စစ်ကောင်စီနဲ့ဆက်နွယ်သူတွေကို လူမှုရေးဒဏ်ခတ်တဲ့ လှုပ်ရှားမှု အရှိန်မြင့်လာ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူအရေအတွက် တနေ့တခြားတိုးလာနေပါတယ်။ ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေကို မခံမရပ်နိုင်တဲ့ ပြည်သူတွေဘက်က အာဏာသိမ်းစစ်ကောင်စီရဲ့ မိသားစုဝင်တွေ၊ ဆက်နွယ် ပံ့ပိုးနေသူတွေကို လူမှုရေးအရ ပြစ်ဒဏ်ခတ်တဲ့ လှုပ်ရှားမှုတခု အရှိန်အဟုန်နဲ့ ထွက်ပေါ်လာပါတယ်။
-
ဂျူလိုင်မျိုး(ဝါရှင်တန်ဒီစီ)
2021-03-30 -
-
-
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသူတွေ၊ စစ်အာဏာရှင်စနစ်ကို ကန့်ကွက်တဲ့ လက်နက်မဲ့ ပြည်သူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းသတ်ဖြတ်နေတဲ့အတွက် သေဆုံးရတဲ့ အရပ်သား ပြည်သူအရေအတွက် တနေ့တခြားတိုးလာနေပါတယ်။ ပြည်သူတွေကို ဒီလို ရက်ရက်စက်စက် ဖြိုခွင်း သတ်ဖြတ်နေတဲ့အတွက် စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ အသိုင်းအဝိုင်းကို နိုင်ငံတကာအစိုးရတွေက ဒဏ်ခတ်ပိတ်ဆို့ အရေးယူနေသလို ပြည်သူတွေကလည်း Social Punishment လို့ခေါ်တဲ့ လူမှုရေးအရ ပြစ်ဒဏ်ခတ်တဲ့ လှုပ်ရှားမှုတခုကို အရှိန်အဟုန်နဲ့ လုပ်ဆောင်လာကြပါတယ်။
လူမှုရေးအရ ပြစ်ဒဏ်ခတ်တဲ့ Social Punishment ဆိုတာက ... စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ဆက်နွယ်နေသူတွေကို ပြည်သူတွေက လူမှုအသိုင်းအဝိုင်းကနေ ဝိုင်းဝန်းဖယ်ကြဉ်ကြတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ဒီလိုဖယ်ကြဉ်ရာမှာ စစ်ကောင်စီနဲ့ ပတ်သက်သူတွေ ထောက်ခံသူတွေကို လူမှုကွန်ရက် အသုံးပြုသူအချင်းချင်း သူငယ်ချင်းအဖြစ်က ဖယ်ရှားဖို့ အသိပေးရှောင်ကြဉ်တာ၊ လူမြင်ကွင်းမှာ ဓာတ်ပုံကပ်တာ၊ လူတွေကြားထဲ မျက်နှာမဖော်နိုင်အောင် ရှုတ်ချပစ်ပယ်တာ အစရှိတဲ့ နည်းလမ်းပေါင်းစုံပါဝင်ပါတယ်။
ဒီလို ပြစ်ဒဏ်ခတ်ခံရသူတွေထဲမှာ စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ ညီမ- မန္တလေး ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးလဲ တယောက် အပါအဝင်ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အမိန့်အတိုင်း မန္တလေးဆေးရုံကြီး ပြန်ဖွင့်နိုင်ဖို့ ဆောင်ရွက်ခဲ့တဲ့ ဒေါက်တာစုစုဒွေး အပါအဝင် ဆရာဝန်တွေကို Social Punishment လုပ်တဲ့အနေနဲ့ သူတို့ ဓာတ်ပုံတွေပါတဲ့ ဗီနိုင်းတွေကို မတ်လ ၂၃ ရက်နေ့က မန္တလေးမြို့နေရာ အတော်များများမှာ ချိတ်ဆွဲခဲ့ကြပါတယ်။
ဒီလို ဖယ်ကြဉ်ခြင်းအားဖြင့် စစ်တပ်နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်း မိသားစုတွေကို ဖိအားဖြစ်စေပြီး သူတို့အတွက် ကျင်လည်စရာ လူမှုရေးနယ်ပယ် ကျဉ်းမြောင်းလာစေတယ်လို့ Generation Wave ရဲ့ ဥက္ကဋ္ဌ ကိုမိုဃ်းသွေးက ဆိုပါတယ်။
"လူတွေအပေါ် ကို ပြည်သူလူထုတွေအပေါ်ကို မတရားအကြမ်းဖက်တဲ့လူတွေ အနိုင်ကျင့်တဲ့လူတွေရဲ့ မိသားစုလို့ သူတို့ တံဆိပ်တပ်ခံလိုက်ရတာ ဖြစ်တယ်။ အထူးသဖြင့်ဆိုရင် စစ်ခေါင်းဆောင်တွေ ဗိုလ်ချုပ်တွေ ထိပ်ပိုင်းခေါင်းဆောင်တွေ အလယ်အလတ် ခေါင်းဆောင်တွေရှိမယ်။ ဆန္ဒပြတဲ့ သူတွေကို မြေပြင်မှာ ဖြိုခွင်းနေတဲ့ ညွှန်ကြားနေတဲ့ ကွပ်ကဲနေတဲ့ ခေါင်းဆောင်တွေ ရှိတယ်ပေါ့ဗျာ။ ဒီလူတွေရဲ့ မိသားစုတွေ အသိုင်းအဝိုင်းတွေကို target (ပစ်မှတ်) ထားပြီးတော့ Social Punishment လုပ်တဲ့ဟာတွေက သူတို့ရဲ့ အကြမ်းဖက်မှုတွေ သူတို့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို တနည်းအားဖြင့် ဖိအားဖြစ်စေတယ်။ အဲ့ဒါမျိုး မထိခိုက်စေချင်ဘူးဆိုရင် ကိုယ်ရဲ့ဆွေမျိုးသားချင်း မိသားစုက စစ်ကောင်စီထဲမှာ ပါနေတာ စစ်တပ်ထဲမှာ ပါနေတာရှိလို့ရှိရင် တားဆီးရမယ် ကန့်ကွက်ရမယ် ဆန့်ကျင်ရမယ်ပေါ့"
ပြည်တွင်းမှာ ဒီလိုလှုပ်ရှားမှုတွေ ရှိလာနေသလိုပဲ နိုင်ငံရပ်ခြားရောက် မြန်မာတွေကလည်း သက်ဆိုင်ရာနိုင်ငံတွေက စစ်တပ်နဲ့ ဆက်နွယ်သူတွေကို လူမှုရေးအရ ပြစ်ဒဏ်ခတ်တဲ့ လှုပ်ရှားမှုတွေ လုပ်လာပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ သားသမီးတွေ လူကြားထဲမှာ ခေါင်းမဖော်နိုင်အောင် လူမှုရေးပြစ်ဒဏ်ခတ်တာကို ပြင်းပြင်းထန်ထန်လုပ်နေကြတယ်လို့ ဂျပန်နိုင်ငံရောက် အမည်မဖော်လိုသူ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။
" မန္တလေးမှာ ကြယ်စင်လေးကို ပစ်မိန့်ပေးခဲ့တဲ့ စစ်ထောက်ချုပ် ကျော်စွာလင်းရဲ့သမီး နန်းလင်းလဲ့ဦး တက်ရောက်နေတဲ့ Toyo University( တိုရို တက္ကသိုလ်)ရှေ့မှာ သူ့ပုံနဲ့ Social Punishment လုပ်ဖို့ စာရွက်တွေသွားကပ်တယ်။ စာရွက်တွေ သွားကပ်တဲ့အခါ နန်းလင်းလဲ့ဦးက သူတက်နေတဲ့ ကျောင်းရဲ့ အကြီးပိုင်းတွေကို တိုင်တဲ့အခါမှာ ကျနော်တို့က ကျောင်းမှာ ပြောရေးဆိုခွင့်ရှိတဲ့ လူတယောက်ကို Social Punishment လုပ်ဖို့ ထိရောက်အောင် ဘယ်လိုလုပ်ရမလဲလို့ မေးတဲ့အခါမှာ ဂျပန်တွေရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း Sign(လက်မှတ်)တွေ လိုပါတယ်လို့ ပြောပြီး Sign(လက်မှတ်)ထိုးဖို့အတွက် စာရွက်တွေ ပေးလိုက်ပါတယ်။ မတ်လ ၃ ရက်နေ့က။ မတ်လ ၁၄ ရက်နေ့မှာ ဒီကျောင်းထဲကို ဝင်ပြီးတော့ တိုရိုတက္ကသိုလ်မှာ တက်ရောက်နေတဲ့ စစ်အာဏာရှင်သမီး နန်းလင်းလဲ့ဦးကို အရေးယူနိုင်ရန် လူတွေထိုးလိုက်တဲ့ Sign ပေါင်း ၁၂ဝဝ ကျော်ကို ကျနော်တို့ ကျောင်းထဲကို ဝင်ပေးပါတယ်။ မတ်လ ၁၈ ရက်နေ့မှာ နန်းလင်းလဲ့ဦးက ဂျပန်ပြည်ကနေ အစောင့်တွေနဲ့ ပြန်သွားတယ်လို့ ကျနော်တို့ ကြားရပါတယ်"
စစ်အာဏာရှင်စနစ် ပျက်သုန်းဖို့ ဆိုရင် စနစ်တခုတည်းတင်မကဘဲ အဲဒီစနစ်ထဲမှာ ပါနေတဲ့ မိသားစု အသိုင်းအဝိုင်းတွေကိုပါ ဖော်ထုတ်ပြစ်တင်ရှုတ်ချဖို့ လိုအပ်တယ်လို့ သြစတေးလျနိုင်ငံက မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ဦးထွန်းအောင်ရွှေက RFA ကို ပြောပါတယ်။ မတ်လအလယ်တုန်းက သြစတေးလျ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး တောင်းဆိုဆွေးနွေးခဲ့စဉ်ကလည်း စစ်ကောင်စီနဲ့ ပတ်သက်သူတွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
" ဒီစစ်အုပ်စုကို ဒဏ်ခတ်အရေးယူမှုတွေ လုပ်ပေးပါ။ လုပ်တဲ့အခါမှာလည်း ဒီစစ်အုပ်စုဝင်တွေမဟုတ်ဘူး။ သူတို့ရဲ့ မိသားစုတွေ အဆက်အနွယ်တွေ Associate တွေ အားလုံးရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ထည့်သွင်းစဉ်းစားပေးပါ။ အခုလက်ရှိ ဒီလူတွေကိုလည်း ဗီဇာတွေမပေးဖို့အပြင် အခုလက်ရှိ သြစတေးလျမှာ ဗီဇာနဲ့ နေနေတဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အဆက်အနွယ်တွေကိုလည်း ဗီဇာတွေ ရုပ်သိမ်းပြီးတော့ တိုင်းပြည်က နှင်ထုတ်ပေးပါလို့ ကျနော်တို့ ပြောခဲ့ပါတယ်ဗျ။ ဒီစစ်အာဏာရှင်တွေဆိုတာက သူတို့အသားထိမှ သူတို့နာတယ်။ သူတို့ အမျိုးထိမှ သူတို့နာတယ်။ ဒါမှ သူတို့က ပတ်ဝန်းကျင်ကို ပြန်သတိထားမိတာ။ မဟုတ်ရင် ဘယ်သူ့ကိုမှ လူမထင်တဲ့ လူမျိုးတွေဗျ။ အခု Social Punishment ကျင့်သုံးလိုက်တော့ ကျနော်တို့ အခုကြားနေရပြီလေ။ သားလုပ်တဲ့သူက အဖေကို စွန့်လွှတ်တယ်ဆိုတဲ့ ဟာမျိုးတွေ။ သူတို့သားသမီးတွေ ထိလာတော့ ထိတ်ထိတ်ပြာပြာဖြစ် နိုင်ငံခြားကနေ ပြန်ခေါ်ကြတယ်ဆိုတဲ့ ဟာတွေပေါ့နော်။ ဒီတော့မှ သူတို့က လူထုအပေါ် သူတို့ ဘယ်လောက်ရက်စက်ခဲ့တယ်။ လူထုအပေါ်မှာ သူတို့ ဘယ်လို ယုတ်မာတယ်ဆိုတာ သူတို့ပြန်စဉ်းစားဖို့ အခြေအနေက ပေးလာနိုင်တာပေါ့နော်။ "
ဒီလိုပြစ်ဒဏ်ခတ်ခံရတဲ့အထဲမှာ စစ်အာဏာသိမ်းမှုအပေါ် မျက်ကွယ်ပြု နှုတ်ဆိတ်နေကြတဲ့ နာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်ပါတယ်။ စစ်တပ်အသိုင်းအဝိုင်းနဲ့ ဆက်နွယ်တဲ့ follower သန်းနဲ့ချီရှိတဲ့ နာမည်ကျော် ဘလော့ဂါ၊ မော်ဒယ်နဲ့ သရုပ်ဆောင်တချို့ကို လူထုက Social Punishment လုပ် ဆန့်ကျင်ကြတဲ့အတွက် follower အရေအတွက် တဟုန်ထိုး ကျသွားတာတွေ၊ လက်ရှိ လက်တွဲအလုပ်လုပ်နေတဲ့ ကုမ္ပဏီတွေဘက်က ကြော်ငြာ ဌားရမ်းထားမှုတွေ ရပ်ဆိုင်းလိုက်တာတွေ ရှိလာပါတယ်။ အလားတူပဲ ဘလော့ဂါတွေဘက်ကလည်း စစ်တပ်၊ ရဲနဲ့ ဆက်စပ်သူတွေနဲ့ လက်တွဲ အလုပ်မလုပ်တော့ကြောင်း ကြေညာတာမျိုးတွေ တွေ့လာရပါတယ်။
အမည်မဖော်လိုသူ ခရီးသွားဘလော့ဂါတဦးက စစ်တပ်နဲ့ဆက်နွယ်နေသူတွေအတွက် အလုပ်မလုပ်တော့ဖို့ အခိုင်အမာ ဆုံးဖြတ်ထားတယ်လို့ RFA ကို ပြောပါတယ်။
" ဒီပွဲမှာ ကြားနေဆိုတာ မရှိဘူး။ ရှင်းရှင်းပြောရရင် ဓမ္မနဲ့ အဓမ္မ ဆိုတာပဲ ရှိတယ်။ အဲဒီတော့ အဓမ္မဘက်မှာ ရပ်တည်တဲ့ ဘယ်သူကိုမဆို လူတိုင်းက Social punishment လုပ်ကို လုပ်ရမယ်။ အမရဲ့ Page မှာလဲ အမကြေညာထားတယ်။ စစ်တပ်အသိုင်းအဝိုင်း စစ်ကောင်စီ အသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး အလုပ်မလုပ်တော့ဘူးလို့ တင်ထားတာရှိတယ်။ အမကတော့ သူတို့ကို ဆန့်ကျင်သွားမယ်။ အမြဲတမ်း ဆန့်ကျင်သွားမယ်။ အမသေတဲ့အထိ သူတို့ စီးပွားရေးတွေကို Support မလုပ်ဘူးလို့ အမ သန္နိဌာန်ချထားတယ်"
ဒီကာလမှာပဲ လူမှုရေးပြစ်ဒဏ်ခတ်ရမယ့် သူတွေရဲ့ စာရင်းကို ရှာဖွေဖော်ထုတ်ပြုစုထားတဲ့ ဝက်ဘ်ဆိုက်တွေ Application တွေလဲ ပေါ်ထွက်လာပါတယ်။ www.socialpunishment.com ဆိုတဲ့ ဝက်ဘ်ဆိုက်မှာဆိုရင် လူမှုရေးပြစ်ဒဏ်ခတ်ဖို့အတွက် ဓာတ်ပုံ၊ ကိုယ်ရေးအချက်အလက်နဲ့ မိသားစုဝင်တွေကို ဖော်ပြခံထားရတဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၁၂ဝ ကျော်ရှိပါတယ်။ ဒီအထဲမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း တို့လို စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေ ပါသလို ဒေါ်သက်သက်ခိုင်၊ ဦးမြင့်သူ၊ ဖဒိုမန်းငြိမ်းမောင် တို့လို စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ယုန်လေး၊ နေခြည်ဦး၊ ရွှေအိမ်စည် အစရှိတဲ့ လူသိများသူတွေလဲ ပါပါတယ်။ ဒီလူပုဂ္ဂိုလ်တွေအနေနုဲ့ စစ်ကောင်စီနဲ့ ဆက်စပ်ပတ်သက်ခြင်း ရှိမရှိကို RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။ ဒီလိုဖော်ပြထားတဲ့အပေါ်မှာလည်း တစ်ဦးချင်းအနေနဲ့ တုံ့ပြန်ပြောကြားတာတွေကိုရရှိဖို့လည်း RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီး အကြမ်းဖက်သတ်ဖြတ်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီမှာ တာဝန်ယူထားသူတွေကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ နော်ဝေ အပါအဝင် နိုင်ငံတော်တော်များများက စီးပွားရေး ပိတ်ဆို့ပြီး ဒဏ်ခတ်အရေးယူထားပါတယ်။
မတ်လ ၂၂ ရက်နေ့က အီးယူ ဥရောပသမဂ္ဂက စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင် ၁၀ ဦးအပြင် စစ်ကောင်စီက ဖွဲ့စည်းတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသစ် အပါအဝင် ၁၁ ဦးကို ပိတ်ဆို့ အရေးယူခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွဲရာမှာ တာဝန်ရှိတဲ့ စစ်ကောင်စီရဲချုပ် ဒု-ဗိုလ်ချုပ်ကြီး အောင်စိုးနဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ နှစ်ဦးကို အမေရိကန် ပြည်ထောင်စုရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းအရေးယူခဲ့ပါတယ်။ မတ်လ ၁၀ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားနဲ့သမီး ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း ၆ ခုကို အမေရိကန်အစိုးရက ဒဏ်ခတ် အရေးယူခဲ့ပါတယ်။
RFA ကနေ သီးခြားပြုစုထားတဲ့စာရင်းအရ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် နိုင်ငံအနှံ့မှာ သေဆုံးသူ ၅ဝဝ ဝန်းကျင် ရှိလာပြီဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ အချက်အလက် အတိအကျ ရရှိထားတဲ့စာရင်းဖြစ်ပြီး၊ ပိုင်ရှင်မဲ့နဲ့ စစ်ကောင်စီတပ်က သယ်သွားတဲ့စာရင်းတွေ အတိအကျ မရသေးတာကြောင့် သေဆုံးသူဦးရေ ဒီ့ထက်မက များနိုင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားတဲ့စာရင်းမှာတော့ ဖေဖော်ဝါရီ ၁ ရက်ကနေ မတ်လ ၂၉ ရက်နေ့အထိ သေဆုံးသူစုစုပေါင်း ၅၁ဝ ရှိတယ်လို့ ဖော်ပြထားပါတယ်။