စစ်ခေါင်းဆောင်တွေ ပြိုလဲဖို့ သေချာနေပြီဖြစ်ကြောင်း အထူးအကြံပေးကောင်စီ သုံးသပ်

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ ကြိုးပမ်းမှုတွေကြောင့် ဖြစ်ကြောင်း မာဇူကီ ဒါရုစ်မန်းက သုံးသပ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ်။ AFP

ကုလသမဂ္ဂအရာရှိတွေ၊ လူ့အခွင့်အ‌ရေး ကိုယ်စားလှယ်ဟောင်းတွေနဲ့ ဖွဲ့စည်း ထားတဲ့ မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ Special Advisory Council for Myanmar (SAC-M) က မြန်မာနိုင်ငံက လက်ရှိ အခြေအနေတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘာလုပ်ပေးနိုင်မလဲဆိုတာ ဆွေးနွေးထားတဲ့ အွန်လိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီလ ၃၀ရက်နေ့က ပြုလုပ်ခဲ့ရာမှာ NUG ယာယီ သမ္မတ ဒူဝါလရှီးလ နဲ့ SAC-M အဖွဲ့ဝင် တွေ၊ နိုင်ငံတကာ တရားဥပဒေ ကျွမ်းကျင်သူတွေ၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေ တက်ရောက်ပြီး စကားပြောခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းထားတာ သုံးနှစ်ပြည့်တဲ့ ကာလအတွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုတွေ ပိုအားကောင်းလာပြီး၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တော်လှန်ရေးလှုပ်ရှားမှုတွေကို အထောက်အကူ ဖြစ်ခဲ့တဲ့အကြောင်း NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေ ပိုအားကောင်းလာပါတယ်။ နေ့ရက်တိုင်းမှာ ကျွန်တော်တို့အနေနဲ့ အောင်ပွဲခံနိုင်ဖို့ နီးကပ်လာနေပါတယ်။ NUG၊ NUCC နဲ့ CRPH တို့ဟာ ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး အလားအလာ၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တွေကို ပေးအပ်နိုင်ဖို့ တစ်စထက်တစ်စ နီးကပ်လာနေပါတယ်။ ကျွန်တော်တို့ရဲ့ ရဲဝံ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ နယ်မြေ သိမ်းပိုက်မှုတွေ လုပ်နိုင်ခဲ့ပြီး၊ စစ်အာဏာရှင် တော်လှန်ရေးရဲ့ လမ်းကြောင်း ပြောင်းသွားအောင် လုပ်နိုင်ခဲ့ပါတယ်။ မြောက်ပိုင်း ညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာနိုင်ငံတစ်ဝှမ်းက တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စိတ်အားတက်စေခဲ့ပါတယ်။”

မြန်မာစစ်တပ်ဟာ အခုအချိန်မှာ သူတို့ ရှင်သန်ရေးအတွက် ရုန်းကန်နေရတဲ့ အခြေအနေ ရောက်နေတဲ့အတွက်၊ ငြိမ်းချမ်းရေးနဲ့ သဘောတူညီချက်တွေ ရနေသယောင် သတင်းမှားတွေ ထုတ်လွှင့်ပြီး၊ အချိန်ဆွဲဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း၊ အာဏာသိမ်း သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကိုလည်း မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းနေသယောင် နိုင်ငံတကာကို ပြသမှာ သေချာတဲ့အကြောင်း၊ အဲဒီနောက် တော်လှန်ရေးအဖွဲ့တွေကို မနိုင်တဲ့အဆုံး နိုင်ငံထဲက လမ်းတံတား အဆောက်အဦ၊ အခြေခံ အဆောက်အဦတွေကို ဖျက်ဆီးပြီး ပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ နှိမ်နှင်းမှုတွေ လုပ်လာမှာ ဖြစ်တဲ့ကြောင်း NUG သမ္မတ ဒူဝါလရှီလက ပြောသွားပါတယ်။

ဆက်လက်ပြီး SAC-M အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ အကြီးအကဲ ဟောင်း မာဇူကီ ဒါရူစမန်က ပေးပို့တဲ့ သတင်းလွှာထဲမှာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အတွင်း တိုးတက်မှုနဲ့ လက်ရှိ အခြေအနေတွေကို သုံးသပ်တင်ပြသွားပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ဟာ မြန်မာနိုင်ငံက တော်လှန်ရေးအတွက် အလွန်အရေးကြီးတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ အစောပိုင်းက မြန်မာနိုင်ငံမှာ ပဋိပက္ခအခြေအနေတွေ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတဲ့ အခြေအနေကြောင့်၊ နိုင်ငံတကာက စစ်ကောင်စီနဲ့က ပုံမှန် ဆက်ဆံရေးတည်ထောင်ဖို့ စဉ်းစားလာတဲ့အထိ ဖြစ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက မကြာခင် ရွေးကောက်ပွဲ လုပ်ပေးတော့ မလိုလို ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတစ်ဝက်လောက်ကိုပဲ ထိန်းချုပ်ထားနိုင်တဲ့အကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဝန်ခံပြောကြားခဲ့တဲ့နောက် အပြောင်းအလဲ စဖြစ်လာပါတယ်။ စစ်ကောင်စီရဲ့ ဘီလူး စစ်ကြောင်းဟာ မကွေးနဲ့ စစ်ကိုင်းမှာ သတ်ဖြတ်မှုတွေ တိုးလုပ်လာပြီး၊ ပြည်သူ အမြောက်အမြား သေဆုံးခဲ့ရတဲ့ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ တစ်ဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ခဲ့ပေမဲ့ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေက ပြိုလဲမသွားပါဘူး။ အဲဒီနောက် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ နောက်ပိုင်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် မြန်မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ အင်အားစုတွေ သမိုင်းဝင် အောင်မြင်မမှုတွေ ရခဲ့ပါတယ်။ စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မြို့ရွာတွေကို ပြန်မသိမ်းယူနိုင်တာ ထင်ရှားလာပါတယ်။ အခုဆိုရင် တော်လှန်ရေး အင်အားစုတွေဟာ ရှမ်းမြောက်၊ ကချင်၊ ချင်း၊ စစ်ကိုင်း၊ ကရင်နီ နဲ့ ကရင် ပြည်နယ်တွေမှာ မြို့ပေါင်း ၃၅ မြို့ကို သိမ်းယူနိုင်ခဲ့ပြီး၊ ထောင်နဲ့ ချီတဲ့ စစ်ကောင်စီ တပ်သားတွေ လက်နက်ချခဲ့ပါတယ်။ စစ်ကောင်စီဟာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေနဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကိုလည်း ဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။ စစ်ရေး လှုပ်ရှားမှုတွေ လုံးဝ ပြောင်းလဲသွားပါတယ်။”

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ ကုန်းကြမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့က သိမ်းယူပြီးနောက်၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားသည့် ပုံအား တွေ့ရစဉ်။ (Photo : The Kokang)

မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုဟာ ဒီမိုကရေစီ အင်အားစုတွေရဲ့ ကြိုးပမ်းမှုတွေကြောင့် ဖြစ်ကြောင်း မာဇူကီ ဒါရူစမန် က သုံးသပ်ပါတယ်။

“ဒီ တိုးတက်မှုတွေကို စစ်ရေးရှုထောင့်တစ်ခုတည်းက ကြည့်ရင် မှားယွင်းပါလိမ့်မယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ မတိုင်ခင်ကတည်းက၊ ဒီမိုကရေစီ အင်အားစုတွေရဲ့ စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံမှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေ ရှိခဲ့တာကြောင့်သာ ၁၀၂၇ စစ်ဆင်ရေးနဲ့ အခြား ထိုးစစ်တွေ ဖြစ်လာခဲ့တာပါ။ ဒါက စစ်ပွဲသက်သက် မဟုတ်ပါဘူး။ တော်လှန်ရေးဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ပြန်ရဖို့ စိတ်ဆန္ဒကြောင့် ဒီစစ်မြေပြင်က တိုက်ပွဲတွေ ဖြစ်လာခဲ့တာပါ။ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ရည်မှန်းချက် ပြည့်ဝမှပဲ ဒီအကြပ်အတည်း ပြီးဆုံးပါလိမ့်မယ်။ စစ်ခေါင်းဆောင်တွေ အတွက်ကတော့ သူတို့ ပြိုလဲဖို့ သေချာနေပါပြီ။ ဘယ်တော့ ဖြစ်လာမလဲ ဆိုတာရယ်၊ အဆုံးသတ်မှာ ဘယ်လောက် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးမလဲ ဆိုတာပဲ မေးစရာ ရှိပါတော့တယ်။”

အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့လည်း NUG သမ္မတ ဒူဝါလရှီလက အခုလို ပြောသွားပါတယ်။

“မြန်မာစစ်တပ်ရဲ့ တပ်သားအားလုံးကိုလည်း ကျွန်တော်တို့ရဲ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းပါတယ်။ လာရောက်ပူးပေါင်းတဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို အရှက်တကွဲနဲ့ လက်နက်ချ အညံ့ခံခြင်းမျိုး မဟုတ်ဘဲ၊ တစ်စိတ်တစ်ဝမ်းတည်း စိတ်ဓာတ်နဲ့ ကြိုဆိုလက်ခံသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးတွေအားလုံးမှာ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို အကာအကွယ်ပေးဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လာမယ့် လတွေအတွင်းမှာ စစ်ရေးကျင့်ဝတ်တွေကို စောင့်စည်းလိုက်နာဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ ရထားတဲ့ စစ်ရေးအောင်မြင်မှုတွေကို မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ဖို့ အသုံးချသွားပါမယ်။ လူသားချင်းစာနာမှု အကူအညီတွေ၊ စည်းမျဉ်းစည်းကမ်းနဲ့ အစိုးရတစ်ရပ်ရဲ့ ဝန်ဆောင်မှုတွေ တိုးချဲ့ပေးအပ်သွားနိုင်ဖို့ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အသွင်ကူးပြောင်းရေးနဲ့ ပြန်လည်တည်ဆောက်ရေး အတွက် အစီအစဉ်တွေကိုလည်း အသင့်ပြင်ထားပြီး ဖြစ်ပါတယ်။”

ဆက်လက်ပြီး ကချင်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အက်စသာ ဇီနော်က မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခ တိုက်ခိုက်မှုတွေကြောင့် လူသားချင်း စာနာမှုအကူအညီလိုအပ်မှု အခြေအနေတွေအကြောင်းနဲ့ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကို တင်ပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org