးရောင်းတဲ့လူတွေကို လာပို့တဲ့ ပေါင်မုန့်ကားတွေဆိုလည်း ပေးမဝင်ဘူးဗျ၊ အဲမှာသွားထမ်းရတယ်၊ ကိုယ်ဘာသာကို၊ ကျနော်တို့ကတော့ မလိုလားအပ်ဘဲ အပြင်တွေထွက်နေရတာပေါ့၊ လမ်းကိုအသားလွတ် လျှောက်နေရတာပေါ့၊ လမ်းပေါ်လျှောက်သွားပြီး ရောဂါကိုလိုက်ရှာသလိုဖြစ်နေတယ်”

တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက မြို့နယ်ထဲမှာ လမ်းပိတ်ဆို့တာ မရှိဘူးလို့ ငြင်းဆိုပါတယ်။ မြို့နယ်အတွင်း နေထိုင်သူတွေကတော့ ရပ်ကွက်တွေထဲမှာ လမ်းပိတ်ဆို့ထားတာတွေကြောင့် အခက်တွေ့နေရပါတယ်။

တာမွေမြို့နယ် ပြည့်သူကွန်ရက် ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာဆိုရင် လမ်းတွေပိတ်တာ၊ ရေသန့် အပါအဝင် စားသောက်ကုန်တွေလာပို့တဲ့လူတွေကို အဝင်မခံတာ၊ အပြင်ကနေ လာသူတွေကို  ပေးမဝင်တာ၊ ရပ်ကွက်တစ်ခုကနေ နောက်ရပ်ကွက်ထဲ အိမ်ပြောင်းတာကို ထောက်ခံစာတွေ တောင်းတာကြောင့် အခက်အခဲဖြစ်တာစတဲ့ မကျေနပ်တာတွေ ရေးသားထားတာ တွေ့ရပါတယ်။

အခုလိုလမ်းပိတ်တာတွေဟာ အုပ်ချုပ်ရေးမှူးတွေ နားလည်မှုလွဲပြီး ဆောင်ရွက်နေတာကြောင့် ပြန်ဖွင့်နိုင်ကြဖို့ စီစဉ်နေတယ်လို့ တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောပါတယ်။

“ထွေအုပ်က ညွှန်ကြားတဲ့အခါမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တချို့ကလည်း လုပ်တဲ့ကိုင်တဲ့နေရာမှာ ပုံစံမကျဘူး။ အမှန်မှာ Semi lockdown လုပ်ရမှာ၊ အဲမှာသူတို့က အရမ်းပိတ်တာတို့ တစ်လမ်းလုံးပိတ်တာတို့၊ တစ်ချို့ရေသန့်တို့ ဘာတို့တောင် ဝင်ခွင့်မပေးဘူးဆိုပြီး တိုင်ကြတာပေါ့နော်၊ အဲတာနဲ့ ပတ်သက်ပြီး လိုက်ဖြေနေတယ်၊ တချို့ကလည်း အုပ်ချုပ်ရေးမှူးက ဒီလောက်မဟုတ်ဘူး လမ်းကော်မတီတွေက ပိုလုပ်တာတွေရှိတယ်၊ ဒီလိုမျိုး လုပ်လို့မရဘူးဆိုတာကို တစ်ရပ်ကွက်ချင်း လိုက်ဖြေနေတယ်၊ သဘောတရား နားမလည်အခါကျ အကုန်ပိတ်လိုက်တာကို ဒီလိုလုပ်လို့မရဘူးဆိုတာကို လိုက်ဖြေနေတယ် ”

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားချက်ထဲမှာ လမ်းပိတ်ဆို့ဖို့မပါဘူးလို့ ကျောက်မြောင်း အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝေကျော်အောင်က ပြောပါတယ်။

“ကျနော်တို့ ထွေအုပ်ကညွှန်ကြားတာက ရေသန့်ကားတွေ အမှိုက်သည်တဲ့ကားတွေ၊ ကုမ္ပဏီကားတွေကို ခွင့်ပြုရပါတယ်၊ လမ်းကို အသေပိတ်လို့မရပါဘူး၊ အဲတာလုပ်ခွင့်မရှိပါဘူး၊ အဲလိုလည်း မညွှန်ကြားပါဘူး၊ ထွေအုပ်ကညွှန်ကြားတာက တလမ်းမောင်းပုံစံမျိုး သတ်မှတ်ထားတဲ့ ဒီဘက်ကဝင် ဟိုဘက်ကထွက်ဆိုတာမျိုး စာကပ်ထားတယ်၊ ဝင်တာထွက်တာကို ကျနော်တို့စစ်ဆေးတယ်၊ ကိုယ်ရပ်ကွက်က မဟုတ်ရင်တော့ ဘယ်ကလာသလည်းဆိုတာတော့ စစ်ဆေးတာပေါ့ ”

ဧပြီ ၂၉ ဒီနေ့မနက်အထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့စာရင်းတွေအရ ရန်ကုန်တိုင်းထဲမှာဆိုရင် အင်းစိန်က ၂၃ ယောက်၊ တောင်ဥက္ကလာက ၁၃ ယောက်၊ မရမ်းကုန်းက  ၁၂ ယောက်၊ ဗဟန်းက ကိုးယောက်၊ ပန်းဘဲတန်းနဲ့ တာမွေမြို့နယ်က ခုနှစ်ယောက်စီ၊ ဗိုလ်တထောင် နဲ့ လှိုင်သာယာမှာတော့ ငါးယောက်စီ၊ ကမာရွတ်က လေးယောက်၊ မင်္ဂလာဒုံနဲ့ ရွှေပြည်သာက သုံးယောက်စီ၊ မင်္ဂလာတောင်ညွန့်-စမ်းချောင်း- မြောက်ဥက္ကလာ-မြောက်ဒဂုံ-  ဒေါပုံ- အရှေ့ဒဂုံ- သာကေတ-ကျောက်တံတား-လှိုင်မြို့နယ်တွေမှာ နှစ်ယောက်စီ၊ မှော်ဘီ - လှည်းကူး - အလုံ - ပုဇွန်တောင်- တောင်ဒဂုံ- သင်္ဃန်းကျွန်းနဲ့ ဒဂုံမြို့နယ်တွေမှာက တစ်ယောက်စီ ပိုးတွေ့လူနာ ရှိနေတာဖြစ်ပါတယ်။

တခြားမြို့နယ်တချို့မှာလည်း အလားတူ အခက်အခဲတွေ ကြုံနေရသူတွေလည်း ရှိပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို RFA က မေးမြန်းဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တိုင်းဒေသကြီးညွှန်ကြားချက်မရှိဘဲ ရပ်ကွက်အလိုက် အပိုင်းအလိုက် ပိတ်ဆို့တာတွေ၊ ကန့်သတ် တားဆီးတာတွေ မလုပ်ဖို့ ပြီးခဲ့တဲ့ဧပြီလ ၂ ရက် နေ့ရက်စွဲနဲ့ အစိုးရက ညွှန်ကြားချက် ထုတ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org