အာဏာသိမ်းနှစ်နှစ်ပြည့် နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်နဲ့ ဆန္ဒပြ
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ ဒီနေ့ အချိန်နှစ်နှစ် ပြည့်ခဲ့ပါပြီ။ ဒီနေ့မှာ ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းက မြို့တွေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်ကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်ခဲ့ကြပါတယ်။
-
RFA Burmese
2023-02-01 -
-
-
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ ဒီနေ့ အချိန်နှစ်နှစ် ပြည့်ခဲ့ပါပြီ။ ဒီနေ့မှာ ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းက မြို့တွေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်ကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်ခဲ့ကြပါတယ်။
စစ်တပ်ရဲ့အုပ်ချုပ်မှုကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ဈေးဆိုင်တွေကို ပိတ်ထားတာ၊ အပြင်ကိုမထွက်ဘဲနေကြတာကြောင့် မြို့တွေရဲ့ လမ်းမတွေဟာ ခြောက်ကပ်နေခဲ့တာပါ။
"ဒီလူထုသပိတ်တွေကနေ လူထုရဲ့အသံ တစ်ကမ္ဘာလုံးကြားအောင် ကျနော်တို့ ထုတ်ဖော်နေတာဖြစ်တယ်"
ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ရဲရင့်မှု၊ စည်းလုံးမှု၊ ညီညွတ်မှုတွေကို ဒီနေ့ အသံတိတ်သပိတ်ကနေ ထုတ်ဖော်ပြသလိုက်တာလို့ ရန်ကုန်သပိတ်အင်အားစုက ကိုနန်းလင်းက ပြောပါတယ်။
“ဒီနေ့ Slient Strike ပြည်လုံးကျွတ် အသံတိတ်သပိတ်ကြီးမှာလည်း ပြည်သူက ရှင်းရှင်းလင်းလင်း ထပ်ပြီးသက်သေပြတယ်။ ငါတို့ သွေးအေးမနေဘူး။ ဒီကောင်တွေကို လုံးဝအုပ်ချုပ်ခွင့် မပေးဘူး။ ဒီကောင်တွေ လှမ်းလာမယ့် ခြေလှမ်းမှန်းသမျှ၊ နိုင်ငံရေးလှည့်ကွက်မှန်သမျှ ငါတို့ပြည်သူတွေက သိပြီးသား။ ဘာမှ မပူးပေါင်းနိုင်ဘူး။ လက်မခံဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ရန်ကုန်မြို့ရဲ့ ဓာတ်ပုံတွေ၊ မုံရွာမြို့ရဲ့ ဓာတ်ပုံတွေ။ ဒါ သွေးမအေး၊ သွေးမကြောင်၊ သွေးမကွဲစတမ်း ပါဝင်နေတာကို ဒီနေ့ Slient Strike က ထပ်ပြီးသက်သေပြတယ်။ ပြည်သူရဲ့ ရဲရင့်မှု၊ ပြည်သူတွေရဲ့ စည်းလုံးမှု၊ ပြည်သူတွေရဲ့ ညီညွှတ်မှုကို Slient Strike က ထုတ်ဖော်ပြသလိုက်တယ် လို့ပဲ ကျနော်တို့ ပြောချင်ပါတယ်ဗျ”
စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန်နှစ်နှစ်အတွင်း တောင်ပေါ်၊ မြေပြန့်က တိုင်းရင်းသားအားလုံး ပိုစည်းလုံးလာကြပြီး စစ်ရေးနည်းလမ်း၊ နိုင်ငံရေးနည်းလမ်းတွေနဲ့ ဟန်ချက်ညီညီ စစ်ကောင်စီကို တော်လှန်နေတာကိုပါ တွေ့ရတယ်လို့ ကိုနန်းလင်းက ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်ဖြစ်တဲ့ ဆူးလေဘုရားအနီးတစ်ဝိုက်မှာတော့ စစ်ကောင်စီက လုံခြုံရေးအများအပြားချထားသလို စစ်ကောင်စီကို ထောက်ခံတဲ့ ဟောပြောပွဲတွေကိုလည်း မြို့တော်ခန်းမရှေ့မှာ စစ်တပ်ထောက်ခံသူတွေက ပြုလုပ်ခဲ့ပါတယ်။
အလားတူ မန္တလေးမြို့မှာလည်း ပြည်သူတွေက အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြသလို စစ်ကောင်စီထောက်ခံသူတွေကလည်း လမ်းအချို့ကိုလှည့်လည်ပြီး ချီတက်ထောက်ခံပွဲ တွေ လုပ်ခဲ့ကြတာတွေ့ရတယ်လို့ မန္တလေးမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။
“သူတို့ လည့်လှည်သွားတာပေါ့ဗျာ။ မြို့ပတ်ချာလည်တော့ မဟုတ်ဘူး။ လေး၊ ငါးလမ်းလောက်ကို စီတန်းလှည့်လည်တာမျိုး။ နေ့စားတွေပေါ့။ အဲလိုမျိုးနဲ့ သူတို့သွားတာမျိုးတော့ရှိတယ်။ ခက်တာက သူတို့က သက်သက်ဘွင်းဘွင်းကြီး ဖြစ်နေတာ။ ဘယ်ပြည်သူမှလည်း ပူးပေါင်းတာမရှိသလို သူတို့နားလည်း မကပ်ကြတော့ ဘွင်းဘွင်းကြီးဖြစ်နေတဲ့ အနေအထားမှာတော့ရှိတယ်။ လမ်းတွေ အားလုံးလည်း လူမရှိဘူးပေါ့နော်။ လူရှိတာ အခုပြောနေတဲ့အချိန်ထိ လူရှိနေတာတော့ မတွေ့ရသေးဘူး။ အဲလိုမျိုးအနေအထားတွေတော့ တွေ့ရတယ်။ စစ်တပ်က သူတို့ ပုံဖျက်ဖို့ကြိုးစားနေ ပေမယ့် ဒီတစ်ခေါက်လည်း သူတို့ ကျဆုံးသွားတယ်ပေါ့နော်”
မန္တလေးမြို့ရဲ့ လူစည်ကားရာနေရာတွေမှာ ဒီနေ့မနက် ၉ နာရီလောက်ကစပြီး တိတ်ဆိတ်ငြိမ်သက်သွားတယ်လို့ သူက ပြောပါတယ်။
ရန်ကုန်တိုင်းနဲ့ အခြားဒေသအချို့မှာ အသံတိတ်သပိတ်မှာ မပါဝင်ကြဖို့ စစ်ကောင်စီက လှည့်လည်ကြေညာခဲ့ပေမယ့် ပြည်သူတွေဘက်ကတော့ ဒီလှုပ်ရှားမှုမှာ ဆက်လက်ပါဝင် ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့တွေမှာ အသံတိတ်သပိတ်ပြုလုပ်နေချိန်မှာပဲ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ ရွှေဘိုမြို့နယ် အစရှိတဲ့ ဒေသတွေမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သပိတ်မှာပါဝင်တဲ့ လူထုရဲ့အားက တော်လှန်ရေးရဲ့ အရွေ့တစ်ခုအတွက် ကြီးမားတဲ့ အင်အားကို ယူဆောင်လာမှာလို့ ယုံကြည်ကြောင်း ယင်းမာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီက ကိုစနေက ပြောပါတယ်။
“တော်လှန်ရေးရဲ့ အရွေ့တစ်ခုကို သွားဖို့အတွက် လူထုသပိတ်တွေက အင်မတန်မှ လိုအပ်နေပါသေးတယ်။ ဒီလူထုသပိတ်တွေကနေ လူထုရဲ့အသံ တစ်ကမ္ဘာလုံးကြား အောင် ကျနော်တို့ ထုတ်ဖော်နေတာဖြစ်တယ်။ အဲတော့ လူထုသပိတ်မှာပါဝင်တဲ့ လူထုသပိတ်ရဲ့အား၊ ပြည်သူလူထုရဲ့အားဟာ ဒီတော်လှန်ရေးရဲ့ အရွေ့တစ်ခုအတွက် အင်မတန်မှ ကြီးမားတဲ့အားကို ယူဆောင်လာလိမ့်မယ်လို့ ကျနော်ကတော့ ထင်မြင်မိ ပါတယ်။ အခုချိန်အထိ နိုင်ငံရေးအရရော အင်မတန်မှ အရေးကြီးနေပါသေးတယ်“
ပြည်သူလူထုကို သတ်ဖြတ်ပြရုံနဲ့ ကြောက်လန့်မယ်လို့ စစ်ကောင်စီကထင်ခဲ့ပေမယ့် ပြည်သူလူထုကတော့ နည်းလမ်းမျိုးစုံနဲ့ပါဝင်နေပြီး အခုချိန်ထိ အားကောင်းနေဆဲ ဖြစ်တယ်လို့ ကိုစနေက ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး မီးရှို့မှုတွေကို နေ့စဉ်နဲ့အမျှခံနေကြရတဲ့ စစ်ကိုင်းတိုင်းထဲက စစ်ကိုင်း၊ မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်စတဲ့ မြို့တွေမှာတော့ ဒီနေ့ အသံတိတ်သပိတ်ကို မြို့လုံးကျွတ်ဖော်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးပိုင်းက လမ်းတွေမှာ ပြည်သူတွေ အပြင်ထွက်ကြဖို့ လိုက်လံပြောဆိုတာတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်မြို့ခံ လူငယ်တစ်ဦးဖြစ်တဲ့ ကိုမောင်စကတော့ ဒီနေ့ စစ်ကောင်စီကိုဆန့်ကျင်တဲ့ အသံတိတ်သပိတ်ဟာ စစ်ကောင်စီက ဦးဆောင်မယ့် ရွေးကောင်ပွဲကိုလည်း ဆန့်ကျင်ကြောင်း ပြသလိုက်တာပဲလို့ RFA ကို ပြောပါတယ်။
“တစ်နည်းအားဖြင့်ပြောရရင် ပြည်သူလူထုရဲ့ အာဏာတွေ၊ ကျနော်တို့ ကျောင်းသားထု ရဲ့ အနာဂတ်တွေကို မင်းအောင်လှိုင် ဦးဆောင်တဲ့ မတရားစစ်တပ်ကနေပြီးတော့ မတရားသိမ်းယူရိုက်ချိုးခဲ့တာ နှစ်နှစ်ပြည့်ပြီးလို့ မြင်ပါတယ်။ အသံတိတ်သပိတ်မှောက် ခြင်းက စစ်ကောင်စီ လုပ်ရပ်မှန်သမျှကို ဆန့်ကျင့်နေတာဖြစ်သလို ပြီးတော့ ဒီကောင်တွေ အသက်ရှုချောင်စေမယ့် ဒီတရားမဝင်ရွေးကောက်ပွဲကိုလည်း ကျနော်တို့ ပြည်သူတစ်ရပ်လုံးကို ဆန့်ကျင်ကြောင်း ပြသတာလည်းဖြစ်ပါတယ်”
ဒီစစ်အာဏာရှင်တော်လှန်ရေးမှာ ပြည်သူတွေအနေနဲ့ အားလုံးပါဝင်ပြီး ခဏတာ တော်လှန်တဲ့ စိတ်ဓာတ်နဲ့ မဟုတ်ဘဲ အာဏာရှင်အဆုံးသတ်တဲ့အထိ တော်လှန်ကြ ရမှာဖြစ်တယ်လို့ ကိုမောင်စက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ ယုံကြည်ချက်တွေကို ခိုင်ခိုင်မာမာထားပြီး ရှေ့ဆက်သွားရင် အောင်မြင်မှာဖြစ်ကြောင်း ကရင်ပြည်နယ်အခြေစိုက် ကော်သူးလေတပ်မတော် (KTL Army ) ရဲ့ ခြင်္သေ့တပ်ရင်း အထူးကွန်မန်ဒို ဗျုဟာစစ်ကြောင်း (Lion Battalion Commando) က ပြန်ကြားရေးတာဝန်ခံ ကိုထက်နေဝင်းက ပြောပါတယ်။
“ကျနော်တို့ ဒီအခိုက်အတန့်ကို အကောင်းဆုံး ကျော်ဖြတ်မယ်။ တောင့်ခံထားနိုင်တဲ့ ကောင်က နိုင်မယ်။ စိတ်ဓာတ်ပြင်းပျတဲ့ကောင်က နိုင်မှာပဲ။ ဘာပဲပြောပြော နိုင်ငံတကာမှာလည်း သံတမံရေးတွေက အရင်ကထက်စာရင် အများကြီးတိုးတက်လာပြီ။ ကျနော်တို့ ဒီအခွင့်အရေးတွေကို အမိအရဆုတ်ကိုင်ပြီးတော့ ကိုယ့်ရဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာလက်ကိုင်ထားပြီးတော့ ရှေ့ဆက်သွားမယ်ဆိုလ့ိုရှိရင် ဒီတော်လှန်ရေးက အောင်ကိုအောင်ရမယ်ဗျာ”
မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အသံတိတ်သပိတ်တွေကို ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်၊ ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းမှု နှစ်ပတ်လည်နေ့တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီကတော့ အသံတိတ်သပိတ်မှာ ပါဝင်သူတွေ၊ ပါဝင်ဖို့နှိုးဆော်သူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ကြေညာထားသလို ယခင်လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး နေအိမ်တွေ ချိပ်ပိတ်တာ၊ ဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။