စစ်တပ်အာဏာသိမ်းအပြီး ခြောက်လအကြာ မြန်မာနိုင်ငံ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကအာဏာသိမ်းခဲ့တာ အခုဆိုအချိန် ခြောက်လ ပြည့်ခဲ့ပါပြီ။ ဒီခြောက်လတာ ကာလအတွင်းမှာ စစ်ကောင်စီက နိုင်ငံကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းနိုင်ခြင်း မရှိသေးသလို ပြည်သူတွေဟာလည်း အဘက်ဘက်က ဆင်းရဲဒုက္ခမျိုးစုံနဲ့ ပိုမိုရင်ဆိုင်နေကြရတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားစဉ်။ File Photo: AFP

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကအာဏာသိမ်းခဲ့တာ အခုဆိုအချိန် ခြောက်လ ပြည့်ခဲ့ပါပြီ။ ဒီခြောက်လတာ ကာလအတွင်းမှာ စစ်ကောင်စီက နိုင်ငံကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်း နိုင်ခြင်း မရှိသေးသလို ပြည်သူတွေဟာလည်း အဘက်ဘက်က ဆင်းရဲဒုက္ခမျိုးစုံနဲ့ ပိုမိုရင်ဆိုင်နေကြရတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

နိုင်ငံရေးအခြေအနေ

မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ဦးဆောင်ကျင်းပခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာ အခုဆိုရင် အချိန်ခြောက်လပြည့်ခဲ့ပါပြီ။

အာဏာသိမ်းစစ်ကောင်စီက သူတို့ဟာ အာဏာသိမ်းခဲ့တာမဟုတ်ဘဲ ဥပဒေနဲ့အညီ အာဏာကို ထိန်းထားခဲ့ တာသာဖြစ်ကြောင်းပြောဆိုပေမယ့် ဒီအချက်ကို ဒီနေ့အချိန်အထိ ဘယ်သူကမှ လက်ခံတာ မတွေ့ရပါဘူး။

စစ်ကောင်စီဟာ အာဏာစသိမ်းချိန်ကတည်းက ဒီနေ့အထိ ပြည်သူတွေရဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ဆန့်ကျင်မှုတွေ ကြုံတွေ့နေရပြီး အုပ်ချုပ်ရေး အထမြောက်ဖို့နဲ့ တည်ငြိမ်မှုရအောင် ကြိုးစားနေရဆဲလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီး ခြောက်လကာလအတွင်းမှာ စစ်ကောင်စီဟာ မြို့ကြီးတွေမှာ အင်အားသုံးပြီး တည်ငြိမ်မှု ရအောင် ထိန်းထားနိုင်ပေမယ့် ရေရှည် တည်ငြိမ်မှုရအောင်လုပ်ဖို့ ခက်ခဲနေဆဲပဲလို့ ဆွီဒင်နိုင်ငံမှာ နေထိုင်တဲ့ မြန်မာ့အရေးလေ့လာသူ ဥပဒေပညာရှင် ရှေ့နေ ဦးအောင်ထူးက သုံးသပ်ပါတယ်။

"တိုင်းပြည်ကို တကယ်တမ်း တည်ငြိမ်အောင် အုပ်ချုပ်နိုင်ဖို့အတွက်ကျတော့ အားကောင်းတဲ့၊ မျှတတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်အပေါ်မှာ အခြေခံပြီးတော့မှ တိုင်းပြည်အဆောက်အအုံယန္တရားတွေ ပုံမှန်လည်ပတ်နိုင်တဲ့ အခြေအနေရှိတော့မှ တိုင်းပြည်အတွက် ရေရှည်တည်ငြိမ်မယ့်အုတ်မြစ်ကို ချနိုင်မယ်လို့ပြောရမှာဖြစ်တယ်။ သို့သော် ဒီနေ့အချိန်မှာ သိကြတဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လူထုအများစုက လက်မခံတော့ဘူး။ နိုင်ငံရေးအင်အားစုတွေ လက်မခံတော့ဘူး၊ ဆိုတဲ့အခါ ကျတော့ ၂၀၀၈ အောက်ကနေပြီးတော့မှ စစ်ကောင်စီက တည်ငြိမ်မှုရဖို့ဆိုတာ ဖြစ်ကိုမဖြစ်နိုင်တော့ဘူး။ ဒါကြောင့် အခုအာဏာသိမ်းတဲ့ ခြောက်လကာလကို ပြန်သုံးသပ်ကြည့်တဲ့အခါမှာ ယာယီအားဖြင့် စစ်ကောင်စီဘက်က မြို့ပြတွေကို ပြန်လည်ထိန်းချုပ်နိုင်တယ် ဆိုသော်ငြားလည်းပဲ တကယ်စစ်မှန်တဲ့ တည်ငြိမ်ငြိမ်းချမ်းမှု မရနိုင်ဘူး။ ရဖို့အလားအလာလည်း မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်"

စစ်အာဏာသိမ်းပြီး အချိန်ခြောက်လပြည့်ဖို့ ရက်ပိုင်းအလို ဇူလိုင်လ ၂၆ ရက်နေ့မှာပဲ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်တဲ့အကြောင်း စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတာဝန်ရှိသူတွေကတော့ ဒီကြေညာချက်ဟာ တရားမဝင်ဘူးလို့ တုံ့ပြန်ထားပါတယ်။

ဒီ့မတိုင်ခင်ကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ တည်ဆဲဥပဒေတွေကိုချိုးဖောက်ပြီး မဲသမာမှုဆောင်ရွက် ခဲ့တာတွေ ရှိလို့ဆိုပြီး တရားမျှတတဲ့ရွေးကောက်ပွဲ မဟုတ်ကြောင်း စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက မကြာခဏ ပြောဆိုခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥပဒေကို ချိုးဖောက်ပြီး မဲမသမာမှုတွေ လုပ်ခဲ့တဲ့ NLD ပါတီကို ဥပဒေနဲ့အညီ အရေးယူမယ့် ကိစ္စကို ကော်မရှင်က ဆုံးဖြတ်သွားမယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့် ကတော့ စစ်ကောင်စီက NLD ပါတီအပေါ် ပစ်မှတ်ထားတာတွေကို တောက်လျှောက်ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

"လက်နက်တွေနဲ့ဝင်လာပြီးတော့ ရပ်ကျေးဆိုင်းဘုတ်တွေ၊ မြို့နယ်ဆိုင်းဘုတ်တွေနဲ့ တချို့နေရာတွေမှာ ဆိုင်းဘုတ်တွေကိုလာပြီး ဖျက်ဆီးသွားတာတွေ၊ အလံတွေကို ဖြုတ်ချသွားတာတွေ၊ NLD ရုံးတွေကိုဝင်ပြီး စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေ၊ ကွန်ပျူတာတွေကို သယ်ချင်သလိုသယ်၊ သုံးချင်သလိုသုံးတာတို့၊ နောက်ပြီး ကျွန်တော်တို့ရဲ့ NLD အလုပ်အမှုဆောင်နဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်တယ်လို့ ယူဆချက်နဲ့ NLD တွေကိုပဲ ပစ်မှတ်ထားပြီးတော့ နည်းမျိုးစုံနဲ့ ဖမ်းတာတွေရှိတယ်။ သတ်ပစ်တာတွေ ရှိတယ်။ ညှဉ်းဆဲတာတွေ ရှိတယ်။ တချို့ဆိုလည်း ရှောင်တိမ်းနေရတာတွေ ရှိတာပေါ့။ နောက် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်တွေဆိုရင်လည်းပဲ လွတ်မြောက်တဲ့နေရာတွေနဲ့ လုံခြုံတဲ့နေရာတွေမှာ ရှောင်တိမ်းပြီးတော့ နေနေရတဲ့အနေအထားမှာ ရှိတယ်"

စစ်ကောင်စီဟာ အာဏာသိမ်းချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထိပ်ပိုင်းခေါင်းဆောင်တွေကို ဒီနေ့အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ ရုံးချုပ်ကို စစ်တပ်နဲ့ လုံခြုံရေးရဲတပ်ဖွဲ့တွေက ၂၀၂၁၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့စဉ်

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်ဆန္ဒပြမှုတွေကို အင်အားသုံး ပစ်ခတ်နှိမ်နင်းတာတွေနဲ့ ရိုက်နှက်ဖမ်းဆီးတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် လူငယ်တွေဟာ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။

အဲဒီလို ရွေးချယ်သွားကြတဲ့အထဲမှာ တက္ကသိုလ်ကျောင်းသားလူငယ်တွေကအစ လူသိများထင်ရှားတဲ့ နိုင်ငံကျော် နာမည်ကြီး လူရွှင်တော်အထိ အလွှာပေါင်းစုံက လူငယ်၊ လူလတ်ပိုင်းတွေ ပါဝင်သွားကြတာကို တွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အချိန်သုံးလအလွန် ကာလကနေ စပြီး နိုင်ငံတစ်ဝန်း အာဏာသိမ်းစစ်တပ်ကို ရရာလက်နက်တွေနဲ့ တိုက်ခိုက်တော်လှန်မှုတွေမှုတွေ ဒီနေ့အချိန်အထိ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ထူထောင်ခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~

စီးပွားရေးအခြေအနေ

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းကို အများဆုံးပေးနေတဲ့ ပြည်တွင်းက စက်ရုံ၊ အလုပ်ရုံတွေ ပိတ်သိမ်းတာတွေနဲ့ လုပ်ငန်းအပြည့်အဝ မလည်ပတ်နိုင်တာတွေ တဖြည်းဖြည်း များလာခဲ့ပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ရဲ့ ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့တဲ့ ၂၀၂၀ ခုနှစ်က ပြည်တွင်း အသားတင် ထုတ်လုပ်မှုဟာ အပေါင်း ၃ ဒဿမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာကနေ အခုအချိန်မှာတော့ အနုတ် ၉ ဒဿမ ၈ ရာခိုင်နှုန်းအထိ ထိုးကျသွားတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ရဲ့ ဇွန်လက ထုတ်ပြန်တဲ့သတင်းလွှာမှာလည်း ဇွန်လအထိ မြန်မာနိုင်ငံမှာ ယာယီပိတ်သိမ်းတဲ့ စက်ရုံတွေနဲ့ အပြီးသတ်ပိတ်သိမ်းလိုက်ရတဲ့ စက်ရုံပေါင်း ၅၂ ခုအထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။

အခုလက်ရှိလည်ပတ်နေတဲ့ စက်ရုံတွေဟာလည်း စစ်အာဏာမသိမ်းခင်က ပြည်ပက ကြိုတင်အမှာတွေ ကြောင့် လည်ပတ်နေရတာဖြစ်ပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်ပက ကြိုတင်အမှာတွေ နည်းသွားတာကြောင့် စက်ရုံတွေဟာ လုပ်ငန်းအပြည့်အဝ မလည်ပတ်နိုင်တော့ဘူးလို့ အမည်မဖော်လိုတဲ့ အထည်ချုပ် စက်ရုံ မန်နေဂျာ တစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ ဇွန်၊ ဇူလိုင်အထိ အလုပ်လုပ်လို့ရနေတာက ဖေဖော်ဝါရီလမတိုင်မီက ရခဲ့တဲ့ အမှာတွေ ကျွန်တော်တို့လက်ထဲမှာ ဧပြီ၊ မေ လောက်မှာ ပစ္စည်းတွေက ကိုယ့်အစီအစဉ်အတိုင်း ရောက်လာတဲ့ ဟာလေးကို ချုပ်လို့ရနေတာ။ အခုကျွန်တော်တို့ရဲ့ စက်ရုံတစ်ခုကို ဇွန်လ ၃၀ ရက်နေ့က ပိတ်လိုက်ရပြီ။ လူပေါင်း ၅၇၀ အလုပ်လက်မဲ့ ဖြစ်သွားပြီ။ အဲဒါကျွန်တော်တို့ စက်ရုံပဲ"

ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်ပကအမှာတွေဟာ သောင်းဂဏန်းကနေ ထောင်ဂဏန်း အထိ လျော့ကျလာတာလို့ ဆိုပါတယ်။

အစတုန်းက အလုပ်သမားဝန်ထမ်းတွေမလျှော့ဘဲ ဆက်လည်ပတ်ဖို့ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ တောင့်မခံနိုင်တော့လို့ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ နှစ်ပေါင်း ၂၇ နှစ်ကာလမှာ ပထမဆုံးအကြိမ်အဖြစ် စက်ရုံ တစ်ခုကို ရပ်နားထားခဲ့ရတာလို့ အဲဒီစက်ရုံမန်နေဂျာက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာလွှဲပြောင်း ရယူချိန်က နေစပြီး လုပ်သားဈေးကွက်အခြေအနေဟာ ပိုပြီးဆိုးဝါးလာနေကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခု ဒုတိယသုံးလပိုင်းဖြစ်တဲ့ ဧပြီ၊ မေ၊ ဇွန်လတွေမှာ ဆုံးရှုံးသွားတဲ့ အလုပ်အကိုင်ပေါင်း ၁.၂ သန်းအထိ ရှိပြီး အမျိုးသမီးများတွေဟာ အမျိုးသားတွေထက် အလုပ်လက်မဲ့ဒဏ်ကို ပိုပြီးခံရတယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလို ရိုက်ခတ်မှုဒဏ်ကို စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံး ခံကြရတာဖြစ်ပြီး အဲဒီအထဲမှာ အထည်ချုပ်လုပ်ငန်း အပါအဝင် ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ဧည့်ဝန်ဆောင်မှုလုပ်ငန်းတွေဟာ အထိအနာဆုံး ဖြစ်တယ်လို့လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂၀၂၁ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာပဲ အဲဒီလုပ်ငန်းတွေရဲ့အလုပ်အကိုင်တွေဟာ ခန့်မှန်းခြေ ၃၅ ရာခိုင်နှုန်း၊ ၃၁ ရာခိုင်နှုန်းနဲ့ ၂၅ ရာခိုင်နှုန်းအထိ အသီးသီးလျော့ကျ သွားခဲ့တာလို့လည်း ဆိုပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာတစ်စောင်မှာလည်း စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ရောဂါရဲ့ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုနှုန်း နှစ်ဆ မြင့်တက်သွားနိုင်တယ်လို့ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီးနောက် ကိုဗစ်ရောဂါတွေလည်း မထိန်းချုပ်နိုင်တော့ဘဲ ပြန်လည်ဆိုးရွားလာတာကြောင့် မြန်မာ့စီးပွားရေးဟာ ပိုပိုဆိုးလာတဲ့ အခြေအနေကို ဦးတည်လာနေကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းက ဆန္ဒပြမှုတွေ၊ အလုပ်သမားပြတ်တောက်မှုတွေ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေနဲ့ ကျန်းမာရေး၊ ပညာရေး ယိုယွင်းပျက်စီးမှုတွေကြောင့် စီးပွားရေး အဓိက ထိခိုက်နေရတယ်လို့ လည်း ကမ္ဘာ့ဘဏ်က ပြောပါတယ်။

" ခြုံငုံပြီး သုံးသပ်ရရင်တော့ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများကတော့ လက်ရှိမှာ တုံ့နှေးနေတာကို ကျွန်တော် မြင်ပါတယ်"

ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်း ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအချို့ ထွက်ခွာဖို့ ပြင်ဆင်နေကြသလို၊ စီပွားရေးလုပ်ငန်းတွေအားလုံး တုံ့နှေးနေတာတွေ့ရတယ်လို့ ပြောပါတယ်။

"ကိုဗစ်ဖြစ်နေတဲ့ကာလလည်းဖြစ်တယ်။ တစ်ဘက်ကလည်း တပ်မတော်က နကစကို အာဏာလွှဲပြောင်း လိုက်တယ်ပေါ့နော်။ လွှဲပြောင်းလိုက်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က တဖြည်းဖြည်းနဲ့ ဘဏ်လုပ်ငန်းတွေမှာ ကြီးမားစွာ ရိုက်ခတ်မှု ဖြစ်သွားတယ်ပေါ့နော်။ လက်ရှိကလည်း ပြည်ပရင်းနှီး မြှုပ်နှံမှုတချို့ကလည်း လုပ်ငန်းတွေ ရပ်ပြီး ပြန်လည်ထွက်ခွာဖို့ လုပ်ကြတယ်။ ပြည်တွင်းက လုပ်ငန်း တော်တော်များများကလည်း ဆက်လက်ရပ်တည်ဖို့ အတွက် အခက်အခဲတွေ ရှိတယ်ပေါ့နော်။ စီးပွားရေးနဲ့ ပတ်သက်ရင်တော့ တော်တော် လုပ်ရကိုင်ရခက်တဲ့ အနေအထားလို့ မြင်ပါတယ်။ ခြုံငုံပြီး သုံးသပ်ရရင်တော့ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများကတော့ လက်ရှိမှာ တုံ့နှေးနေတာကို ကျွန်တော် မြင်ပါတယ်ခင်ဗျ"

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံအခြေစိုက် Amata Corporation က မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံမယ့် ဆောက်လုပ်ရေးစီမံကိန်းတွေကို ဖေဖော်ဝါရီလမှာပဲ ရပ်ဆိုင်းဖို့ဆုံးဖြတ်ခဲ့သလို ပြစ်သစ်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစု တစ်ခုဖြစ်တဲ့ Electricite de France ကလည်း စစ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖို့ ပြင်ဆင်ထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံတန်ဖိုးရှိတဲ့ ရေအား လျှပ်စစ် စီမံကိန်းတစ်ခုကို ရပ်ဆိုင်းလိုက်ကြောင်း မတ်လက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အလားတူ စစ်အာဏာသိမ်းပြီး နောက်ပိုင်းအချိန် ခြောက်လတာ ကာလအတွင်း နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ရောင်းထုတ်ခဲ့ရသလို အခြား ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေလည်း သူတို့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး ထွက်ခွာခဲ့ကြရတာကိုတွေ့ရပါတယ်။

ဒီအတောအတွင်းမှာ ပြည်တွင်းမှာလည်း ငွေကြေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်လာကြရပါတယ်။

RFA က လေ့လာချက်အရ စစ်အာဏာသိမ်းပြီး ခြောက်လတာကာလအတွင်းမှာ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းခဲ့တာကို တွေ့ရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့က အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၃၀ ရှိခဲ့ရာကနေ အာဏာသိမ်း ခြောက်လနီးပါးကာလ ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ ၁၆၄၀ ကျပ်အထိ တက်သွားခဲ့တာပါ။

အာဏာသိမ်းမှုနောက်ပိုင်း တစ်ဆက်တည်းမှာပဲ လူတစ်ဦးချင်းစီအတွက် ဘဏ်တွေက ငွေထုတ်ယူမှုကို စစ်ကောင်စီက တဖြည်းဖြည်းကန့်သတ်ခဲ့ပါတယ်။

အာဏာမသိမ်းခင်က ဘဏ်အကောင့်ထဲကငွေတွေကို ကြိုက်သလောက် ထုတ်ယူခွင့်ရခဲ့ပေမယ့် ဇူလိုင်လဆန်းပိုင်းလောက်ကစလို့ ပြည်သူတွေကို တစ်ကြိမ်မှာ ငွေ သုံးသိန်းကျပ်သာ ထုတ်ပေးတော့ပြီး အဲဒီလို တစ်ကြိမ်ထုတ်ခွင့်ရဖို့အတွက်လည်း အချိန်တစ်လလောက် စောင့်ဆိုင်းနေကြရပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ်ကတော့ ငွေကြေးအကျပ်အတည်းကို ထိန်းညှိဖို့အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့က ဇူလိုင်လ ၂၈ ရက်နေ့အထိ အချိန် ခြောက်လတာကာလမှာ အမေရိကန်ဒေါ်လာ ၈၅ သန်းနီးပါး (၈၄,၈၀၀,၀၀၀) ကို မြန်မာကျပ်ငွေနဲ့ ထုတ်ရောင်းခဲ့ပေမယ့် ပြည်သူတွေရဲ့ ငွေကြေးကျပ်တည်းမှုတွေကို ဖြေရှင်းပေးနိုင်တာ မတွေ့ရသေးပါဘူး။

ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်း ကတော့ အခု အချိန်ခြောက်လတာကာလမှာ ငွေကြေး အကျပ်အတည်းတွေကြောင့် ပြင်ပမှာ ငွေသားနဲ့ လည်ပတ်ရတဲ့လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာလို့ သုံးသပ်ပါတယ်။

~~~~~~~~~~~~~~~~~~

လူ့အခွင့်အရေးအခြေအနေ

စစ်တပ်ကအာဏာသိမ်းထားတဲ့ အချိန်ခြောက်လတာကာမှာ စစ်ကောင်စီရဲ့လက်ချက်နဲ့ ပြည်သူတွေ သေဆုံးရတာ၊ ဖမ်းဆီးနှိပ်စက်ခံရတာတွေကိုလည်း ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတယ်လို့ လူ့အခွင့်အရေး သမားတွေက ထောက်ပြကြပါတယ်။

" လူတိုင်းက စိုးရိမ်စိတ်နဲ့ နေနေရတယ်။ လွတ်လပ်စွာ အသက်ရှင်သန်ခွင့်ဆိုတာကို ခံစားလို့မရဘူး။ မိမိတို့ကိုယ်ပိုင် ပစ္စည်းဥစ္စာ လုံခြုံစိတ်ချမှု ဘာမှမရှိဘူး "

အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) က ရှေ့နေ ဦးမင်းလွင်ဦး ကတော့ ဒီခြောက်လတာကာလမှာ မြန်မာပြည်သူတွေအားလုံး စိုးရိမ်စိတ်နဲ့ နေထိုင်နေရတဲ့အခြေအနေအထိ ရောက်သွားတာတွေ့ရတယ်လို့ ထောက်ပြပါတယ်။

" ကျွန်တော်တို့ ကလေးသူငယ်တွေပါမကျန် ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရတယ်။ အမျိုးသမီးတွေလည်း လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေခံရတယ်။ နှိပ်စက်ညှဉ်းပမ်းမှုတွေ ခံရတယ်။ ကျန်တဲ့ အမျိုးသားတွေဆိုရင်လည်း ပြောစရာ၊ ရစရာတောင် မရှိတော့ဘူး။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့အချိန်မှာ လူမဆန်စွာ စစ်ဆေးမေးမြန်းတာတွေ၊ နှိပ်စက်ညှဉ်းပမ်းတဲ့ကိစ္စတွေ ဒီကိစ္စတွေဟာ လူ့အခွင့်အရေးအနေနဲ့ ကြည့်မယ်ဆိုရင် တော်တော်ဆိုးဆိုးရွားရွားကို ဖြစ်နေတာတွေ့ရတယ်။ နောက်ပြီးတော့ တစ်ခါ လူတိုင်းက စိုးရိမ်စိတ်နဲ့ နေနေရတယ်။ လွတ်လပ်စွာ အသက်ရှင်သန်ခွင့်ဆိုတာကို ခံစားလို့မရဘူး။ လွတ်လပ်စွာ သွားလာခွင့်မရဘူး။ နောက်ပြီးတော့ မိမိတို့ကိုယ်ပိုင် ပစ္စည်းဥစ္စာ လုံခြုံစိတ်ချမှု ဘာမှမရှိဘူး။ အဲဒီလောက်အထိတောင် အခြေအနေတွေဆိုးရွားခဲ့တယ်လို့ ကျွန်တော်က ပြောချင်ပါတယ် "

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းချိန်ကပင် ဇူလိုင် ၂၇ ရက်နေ့အထိ အချိန် ခြောက်လာတာ ကာလအတွင်း စစ်ကောင်စီကြောင့် သေဆုံးသူ ၉၃၄ ဦး၊ လက်ရှိ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရသူပေါင်း ၅၃၇၀ ဦးအပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ၆၉၁၃ ဦးနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ၂၀၀၀ နီးပါးရှိနေတယ်လို့ ပြောပါတယ်။

ထိန်းသိမ်းခံနေရသူတွေထဲမှာ အသက် ၁၈ နှစ်နဲ့အောက် ကလေးသူငယ် ၁၀၄ ဦးအထိ ရှိတယ်လို့လည်း ပြောပါတယ်။

သေဆုံးမှုတွေမှာတော့ အာဏာသိမ်းမှုကို သပိတ်မှောက်ရင်းနဲ့လမ်းပေါ်မှာ သေနတ်အပစ်ခံရလို့ သေဆုံးတဲ့ သူတွေ အများဆုံးဖြစ်ပြီး စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက်ခံရလို့ သေဆုံးသူတွေလည်းရှိသလို ဘာအပြစ်မှမရှိဘဲ ပစ်သတ်ခံလိုက်ရတဲ့သူတွေလည်းပါတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားလူငယ်တွေ အများဆုံးဖြစ်ပြီး အသက် ၁၈ နှစ်နဲ့အောက် ကလေးသူငယ် ၆၁ ဦးဟာ စစ်အုပ်စုရဲ့ပစ်သတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး စာရင်းမရတာတွေလည်း ရှိတာကြောင့် အမှန်တကယ်အရေအတွက်က ဒီထက်ပိုများနိုင်တယ်လို့ AAPP ကပြောပါတယ်။

အခုဖြတ်သန်းခဲ့တဲ့ စစ်အာဏာသိမ်းမှု ခြောက်လတာကာလမှာ အရင်စစ်အစိုးရတွေထက် ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတာလို့လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။

" အင်မတန် ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ လမ်းပေါ်မှာဆန္ဒပြရင်းနဲ့ အသတ်ခံလိုက်ရတယ်၊ ပစ်သတ်ခံလိုက်ရတဲ့လူငယ်လေးတွေ အမြောက်အမြား ရှိတယ်။ အိမ်မှာနေရင်းနဲ့ပဲ ဒလံတွေရဲ့ မှားယွင်းစွာသတင်းပေးမှုတွေကြောင့် အိမ်တွေအထိလာပြီးတော့ ဖမ်းဆီးခံရတယ်၊ ပစ်သတ်ခံရတယ် ဒါမျိုးတွေရှိတယ်။ နောက်အဖမ်းခံရတဲ့လူတွေကိုလည်း ညှဉ်းပမ်းနှိပ်စက်မှု မျိုးစုံလုပ်တယ်။ ဒီကာလဟာ အင်မတန်ဆိုးဝါးတဲ့ ကာလဖြစ်တယ်။ ကျွန်တော်တို့ အာဏာရှင်အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးတယ်။ သို့သော်လည်း အခုလက်ရှိဖြစ်နေတဲ့ စစ်အာဏာရှင်က အရင်စစ်အာဏာရှင်တွေထက်ကို အင်မတန် ဆိုးဝါးတဲ့ အခြေအနေမျိုးကို ကျွန်တော်တို့ ကြုံတွေ့နေရတာ "

စစ်အာဏာသိမ်းမှုနောက်ပိုင်း သတင်းသမားတွေအပေါ် ဖမ်းဆီးမှုတွေလည်းရှိခဲ့ပါတယ်။

RFA က စုံစမ်းသိရတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အချိန်ခြောက်လအတွင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ သတင်းသမားပေါင်း ၉၀ ဦးအထိ ရှိခဲ့ပါတယ်။

အဲဒီအထဲက သတင်းသမား ၄၅ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် နောက်ထပ် ၄၅ ဦးကတော့ ဒီနေ့အထိ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် သတင်းသမား ၂၆ ဦးဟာ ဖမ်းဝရမ်းထုတ်ခံထားရလို့ ထွက်ပြေးရှောင်ပုန်းရှောင် နေကြရသလို အခြား သတင်းသမား အများအပြားဟာလည်း နေအိမ်အထိ လိုက်လံရှာဖွေခံရလို့ ဒီနေ့အထိ ထွက်ပြေးနေကြရဆဲပဲလို့ သတင်းသမားတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အချိန်ခြောက်လာတာကာလမှာ ဒီဗွီဘီသတင်းဌာန၊ မဇ္ဇျိမသတင်းဌာန၊ မြစ်ကြီးနားဂျာနယ်၊ တာချီလိတ်သတင်းအေဂျင်စီ၊ ဆဲဗင်းဒေး၊ မြန်မာနောင်း၊ ခေတ်သစ်နဲ့ The 74 Media စတဲ့ သတင်းမီဒီယာ ရှစ်ခု သတင်းလုပ်ကိုင်ခွင့် လိုင်စင် ပိတ်သိမ်းခံခဲ့ရပါတယ်။

~~~~~~~~~~~~~~~~~~

ကျန်းမာရေးနဲ့ ပညာရေး အခြေအနေ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကို ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ ပူးပေါင်းပါဝင် ခဲ့ကြတာဖြစ်ပြီး ဒီနေ့အထိလည်း အာဏာရှင်နဲ့ မပူးပေါင်းရေး CDM လှုပ်ရှားမှုကို ဆောင်ရွက်နေကြဆဲလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့လက်အောက်က မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍယန္တရားဟာ ယိုယွင်းသွားတဲ့အခြေအနေအထိ ရောက်နေတယ်လို့လည်း ဆရာဝန်တွေက သုံးသပ်ကြပါတယ်။

အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆရာဝန်တွေဟာ ပြည်သူတွေရဲ့ကျန်းမာရေးကဏ္ဍအတွက် နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။

" ဆေးကုတာတောင်မှ အကြမ်းဖက်စစ်ကောင်စီက မသိအောင် ကုနေရတဲ့အခြေအနေမျိုးထိ ရောက်နေပြီဗျ "

ဒါပေမဲ့ တစ်ဘက်မှာလည်း အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆရာဝန်တွေကို စစ်ကောင်စီက ဖမ်းဆီးမှုတွေရှိနေဆဲဖြစ်လို့ အာဏာသိမ်းမှုခြောက်လာတာကာမှာ ကုသရေးလုပ်ငန်းဟာ မှောင်ခိုလုပ်ငန်းတစ်ခုအသွင် ဖြစ်လာခဲ့တယ်လို့ မန္တလေးမြို့မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက သုံးသပ်ပါတယ်။

"လွတ်လွတ်လပ်လပ်က လုံးဝလုပ်လို့မရပါဘူး။ အခုဟာက ပြောရရင် ဆေးကုတယ်ဆိုတာ မှောင်ခို လုပ်ငန်းလို ဖြစ်နေတာပေါ့နော်။ ကျွန်တော်တို့ တစ်ခါမှမကြားဖူးတဲ့၊ ဒီနိုင်ငံအတွင်းမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ဟာမျိုးတွေ ဖြစ်နေတာပေါ့။ ဆေးကုတာတောင်မှ အကြမ်းဖက်စစ်ကောင်စီက မသိအောင် ကုနေရတဲ့အခြေအနေမျိုးထိ ရောက်နေပြီဗျ"

စာရင်းတိတိကျကျ ပြုစုထားတာမရှိပေမယ့် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် အချိန်ခြောက်လတာ ကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းပေါင်းဟာ ၈၀ ကနေ ၁၀၀ ကြားအထိ ရှိနိုင်တယ်လို့ ဆရာဝန်တွေက ခန့်မှန်းကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ တစ်စတစ်စ ယိုယွင်းနေတဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေ အတွက် ထိန်းသိမ်းနိုင်ခြင်းမရှိသေးသလို အခုလက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ်တတိယလှိုင်း အတွင်းမှာလည်း ပြည်သူတွေ နေ့စဉ်နဲ့အမျှ သေဆုံးမှုတွေကိုလည်း လျှော့ချနိုင်ခြင်းမရှိသေးပါဘူး။

အာဏာသိမ်းပြီး အချိန်ခြောက်လတာကာလမှာ ပြည်သူတွေဟာ ကိုဗစ်ကပ်ရောဂါအပါအဝင် ကျန်းမာရေး အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြရဆဲလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကောက်ယူခဲ့တဲ့ ကြားဖြတ်သန်ခေါင်စာရင်းတွေအရ မြန်မာနိုင်ငံမှာ အသက် ငါးနှစ်နဲ့အထက် လူဦးရေ လေးသန်းနီးပါးဖြစ်တဲ့ နိုင်ငံလူဦးရေရဲ့ ၈ ဒဿမ ၁ ရာခိုင်နှုန်းဟာ လုံးဝ ကျောင်းမနေဖူးသူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

အရွယ်ရောက်ပြီးသား အသက် ၂၅ နှစ်နဲ့အထက်အရွယ်တွေထဲမှာ လုံးဝကျောင်းမနေဖူးသူ တစ်သန်းနီးပါး (၉၆၀၀၀၀ ဦးခန့်) ရှိပြီး အလယ်တန်းနဲ့အောက် အဆင့်သာ တက်ရောက်ဖူးသူက နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ ၁၈ သန်းခန့်ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာ၊ ဆရာမ ဝန်ထမ်းအင်အား လေးသိန်းငါးသောင်းကျော်ထဲက ထက်ဝက်ခန့်ဖြစ်တဲ့ ဆရာ၊ ဆရာမ နှစ်သိန်းကျော်ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြပါတယ်။

ဒါပေမဲ့ တစ်နိုင်ငံလုံးမှာ စစ်ကောင်စီကို ပညာရေးဝန်ထမ်းတွေကပါ ဆန့်ကျင်နေတဲ့ကြားကပဲ ပြီးခဲ့တဲ့ ဇွန်လက တစ်နိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေကို ဖွင့်လှစ်ဖို့ကြိုးစားခဲ့ပါတယ်။

ရန်ကုန်မြို့၊ လသာမြို့နယ် အထက (၂) ကျောင်းရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေတာကို ၂၀၂၁၊ မေ ၂၆ ရက်နေ့က တွေ့ရစဉ်

စစ်ကောင်စီကထုတ်ပြန်ချက်တွေအရ တစ်နိုင်ငံလုံးမှာရှိတဲ့ကျောင်းတွေထဲက ၈၈ ဒဿမ ၁၁ ရာခိုင်နှုန်း ဖြစ်တဲ့ ကျောင်းပေါင်း ၄၂၀၈၀ ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကျောင်းတွေဖွင့်ပြီး မကြာခင် သီတင်းပတ်တွေအတွင်းမှာပဲ နိုင်ငံတွင်းမှာ တစ်စတစ်စ ကူးစက် ကျယ်ပြန့်လာနေတဲ့ ကိုဗစ်တတိယလှိုင်းကြောင့် ကျောင်းတွေအားလုံးကို ယာယီရပ်နားခဲ့ရပါတယ်။

~~~~~~~~~~~~~~~~~~

အာဏာသိမ်းခြောက်လတာကာလ ခြုံငုံသုံးသပ်ချက်

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ အချိန်ခြောက်လအထိ ကြာမြင့်လာပြီဖြစ်ပေမယ့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကဏ္ဍဟာ နေရာအနှံ့ လွှမ်းခြုံနိုင်ခြင်း မရှိသေးသလို ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေကလည်း နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းတာ၊ ဖမ်းဆီးတာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကလည်း ရပ်တန့်သွားဦးမှာမဟုတ်ဘဲ နောက်ထပ် ခြောက်လလောက်ကာလမှာလည်း ဆက်လက်ရှိ နေဦးမှာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

တစ်ဘက်မှာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ ကုန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်မှု ပြဿနာနဲ့ပါ ရင်ဆိုင်နေကြရလို့ အာဏာသိမ်းမှုခြောက်လအလွန် ကာလတွေမှာလည်း ပြည်သူတွေ အကျပ်အတည်းတွေနဲ့ ပိုမိုရင်ဆိုင်လာရဦးမှာဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org