ဖုန်းဆင်းမ်ကတ်ကတစ်ဆင့် အတိုက်အခံတွေကို ခြေရာခံဖို့ စစ်ကောင်စီကြိုးပမ်း

ဖုန်းဆင်းမ်ကတ်တွေကို နိုင်ငံသားစိစစ်ရေးကတ်နဲ့ မှတ်ပုံတင်ရမယ်လို့ စစ်ကောင်စီ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့မှ Ooredoo Myanmar ဖုန်းဆင်းမ်ကတ် အရောင်းဆိုင်တစ်ဆိုင်အား ၂၀၁၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ Photo: AFP

မြန်မာနိုင်ငံမှာ လူသန်းချီအသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား နဲ့တကွ မဖြစ်မနေ မှတ်ပုံတင်ဖို့ စစ်ကောင်စီကဖိအားပေးနေပါတယ်။

MPT ၊ Atom ၊ Ooredoo နဲ့ စစ်တပ်တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တဲ့ Mytel ကုမ္ပဏီတွေရဲ့ ဆင်းမ်ကတ်တွေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထားမှတ်ပုံတင်ရမှာပါ။

မှတ်ပုံမတင်တဲ့ ဆင်းမ်ကတ်တွေကို ပိတ်သိမ်းမယ်လို့ စစ်ကောင်စီ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့၊ နိုဝင်ဘာလ ၃ ရက်နေ့နဲ့ နိုဝင်ဘာလ ၅ ရက်နေ့တွေမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မှတ်ပုံတင်ထားတဲ့ဆင်းမ်ကတ်တွေကတစ်ဆင့် အတိုက်အခံတွေကို နောက်ယောင်ခံ လိုက်လို့ရတယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

“တယ်လီဖုန်းတွေကို သုံးပြီးတော့ ဆက်သွယ်တဲ့အခါမှာ ဘယ်သူတွေသုံးနေလဲ။ တယ်လီဖုန်းဆင်းမ်ကတ်တွေကနေပြီးတော့ လုံခြုံရေးကိစ္စတွေမှာ ဥပမာ တိုက်ခိုက်ရေး ကိစ္စတွေမှာ ဒါတွေနဲ့ ဆက်သွယ်ပြောကြားတာမျိုး ရှိတယ်ဆိုလို့ရှိရင် ဒါတွေကို နောက်ယောင်ခံလိုက်လို့ရအောင်ဆိုတဲ့ဟာ တစ်ခုပါတယ်ပေါ့နော်။ နောက်တစ်ခုကကျတော့ Remote Control Bomb ပေါ့နော်။ ဒါကိုဆင်းမ်ကတ်နဲ့သုံးပြီး ခွဲကြတာ။ ဒါကတော့ ကျနော်တို့မြန်မာပြည်တစ်ခုတည်း မဟုတ်ပါဘူး။ ဒါတွေကို ကန့်သတ်ကြီးကြပ်တဲ့ သဘောပါ”

ဒါဟာ စစ်ကောင်စီရဲ့ အာဏာတည်မြဲရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြည်သူတွေ ပိုပြီးထိခိုက်လာလိမ့်မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

“မြန်မာနိုင်ငံမှာကျတော့ အာဏာရှင်စနစ် ကျင့်သုံးနေတဲ့ အစိုးရကျတော့ အာဏာတည်မြဲရေးကိုပဲ အလေးထားကြတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် ကျနော်တို့ ပြည်သူတွေအနေနဲ့ ထိခိုက်နိုင်တယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့သူတွေကို ဖမ်းတယ်။ ဆင်းမ်ကတ်ကနေပြီးတော့ ကျနော်တို့မှတ်ပုံတင်ထားတဲ့ နာမည်တွေကို လိုက်တာရှိမယ်။ ပြီးတော့ နေရပ်လိပ်စာတွေကို လိုက်တာတွေ ရှိတယ်။ ဒီဆင်းကတ်တွေကို ကြားဖြတ်နားထောင်တာတွေ ပြုလုပ်လာနိုင်တယ်။ အဓိကပြောချင်တာကတော့ ရည်ရွယ်ချက်ပေါ်ပဲ မူတည်တယ်လို့ ကျနော်ထင်တယ်”

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားနေသူ လူငယ်တစ်ဦးကလည်း စစ်ကောင်စီဟာ သူ့ကို ဆန့်ကျင်သူတွေအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုကို ဟန့်တားဖို့ ကြိုးစားနေတာလို့ ပြောပါတယ်။

“ဖုန်းဆင်းမ်ကတ်တွေ ဖျက်သိမ်းတာလည်း အင်တာနက်တွေ ဖျက်သလိုမျိုးပါပဲ။ အဓိကကတော့ တော်လှန်ရေးသမားတွေ ချိတ်ဆက်ရ၊ ဆက်သွယ်ရ၊ ခက်ခဲအောင် သူတို့လုပ်တာပေါ့နော်။ ဒီလိုမျိုး အခက်အခဲတွေအားလုံး ရင်ဆိုင်ရပြီး တော်လှန်ရေးကို အရှုံးပေးလာချင်အောင် လုပ်တဲ့သဘောပေါ့။ ဒါပေမဲ့ ပြည်သူတွေဘက်က ကြည့်ရင်လည်း ဒီထက်ပိုပြီး ဆုံးရှုံးစရာ ဘာမှကိုမရှိတော့ဘူးလေ။ အဲဒီတော့ အဆုံးထိသွားမယ်လို့ ဆုံးဖြတ်ထားသူတွေပဲဆိုတော့ ဒီပြဿနာတွေကိုလည်း သူတို့ ရင်ဆိုင်ကျော်လွှားနိုင်ကြမှာပါ”

စစ်ကောင်စီဟာ မိုဘိုင်းဖုန်းတွေကို ကြားဖြတ်နားထောင်နိုင်ပြီး ဉာဏ်ရည်တုနည်းပညာ (AI) စနစ်နဲ့ အာဏာရှင်ဆန့်ကျင်ရေး စကားလုံးတွေကို အသံဖမ်းယူထားနိုင်ခြေရှိသလို အိမ်တိုင်ရာရောက် ဖမ်းဆီးဖို့အထိဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နည်းပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

ရန်ကုန်မြို့ရှိ ဖုန်းဆင်းမ်ကတ်အရောင်းဆိုင်တစ်ခုကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါပေမဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ခိုင်းတဲ့ စနစ်မှာလည်း ယိုပေါက်တွေရှိနိုင်တယ်လို့ သူက ပြောပါတယ်။

“ဒါကို စနစ်တကျ မလုပ်နိုင်ဘူး။ လူအင်အားလည်းမရှိဘူး။ စနစ်တကျလုပ်ခဲ့ဖူးတဲ့ လူတန်းစားလည်းမဟုတ်ဘူးလေ သူတို့တွေက အဲဒီတော့ သူတို့မှာ ယိုပေါက်တွေရှိတယ်။ Mytel ဆိုလို့ရှိရင် Register လုပ်ပြီးသား တစ်ကတ်ကို ငါးရာ၊ တစ်ထောင်နဲ့ ရောင်းနေတယ်။ အဲဒီလိုကတ်တွေဝယ်သုံး။ တခြား Telecom တွေဖြစ်တဲ့ Atom တို့ Ooredoo တို့ဆိုရင်လည်း အဲဒီလိုမျိုး ရောင်းတာတွေ ရှိတယ်။ Mytel ကတော့ အများဆုံးပေါ့နော်။ လုံခြုံရေးအရ စိုးရိမ်မှု ရှိတဲ့သူတွေက အဲဒီလိုမျိုးဝယ်သုံးတာ ကောင်းမယ်။ အဲဒီလို အကြံပေးချင်တယ်”

ဆင်းမ်ကတ်အသုံးပြုသူတွေရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၅ မှာတော့ နိုင်ငံတောာ်လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ထိခိုက်စေမယ့် သတင်းအချက်အလက် ရရှိနိုင်ဖို့ နိုင်ငံသားအခွင့်အရေး မထိခိုက်စေဘဲ ပြည်ထောင်စုအစိုးရအဖွဲ့က လိုအပ်သလို ညွှန်ကြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

"ဆင်းမ်ကတ်ကနေပြီးတော့ ကျနော်တို့မှတ်ပုံတင်ထားတဲ့ နာမည်တွေကို လိုက်တာရှိမယ်။"

ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးကတော့ လုံခြုံရေးစိုးရိမ်တဲ့အတွက် ဆင်းမ်ကတ်ကိုမှတ်ပုံတင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“လက်ရှိသုံးနေတဲ့ MPT နဲ့ Ooredoo နှစ်ခုစလုံးက ဆိုင်ကနေ မှတ်ပုံတင်ထားတဲ့ဟာကိုပဲ ဝယ်လာတဲ့ကတ်တွေ၊ ကျနော်ကိုယ်တိုင် မှတ်ပုံတင်ထားတာမဟုတ်ဘူး။ ကျနော့်မှာတော့ ထွေထွေထူးထူး ပြဿနာတော့ မရှိဘူးပေါ့နော်။ အခုထိလည်း မရှိသေးဘူးခင်ဗျ။ ဘယ်တော့ (ပြဿနာ) ဖြစ်လာမလဲတော့ ကျနော်မသိဘူး။ ဆင်းကတ် မှတ်ပုံတင်ခိုင်းတယ်ဆိုတာကလည်း အကြောင်းပြချက်မရှိဘဲ တင်ခိုင်းတာတော့ မဟုတ်ဘူးလေ။ တစ်ဖက်ကနေပြီး ဆင်းကတ်ကနေ နည်းမျိုးစုံနဲ့ နောက်ယောင်ခံ လိုက်ချင်တာတွေရှိလို့ မှတ်ပုံတင်ခိုင်းတယ်လို့ ကျနော်ကတော့ မြင်တာပဲပေါ့နော်”

စစ်ကောင်စီကတော့ မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေကိုလည်း မှန်ကန်မှုရှိအောင် စစ်ဆေးဆေးဖို့ ဆက်သွယ်ရေး အော်ပရေတာတွေကို ညွှန်ကြားထားပါတယ်။ မှတ်ပုံတင်ပြီးသား ဆင်းမ်ကတ်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ e-ID Database နဲ့ တိုက်ဆိုင်စစ်ဆေးမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုကို ကုမ္ပဏီ လေးခုက လုပ်ဆောင်နေတာပါ။ အာဏာမသိမ်းခင် ဈေးကွက်ခန့်မှန်းချက်အရ MPT ကုမ္ပဏီနဲ့ Atom ကုမ္ပဏီတို့က ဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်းစီ၊ Mytel က ၂၅ ရာခိုင်နှုန်း၊ Ooredoo က ၁၅ ရာခိုင်နှုန်းစီ အသုံးပြုသူဈေးကွက် ပိုင်ဆိုင်ထားတယ်လို့ Nikkie Asia ရဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ အတိုက်အခံအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းဖို့ ကြိုးပမ်းရာကနေ ဖုန်းဆင်းမ်ကတ်အသုံးပြုသူတွေရဲ့ အချက်အလက် မလုံခြုံမှုတွေ ဖြစ်လာပါတယ်။

ဒါ့ကြောင့် နော်ဝေအခြေစိုက် Telenor ကုမ္ပဏီက တာဝန်ခံမှုရှိတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ဖို့ Telenor Myanmar ကိုရောင်းချပြီး မြန်မာနိုင်ငံက ထွက်ခွာခဲ့တာလို့ ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် Telenor Myanmar ရဲ့ ဆက်သွယ်ရေးကွန်ရက်ကို Atom က လွဲပြောင်းရယူထားတာပါ။ အလားတူ Ooredoo Myanmar ကလည်း အခုနှစ် စက်တင်ဘာ ၈ ရက်နေ့က သူတို့ရဲ့လုပ်ငန်းကို ရောင်းချဖို့ လက်မှတ်ထိုးလိုက်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org